Healthy Life Ad
Child

ကလေးကို အင်္ဂလိပ်ဘာသာစကား တော်စေချင်လျှင်

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေး ဆရာဝန်ကြီး)

မေး. ကလေးကို အင်္ဂလိပ်ဘာသာစကားတော်အောင် ဘယ်အရွယ်ကတည်းက သင်ပေးသင့်ပါသလဲ။ ဘယ်လို ပံ့ပိုးပေးသင့်ပါသလဲ။
ကိုထင်ပေါ် (FB)

ကလေးအရွယ်မှာ ဒုတိယဘာသာစကား (ဥပမာ အင်္ဂလိပ်ဘာသာစကား)ကို သင်ကြားပေးရင် အကျိုးကျေးဇူးရှိပါတယ်။ အဲဒီအချက်ကို ပညာရေး စိတ်ပညာရှင်အများက ထောက်ခံထားပါတယ်။

ကလေးသူငယ်အရွယ်ကစပြီး ဒုတိယဘာသာစကားကို သင်ကြားပေးရင် ဘာသာစကားတိုင်းကို သင်ယူတတ်မြောက်လွယ်တဲ့ စွမ်းရည်တိုးတက်လာပါတယ်။ ဘာသာစကား စွမ်းရည်အပြင် တွေးတောဆင်ခြင်စဉ်းစားတာနဲ့ သက်ဆိုင်တဲ့ စိတ်စွမ်းရည်တွေလည်း အားသန်လာနိုင်ပါတယ်။

ဒုတိယဘာသာစကား သင်ကြားခြင်း၏ အကျိုးကျေးဇူးများ

(က) ကလေးသူငယ်အရွယ်ကစပြီး ဒုတိယဘာသာစကားကို သင်ကြားတတ်မြောက်ရင် အသံထွက် လေယူလေသိမ်းနဲ့ စာကြောင်းဖွဲ့စည်းပုံတွေမှာ မိခင်ဘာသာစကားပြောသူလို ကျွမ်းကျင်မှုရှိပါတယ်။ အသက် ၁၃နှစ်ကျော်မှ ဒုတိယဘာသာစကားကို သင်ယူရရင် အဲဒီလိုကျွမ်းကျင်မှု မရရှိနိုင်တော့ဘူးလို့ ဆိုပါတယ်။

(ခ) ကလေးသူငယ်အရွယ်ကစပြီး ဒုတိယဘာသာစကားကို သင်ကြားပေးရင် ဘာသာစကားတိုင်းကို သင်ယူတတ်မြောက်လွယ်တဲ့ စွမ်းရည်တိုးတက်လာပါတယ်။ ဘာသာစကားစွမ်းရည်အပြင် တွေးတောဆင်ခြင်စဉ်းစားတာနဲ့သက်ဆိုင်တဲ့ စိတ်စွမ်းရည်တွေလည်း အားသန်လာနိုင်ပါတယ်။ ဥပမာ- မှတ်ဉာဏ်စွမ်းရည်၊ တီထွင်ဖန်တီးနိုင်မှု၊ ပြဿနာကို ဖြေရှင်းနိုင်စွမ်းရှိမှု၊ အမြင်အမျိုးမျိုးကို ဆင်ခြင်စဉ်းစား ဆုံးဖြတ်နိုင်မှုစတဲ့ စိတ်စွမ်းရည်တွေ ဖြစ်ပါတယ်။

(ဂ) ဒုတိယဘာသာစကားနဲ့သက်ဆိုင်တဲ့ ပထဝီ၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ စီးပွားရေး၊ လူမှုရေးဗဟု သုတတွေလည်း ကြွယ်ဝလာနိုင်ပါတယ်။

(ဃ) ကမ္ဘာသုံးဘာသာစကား (ဥပမာ အင်္ဂလိပ်ဘာသာ)မှာ ကျွမ်းကျင်မှုရှိရင် အရွယ်ရောက်လာတဲ့အခါ အလုပ်အကိုင်နဲ့ စီးပွားရေးလုပ်ငန်းတွေမှာ များစွာအထောက်အကူပြုနိုင်ပါတယ်။

