Healthy Life Ad
Child

၀က်သက်ရောဂါ (Measles)

ကလေး မိဘအများစုက ကျွန်မတို့ ဂျာနယ်တိုက်ကို ဆက်သွယ်ပြီး ဝက်သက်ရောဂါအကြောင်း ဖော်ပြပေးဖို့ တောင်းဆိုလာတဲ့အတွက် ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်းတာဝန်ခံ၊ အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာကျော်စွာဦးနဲ့ မေးမြန်းဆွေးနွေးဖြစ်ခဲ့ပါတယ်။
အယ်ဒီတာ

မေး ။ ။ ဝက်သက်ရောဂါက ဘာကြောင့် ဖြစ်ရတာပါလဲဆရာ။

ဖြေ ။ ။ ဝက်သက်ရောဂါက Measles Virus ဆိုတဲ့ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရတာဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်မှု အလွန်လွယ်ကူတဲ့ ရောဂါပိုး ဖြစ်ပါတယ်။ ရောဂါရှိတဲ့သူက ချောင်းဆိုးလိုက်တယ်၊ နှာချေလိုက်တယ်ဆိုရင် လေထုထဲမှာ အမှုန်အမွှားတွေရောက်ရှိသွားပြီး အဲဒါကို ရှူမိရင်လည်းကူးနိုင်တယ်၊ ပြီးတော့ ရောဂါရှိသူနဲ့ အနီးကပ်နေထိုင်တဲ့သူတွေမှာလည်း ကူးစက်နိုင်ပါတယ်။

ရောဂါရှိတဲ့သူက ချောင်းဆိုးနှာချေလိုက်တဲ့အခါ အသက်ရှူလမ်းကြောင်းက ထွက်လာတဲ့ အရည် (ဥပမာ- သလိပ်၊ နှာရည်)တွေက ပစ္စည်း တစ်ခုခုမှာ ကပ်နေတယ်ဆိုရင် အဲဒီပစ္စည်းကို ကိုင်မိတဲ့အခါမှာဖြစ်ဖြစ်၊ ထိမိတဲ့အခါမှာဖြစ်ဖြစ် ကူးစက်နိုင်ပါတယ်။

မေး ။ ။ ဝက်သက်ဗိုင်းရပ်စ်ဝင်ပြီး ဘယ်နှရက်အကြာမှာရောဂါလက္ခဏာပေါ်တတ်ပါသလဲ ဆရာ။

ဖြေ ။ ။ ဝက်သက်ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူနဲ့ ထိတွေ့မိပြီး ၁၀-၁၂ ရက်လောက်မှာ ရောဂါလက္ခဏာ စပေါ်တတ်ပါတယ်။ စဖြစ်တာက အပြင်းဖျားတာပဲဖြစ်ပါတယ်။ ပြီးရင် ချောင်းဆိုးတာ၊ နှာချေတာ၊ နှာရည်ယိုတာ၊ မျက်လုံးရဲတာ၊ နှာခေါင်းမွန်တာ၊ အစက်အပြောက်လေးတွေဖြစ်တာတို့ ဖြစ်တတ်ပါတယ်။

နောက်ပိုင်းအဆင့်အနေနဲ့ တစ်ကိုယ်လုံးမှာအင်ပြင်လိုအနီကွက်ကြီးတွေ ဖြစ်လာပါတယ်။ မျက်နှာ၊ လည်ကုပ်အပေါ်ပိုင်းတွေမှာ အနီကွက်စဖြစ်ပြီးတဖြည်းဖြည်းနဲ့ လက်တွေ၊ ခြေထောက်တွေမှာ ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာက အနည်းဆုံး၇ရက် – ၁၀ရက်ခန့်ကြာတတ်ပါတယ်။

မေး ။ ။ ဝက်သက်ရောဂါကာကွယ်ဆေးကို ပြည့်ပြည့်ဝ၀ထိုးထားခဲ့တယ်ဆိုရင် ဝက်သက်ရောဂါကဖြစ်နိုင်ခြေရှိပါသေးသလား ဆရာ။

ဖြေ ။ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်ချက်အရ ဝက်သက်ကာကွယ်ဆေးကို ပြည့်ပြည့်ဝ၀ထိုးထားခဲ့တယ်ဆိုရင် စိတ်ချရပါတယ်။ တချို့က ဝက်သက်ကာကွယ်ဆေးကို အပြည့်အဝ မထိုးခဲ့လို့၊ တချို့က ကာကွယ်ဆေးကို ထိုးကို မထိုးခဲ့လို့သာ ဝက်သက်ရောဂါဖြစ်တယ်လို့ ယူဆကြပါတယ်။

မေး ။ ။ ဝက်သက်ရောဂါဖြစ်ရင် ကုသပျောက်ကင်းနိုင်ပါသလား ဆရာ။

ဖြေ ။ ။ ပျောက်ကင်းနိုင်ပါတယ်။ ဝက်သက်ရောဂါဖြစ်ရင်နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ပြီး အဆုတ်ရောင်တာ ပြင်းပြင်းထန်ထန်ဖြစ်တတ်ပါတယ်။ တချို့က ဝမ်းလျှောတယ်၊ရေ ဓာတ် ဆုံးရှုံးတယ်၊ တချို့က ဦးနှောက်ရောင်တယ်၊နားထိခိုက်တယ်၊ မျက်စိထိခိုက်တယ်၊ တချို့လက္ခဏာတွေက ကုသမှု မခံယူရင် အသက်အန္တရာယ်ရှိပါတယ်။

ဒါကြောင့် သိပြီဆိုတာနဲ့ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားပြသင့်ပါတယ်။အခုနောက်ပိုင်းမှာ ဆုံဆို့နာရောဂါ၊ ဝက်သက်ရောဂါတို့ ပြန်ဖြစ်လာတယ်လို့ သတင်းကြားနေရတဲ့အတွက် နည်းနည်းတော့ သတိထားဖို့ လိုလာပါပြီ။ပြည်သူတွေအနေနဲ့ နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးနေတဲ့ အမျိုးသားကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ပေးပြီး မပျက်မကွက်၊ပြည့်ပြည့်စုံစုံ၊ ပြည့်ပြည့်ဝ၀ ထိုးနှံပေးဖို့ လိုပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top