Healthy Life Ad
Life Style

သမီးရှင်မိဘတို့အတွက် . . .(၂)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

ကျွန်တော်တို့ လူကြီးမိဘတွေ အကုန်လုံးက အစဉ်အလာအားဖြင့် ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ သိသွားရင် မဟုတ်တာတွေ လျှောက်လုပ်လိမ့်မယ်လို့ ထင်တယ်၊ အဲဒီလို ထင်တဲ့အခါကျတော့ “ဒါမကြည့်နဲ့၊ ဒါ မမေးနဲ့ . . ဒါ နင်တို့နဲ့ မဆိုင်သေးဘူး”လို့ တားမြစ်ကြတယ်။ အဲဒီအခါ ဘာဖြစ်လာလဲဆိုတော့ ကိုယ်လည်း ငယ်ရာက ကြီးလာတာပဲလေ . . ကလေးတွေဆိုတာ သူတို့ သဘာဝအရဘာလဲဆိုတာ အမြဲတမ်းသိချင်နေကြတာပါပဲ။ တစ်ခုခုကို သိချင်တယ်၊ အထူးသဖြင့် အပျိုပေါက်၊ လူပျိုပေါက်လေးတွေ ဖြစ်လာပြီဆိုရင် အသိချင်ဆုံးပဲ။ အပြောင်းအလဲတွေဖြစ်သွားပြီ . . မိန်းကလေးငယ်လေးကနေ တကယ့်အပျိုလေးဖြစ်လာပြီ၊ ယောကျာ်းလေးကနေ တကယ့်လူပျိုလေးဖြစ်လာပြီ . . သဘာဝ တရားဟော်မုန်းတွေရှိတယ်၊ ဒီဟော်မုန်းတွေကို ဘယ်သူကမှမလွန်ဆန်နိုင်ပါဘူး။ သူတို့ရဲ့ သိချင်တဲ့ စိတ်တွေက အပြင်းပြဆုံးဖြစ်လာတော့ အဲဒီအခါ သိအောင်ကြိုးစားတော့တာပဲ။ အဲဒီအချိန်မှာ ကျွန်တော်တို့ လူကြီးတွေက သူတို့ကို မပြောပြထားရင် သူတို့နည်းနဲ့ သူတို့သိအောင်လုပ်တော့မယ်။

အခုကတော့ အင်တာနက်ခေတ်၊ အိုင်တီခေတ်လေ . . လူကြီးတွေက ‘နင်တို့ ဒီဟာမကြည့်ရဘူး၊ မလုပ်ရဘူး’လို့ ပြောလည်း အလကားပဲ၊ ဖုန်းလေးတစ်လုံးရှိရင် အကုန်လုပ်လို့ ရသွားပါပြီ။ သူ့ဘာသာသူ လိုက်ရှာတော့မယ်ဆိုရင် တစ်ကမ္ဘာလုံးက အညှီအဟောက်အပြာတွေ အကုန်လုံးကို သူတို့ သိသွားပြီး မကောင်းတဲ့လမ်းမှာ သူတို့ လုပ်ချင်ရာ လုပ်တော့မယ် ….

ဟိုးအရင်ခေတ်တုန်းက ဘယ်နည်းနဲ့မှ သိစရာလမ်းမရှိဘူး။ အခုကတော့ အင်တာနက်ခေတ်၊ အိုင်တီခေတ်လေ . . လူကြီးတွေက ‘နင်တို့ ဒီဟာမကြည့်ရဘူး၊ မလုပ်ရဘူး’လို့ ပြောလည်း အလကားပဲ၊ ဖုန်းလေးတစ်လုံးရှိရင် အကုန်လုပ်လို့ရသွားပါပြီ။ သူ့ဘာသာသူလိုက်ရှာတော့မယ်ဆိုရင် တစ်ကမ္ဘာလုံးက အညှီအဟောက်အပြာတွေ အကုန်လုံးကို သူတို့ သိသွားပြီး မကောင်းတဲ့လမ်းမှာ သူတို့ လုပ်ချင်ရာလုပ်တော့မယ်။ ကိုယ်ကတော့ ဒီကလေးလေးကို ‘ငါဘယ်အချိန်မှာ ပညာပေးရမလဲ’လို့ စဉ်းစားတုန်း ရှိသေးတယ်၊ သူက အကုန်သိနေနှင့်ပြီ၊ ဟုတ်တာတင်မက မဟုတ်တာတွေပါ အကုန်သိနေပါပြီ။ ဒါကြောင့် တိုးတက်တဲ့ နိုင်ငံတိုင်းမှာ ဒါတွေကို သင်ပေးနေပါပြီ။ ကျောင်းသင်ခန်းစာတွေထဲမှာတောင်ပါတယ်၊ ဒါတွေကရှက်စရာမဟုတ်ပါဘူး။ သူတို့ကိုအရွယ်အလိုက် သိသင့်သိထိုက်တာကို ပညာပေးဖို့ လိုအပ်နေပါပြီ။

