Healthy Life Ad
Child

နားမှာဖြစ်တဲ့ ဝေဒနာတွေ . . .

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

နားမှာဖြစ်တဲ့ ဝေဒနာတွေအမျိုးမျိုး ရှိပါတယ်။ ပထမဆုံးကတော့ ပိုးဝင်လို့ဖြစ်တာပါ။ အဲဒီထဲမှာလည်း အမျိုးမျိုးရှိပါတယ်။ နားမှာဖြစ်တဲ့ တီဘီကတော့ အကျယ်ချဲ့ရေးပြီးသားပေါ့။နောက်တစ်ခုက ဆစ်ဖလစ်ပါ။ သူကလည်း မွေးရာပါရော၊ နောက်မှဖြစ်တာရော ဖြစ်နိုင်ပါတယ်။အဲဒီရောဂါမှာ အလယ်နားနဲ့ နားနောက်က အရိုးတွေကိုစားသွားတာ။ ဆစ်ဖလစ်မှာ ဖြစ်တတ်တဲ့ အနာ (Gumma) ဖြစ်ရင် နားစည်ပေါက်နိုင်ပါတယ်။ အလယ်နားအမြှေးမှာလည်း အနာဖြစ်နိုင်တယ်။ အလယ်နားမှာဖြစ်တဲ့ ဆစ်ဖလစ်ကို ရောဂါနာမည် တပ်နိုင်ဖို့ သွေးစစ်ရပါတယ်။ ပိုးကောင်ရှိပါတယ်ဆိုတာ သက်သေပြဖို့ အသားစအဖြေလိုတယ်။ အလယ်နား နဲ့ နားစည်မှာတွေ့ရတာတွေက တီဘီနဲ့ တူနေတယ်။တခြားပိုးကောင်တွေ ဝင်လာလို့ ပြည်ထွက်လာရင် နာတာရှည် နားပြည်ယိုတာနဲ့ တူသွားပြန်ရော။

မှိုရောဂါလည်း ဖြစ်နိုင်သေးတယ်။ ဆီးချိုရောဂါ၊ AIDS ၊ ကင်ဆာဆေးသွင်းနေရတဲ့သူ၊ စတီးရွိုက်ဆေးသုံးနေရတဲ့သူတွေ. . စတဲ့ ကိုယ်ခံအား ကျဆင်းသူတွေမှာ သူတို့က တစ်စခန်းထတတ်ကြတယ်။ မှိုရောဂါဟာ နေရာအနှံ့ ဖြစ်နိုင်သလို နားမှာ လည်းဖြစ်နိုင်ပါတယ်။ နားမှာမှ နားအရိုးမှာဖြစ်ရင် ခုခံအားကျစေတဲ့ ရောဂါတွေကို ကုရတဲ့အပြင် ဆေးလည်း တိုက်ရတယ်။ မကောင်းတော့တဲ့ အပိုင်းတွေကိုလည်း ခွဲစိတ်ပြီး ထုတ်ပစ်ရတယ်။

သွေးကင်ဆာလူနာတွေမှာလည်း နားအရိုးကို ထိခိုက်နိုင်တယ်။ ပိုးဝင်ရင်တော့ နားပြည်ယိုမယ်။ အလယ်နားမှာ အရည်စုတာမျိုးလည်းဖြစ်နိုင်တယ်။ နားစည်ကလည်း ထူလာမယ်။ နားအကြားလျော့မယ်။ အသံသယ်ဆောင်တဲ့အပိုင်း မကောင်းတာရော၊ အာရုံခံတဲ့အပိုင်း မကောင်းလို့ရော နားအကြား လျော့နိုင်ပါတယ်။ ချာချာလည်မူးတာ၊ ပါးတစ်ခြမ်း ရွဲ့သွားတာတွေလည်း ဖြစ်နိုင်ပါတယ်။