ဒုတိယဘာသာစကားကို ကလေးဘယ်အရွယ်မှာစတင် သင်ကြားပေးသင့်သလဲ

ကလေးသူငယ်တွေဟာ လပိုင်းအရွယ်ကစပြီး ဘာသာစကားတစ်ခုနဲ့တစ်ခု အသံထွက်ကွဲပြားတာကို ခွဲခြားနိုင်တယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်မိခင်က ကလေးကို အင်္ဂလိပ်လိုပြောပြီး မြန်မာဖခင်က ကလေးကို မြန်မာလိုပြောရင် အဲဒီကလေးဟာ တစ်ပြိုင်တည်း အင်္ဂလိပ်-မြန်မာနှစ်ဘာသာကို နားလည်ပြောဆိုနိုင်ကြောင်း တွေ့ရှိရပါတယ်။ ဒါကတော့ ပတ်ဝန်းကျင်အခြေအနေအရ အလိုအလျောက် ဘာသာစကားနှစ်လုံးကို သင်ယူတတ်မြောက်တာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် မိဘနှစ်ပါးစလုံးက မြန်မာဖြစ်ပြီး အိမ်ထဲမှာ မြန်မာလိုသာပြောရင် ကလေးဘယ်အရွယ်မှာ အင်္ဂလိပ်ဘာသာစကား သင်ကြားပေးသင့်သလဲ။

ကလေးသူငယ် စိတ်ပညာရှင်နဲ့ ပညာရေး စိတ်ပညာရှင်တွေ သဘောတူထားတဲ့ အချက်တွေရှိပါတယ်။

(က) ဒုတိယဘာသာစကားကို မသင်ကြားမီ ကလေးသူငယ်ဟာ မိခင်ဘာသာစကားကို ပြောဆိုနားလည်နိုင်တဲ့ အဆင့်ရှိရမယ်လို့ ဆိုပါတယ်။ အဲဒီအရွယ်ကတော့ ကလေးအသက်နှစ်နှစ်မှ သုံးနှစ်အတွင်းဖြစ်ပါတယ်။ ဒါကြောင့် မူကြိုကျောင်းသားအရွယ်မှာ ဒုတိယဘာသာစကားကို ကလေးသီချင်း၊ ကလေးကဗျာ၊ ကလေးပုံပြင်နဲ့ ကလေးကစားနည်းတွေမှာ ထည့်သွင်းသင်ကြားပေးနိုင်ပါတယ်။

(ခ) ဒုတိယဘာသာစကား အပြောအဆိုအပြင် အရေးအဖတ်ကို ကလေးဘယ်အရွယ်မှာ သင်ကြားပေးသင့်သလဲ။

ဒုတိယဘာသာစကား အရေးအဖတ်ကို မသင်ကြားခင် ကလေးသူငယ်ဟာ မိခင်ဘာသာစကားကို ရေးတတ်၊ ဖတ်တတ်နေရမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကလေးအသက် ၆ နှစ်နဲ့ ၈ နှစ်ကြားမှာ ဒုတိယဘာသာစကားကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားပေးသင့်ပါတယ်။ အာရှတိုက်နိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ ဟောင်ကောင်(တရုတ်)နိုင်ငံတွေမှာ အင်္ဂလိပ်စာကို ၁တန်းအရွယ်မှာ စတင် သင်ကြားပေးကြောင်း သိရပါတယ်။

ဒုတိယဘာသာစကားကို အသက် ၁၃နှစ်ကျော်မှ ကျောင်းသားတွေကို သင်ကြားပေးရင် အဲဒီဘာသာစကားကျွမ်းကျင်မှုမှာ အားနည်းလာနိုင်ကြောင်း သိရှိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top