Healthy Life Ad
Life Style

တကယ်ကြင်နာရက်ရောတတ်တဲ့ သူ . . .

စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက အလွန်ကူညီတတ်ပြီး တခြားသူတွေအပေါ် ကြင်နာ၊ ရက်ရောတတ်တဲ့ လူတစ်ယောက်ရှိပါတယ်။ သူက တခြားသူတွေ သူ့အပေါ် ဘာပြန်ပေးမလဲဆိုတဲ့ မျှော်လင့်ချက်တစ်စုံတစ်ရာ မထားဘဲနဲ့ တခြားသူတွေကို ကူညီတတ်သူတစ်ဦးပါ။ ပင်ကို စိတ်ထားအရ ကူညီချင်တတ်တဲ့ စိတ်စေတနာကောင်းအရကို ကူညီနေတတ်တဲ့ ပရဟိတလူသားလို့ ဆိုရမှာပေါ့ . .။

တစ်နေ့မှာတော့ သူက လူသွားလူလာများတဲ့ လမ်းမှာသွားလာရင်း ပိုက်ဆံအိတ်တစ်လုံးကို တွေ့ခဲ့တယ်။ ဒါနဲ့ ကောက်ဖွင့်လိုက်တော့ ပိုက်ဆံအိတ်ထဲမှာ ဘာငွေမှမပါတာကို သူသိလိုက်ရတယ်။ သူပိုက်ဆံအိတ်စစ်နေတုန်းမှာပဲ ရုတ်တရက်ဆိုသလို အမျိုးသမီးတစ်ဦးက ရဲနဲ့အတူ ရောက်လာပြီး “သူ ကျွန်မ ပိုက်ဆံအိတ်ခိုးယူပါတယ်” ဆိုတာနဲ့ သူ အဖမ်းခံလိုက်ရတော့တယ်။

ရဲစခန်းမှာပိုက်ဆံတွေကို ဘယ်မှာဖွက်ထားသလဲဆိုတဲ့ မေးခွန်းကို အမျိုးသမီးက တောက်လျှောက် မေးနေခဲ့ပါတယ်။
“ ကျွန်တော် အဲဒီပိုက်ဆံအိတ်ကို တွေ့တဲ့ အချိန်မှာ ဘာပိုက်ဆံမှမပါပါဘူး အစ်မကြီး” လို့ သူအခါခါဖြေတိုင်း အမျိုးသမီးက ငိုယိုပြီး “ ကျွန်မပိုက်ဆံတွေ ပြန်ပေးပါ . .အဲဒါ ကျွန်မ သားလေးကျောင်းစရိတ်ပေးရမှာ” လို့ တတွင်တွင် အော်ဟစ်နေတော့တယ်။ အမျိုးသမီး တကယ်ဝမ်းနည်းနေတာကို သူသိသွားတဲ့အခါ သူပိုင်ဆိုင်တဲ့ သူ့ငွေအားလုံး ပေးလိုက်တော့တယ်။

“ အစ်မကြီး စိတ်မသက်မသာဖြစ်နေရင် ဒီငွေတွေကို ယူသွားပါဗျာ”
အမျိုးသမီးက သူ့ငွေတွေရပြီလို့ထင်တဲ့ စိတ်နဲ့ ထွက်သွားတော့တယ်။ ရဲကတော့ သူ့ကို နောက်ထပ်မေးစရာရှိတာ ဆက်မေးနေခဲ့တယ်။
အမျိုးသမီးက သိပ်ပျော်ရွှင်စွာနဲ့ငွေတွေကို ရေတွက်လိုက်တော့ ပိုက်ဆံအိတ်ထဲက သူ့ငွေတွေရဲ့ နှစ်ဆတောင် ပိုများနေတာကို အံ့သြစွာ သိလိုက်ရတယ်။
_ _ _
တစ်နေ့မှာတော့ အဲဒီအမျိုးသမီးက သူ့သားကျောင်းစရိတ်ပေးဖို့ ကျောင်းကိုအသွား ဦးထုပ်ငိုက် စိုက်ဆောင်းထားတဲ့ အမျိုးသားတစ်ဦး သူ့နောက်က နေလမ်းလျှောက်နေတာကို သတိပြုမိခဲ့တယ်။ “ ငါ့ကို လုယက်တော့မှာပဲ”လို့ အမျိုးသမီးက တွေးပြီး အနီးအနားက ရဲသားဆီ ခပ်သွက်သွက်သွားတယ်။ ဖြစ်ချင်တော့ အဲဒီရဲသားက အရင်တစ်ခေါက် သူမ ပိုက်ဆံအိတ်ပျောက်စဉ်က ကူညီခဲ့တဲ့ ရဲသားပဲ ဖြစ်နေခဲ့တယ်။ ဒါနဲ့ “အဲဒီလူက ကျွန်မနောက်လိုက်နေတယ်” လို့ အမျိုးသမီးက ခပ်တိုးတိုးပြောနေတုန်း အဲဒီလူက ရုတ်တရက်လဲကျသွားခဲ့တယ်။ ဒါနဲ့ ရဲသားနဲ့အတူ အမျိုးသမီးလည်း အဲဒီလူဆီပြေးသွားခဲ့တော့ ပိုက်ဆံအိတ်ခိုးတယ်လို့ အရင်နေ့က စွပ်စွဲ ဖမ်းဆီးခဲ့တဲ့သူဖြစ်နေတာကို တွေ့လိုက်ရတော့တယ်။

“ ဟာ . . ဒီလူပဲ . . သူက အဲဒီနေ့က ခင်ဗျားငွေကို ပြန်ပေးခဲ့တာ မဟုတ်ဘူး၊ သူ့ငွေတွေကို ပေးခဲ့တာ၊ ပြီးတော့ သူက သူခိုးလည်း မဟုတ်ဘူး၊ ခင်ဗျားသား ကျောင်းစရိတ်တွေ ပါသွားတယ်လို့ ကြားတာနဲ့ စိတ်မကောင်းဖြစ်ပြီး သူ့ငွေတွေ ပေးခဲ့တာ . .”လို့ ရဲသားကရှင်းပြရင်း လဲကျနေတဲ့ အမျိုးသားကို မတ်တပ်ရပ်နိုင်အောင် ကူညီပေးခဲ့တယ်။ အဲဒီအချိန်မှာ အမျိုးသားကပြောလိုက်တဲ့ စကားကြောင့် အမျိုးသမီးဟာ ဘာမှ ပြန်မပြောနိုင်လောက်အောင် ကြက်သေသေသွားခဲ့တော့တယ်။

“ အစ်မကြီး သွားတော့လေ၊ ခင်ဗျားသားကျောင်း စရိတ်သွားပေးတော့ . . အစ်မကြီး ကျောင်းစရိတ် သွားပေးနေတာမြင်လို့ ဘယ်သူမှ မလုယက်နိုင်အောင် ကျွန်တော်နောက်ကနေ လိုက်စောင့်ရှောက်ပေးနေတာ .” တဲ့။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top