တခြားနေရာမှာ ကင်ဆာဖြစ်ပြီး နားကို အဲဒီကင်ဆာဆဲလ်တွေ ရောက်လာရင်လည်း နားအကြား လျော့တာ၊ ချာချာလည်မူးတာ ဖြစ်နိုင်ပါတယ်။ အရိုးရောဂါတွေဖြစ်ရင်လည်း နားကို ထိခိုက်နိုင်ပါတယ်။ Paget’s disease ဟာ အသက် ၄၀ လောက်လူတွေထဲက ၃ ရာခိုင်နှုန်းနဲ့ အသက် ၈၀ လောက်ထဲက ၁၁ ရာခိုင်နှုန်းလောက်မှာ ဖြစ်တာဆိုတော့ အသက်ကြီးလေ ပိုဖြစ်လေလို့ ဆိုရမယ်။အမျိုးသားတွေမှာပိုဖြစ်တယ်။ အဲဒီရောဂါဖြစ်ရင် အကြားလျော့လာမယ်၊ နားထဲမှာ အသံမြည်နေတယ်တဲ့။ အကြားအာရုံလျော့တာဟာ တဖြည်းဖြည်း ပိုပို ဆိုးလာတယ်။

နောက်အရိုးရောဂါတစ်မျိုးက Osteogenesis Impeerfecta ပါ။ အရိုးတည်ဆောက်တာ မကောင်းတော့ နည်းနည်းမှ မထိခိုက်လိုက်လေနဲ့၊ ကျိုးချင်ပြီ။အထိမခံ၊ ရွှေပန်းကန်ပေါ့။ သူတို့လည်း အကြားလျော့တာနဲ့လာတယ်။ အလယ်နားက အရိုးလေးတွေက ကျိုးကုန်လို့တဲ့။

Fibrous dysplasia ဆိုတဲ့ အရိုးရောဂါက ပုံ မှန်အရိုးနေရာမှာ ပုံမမှန်တာ အစားထိုးလို့ အရိုးကျိုးလွယ်တဲ့ ရောဂါ၊ အလယ်နားအရိုးလေးတွေကျိုးပြီး အကြားလျော့တာ။ ဂေါက်အဆစ်ရောင်ရောဂါ (Gout) ရောဂါဖြစ်ရင် နားရွက်မှာအဖုလေး ဖြစ်နေတာကို tophi လို့ ခေါ်တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်တဲ့ Autoimmune Disease တွေမှာလည်း အာရုံခံတဲ့အပိုင်းမကောင်းတဲ့ အကြားအာရုံ လျော့တာမျိုး ဖြစ်နိုင်ပါတယ်။

ခုခံအားကျတဲ့ရောဂါကို မွေးရာပါနဲ့ နောက်မှ ဖြစ်တာဆိုပြီး ခွဲထားပါတယ်။ မွေးရာပါခုခံအား ကျတဲ့ဝေဒနာရှင်တွေဟာ ရောဂါပိုးတွေကို မခုခံ၊ မကာကွယ်နိုင်တဲ့အတွက် ခဏခဏပိုးဝင်တယ်။ အလယ်နား ခဏခဏ ရောင်တယ်။ တခြား နာတာရှည်နား ပြည်ယိုတဲ့သူတွေထက် ကုရခက်တယ်။ နောက်မှ ခု ခံအားကျတာ ဥပမာ AIDS ကလည်း နားကို ထိခိုက်နိုင်တယ်။ အလယ်နားမှာအရည်စုတာ၊ လတ်တလော အလယ်နားရောင်တာ၊ နားနောက်က အရိုးရောင်တာဖြစ်နိုင်တယ်။ အလယ်နားချည်းပဲဖြစ်တာ မဟုတ်ဘူး။

အပြင်နားရောင်တာတို့၊ နားအကြား လျော့တာတို့လည်း ဖြစ်နိုင်တယ်။ HIV ပိုးဟာ အာရုံကြောတွေကို ကြိုက်တာမို့ အကြားအာရုံနဲ့ဆိုင်တဲ့ အာရုံကြောလည်း ထိခိုက်နိုင်တယ်။ အာရုံကြော နံပါတ်-၇ ကို ရေယုန်ဗိုင်းရပ်စ်က ထိခိုက်စေတာလည်း တွေ့ရတယ်။ Ramsay Hunt Syndrome လို့ ခေါ်တယ်။AIDS ဖြစ်တဲ့သူ ၂၅ ဦးရဲ့ နားအရိုးတွေကို လေ့လာကြည့်တဲ့အခါ အလယ်နားရေဝင်တာ ၆၀ ရာခိုင်နှုန်းရှိပြီး ဗိုင်းရပ်စ်တစ်မျိုး (Cytomegalovirus)ရဲ့ အစိတ်အပိုင်းတွေပါတဲ့ဆဲလ်တွေကို တွေ့ ရတယ်လို့ ဆိုပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top