ကျွန်တော်ဆိုရင် ငယ်ငယ်ကတည်းက အိုဂျီဖြစ်လာဖို့ ဗီဇပါလာတော့ အိမ်မှာ ကြောင်မလေးတစ်ကောင်မွေးတာနဲ့ တခြားကလေးတွေက သူတို့ဘာသာဆော့နေပေမယ့် ကျွန်တော်က အဲဒီကြောင်မွေးတာကို သွားထိုင်ကြည့်နေပါတယ်။ ဘယ်လို မွေးသလဲဆိုပြီး စိတ်ဝင်စားတယ်၊ အဲဒီအချိန်မှာ အမေကလည်း ကျွန်တော့်ညီလေးကို ဗိုက်ထဲမှာ လွယ်ထားရတော့ အမေ့ကို သွားမေးပါတယ်။

“မေမေ သားဘယ်လို မွေးလာတာလဲ၊ ပြောပြပေးပါ”

ကျွန်တော့်မေးခွန်းကို ကျွန်တော့်အမေက တော်တော်နဲ့ မဖြေနိုင်ဘူး။ နောက်တော့မှ- “လူက ကြောင်နဲ့ မတူဘူး၊ ဗိုက်ထဲမှာ သားက ကိုးလလောက် ကြီးလာပြီး အပြင်ကို ထွက်ချင်တယ်လို့ ပူဆာတော့ မေမေက ဗိုက်နာလာတယ်၊ ဗိုက်နာတော့ ချက်မှာ အပေါက်လေး ဖြစ်လာပြီး ချက် အပေါက်ထဲကနေ သားက ထွက်လာတာ”ကျွန်တော်ဆိုရင် တော်တော်ကို ကြီးတဲ့အထိ ချက်ထဲကနေ ထွက်လာတာလို့ ထင်နေခဲ့ပါတယ်။ လူကြီးတွေက တစ်ခါတလေကျရင် ကလေးတွေကို မဟုတ်တာလုပ်မှာစိုးတာနဲ့ အလွယ်ပြောတတ်ကြတယ်၊ လိမ်ပြောတတ်ကြတယ်။ အဲဒီအခါ ကလေးက မဟုတ်တာတွေ လျှောက်လုပ်ရင်းနဲ့ သူတို့ဘာသာ သိသွားတတ်ပါတယ်။ တကယ်ဆိုရင် ကလေးတွေကို ငယ်ငယ်လေးကတည်းက သဘာဝအတိုင်း ဖြစ်ပျက်ပြောင်းလဲနေတာတွေကို မှန်ကန်တဲ့ ကျန်းမာရေး အသိပညာပေးထားရပါမယ်။ သူ့အရွယ်အလိုက် သူ့အဆင့်နဲ့ သူကျန်းမာရေးပညာပေးထားမယ်ဆိုရင် မဟုတ်တာတွေလာတဲ့အခါမှာ ဒါကတော့ မထူးဆန်းပါဘူးဆိုပြီး ဖြစ်သွားမယ်။ သူက အမှန်ကို သိပြီးနေပြီလေ . .

ကျွန်တော်တို့ဆီ ရောက်လာတဲ့ သေကောင်ပေါင်းလဲ အပျိုပေါက် မိန်းကလေးအများစုဆိုရင် အဲဒီလိုမျိုး ယောကျာ်းလေးနဲ့ အတူနေမိရင် ကိုယ်ဝန်ရတတ်ပါ့လားဆိုတာတောင် မသိကြပါဘူး။ အဲဒီတော့ ကလေးမရအောင် ကာကွယ်တဲ့ နည်းတွေလည်း သူတို့ မသိကြပါဘူး။ သူတို့ သိတာကျတော့ ကိုယ်ဝန်ရလာရင် သွားဖျက်ချတဲ့ နည်းတွေပဲ . . အဲဒီလိုနဲ့ ဒုက္ခတွေ ရောက်တာလည်း မနည်းမနောပါပဲ။ ဒီလိုမဖြစ်စေဖို့ မှန်ကန်တဲ့ ကျန်းမာရေး အသိပညာတွေကို ငယ်စဉ်ကာလအရွယ်ကတည်းက ပြောပြပေးသွားရပါမယ်၊ မညာရပါဘူး။

ကလေးသေးသေးလေး အရွယ်ကတည်းက သူ့အဆင့်အလိုက်သင်သွားပြီး အပျိုပေါက်၊ လူပျိုပေါက်အရွယ်ရောက်လာချိန်မှာ အကုန်လုံး သိနေရပါမယ်။ အဲဒီလို အကုန်သိမှသာ အန္တရာယ်ကို သိပြီး ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံး မဟုတ်တာလုပ်မိရင်တောင် ကိုယ့်အန္တရာယ်ကို ကာကွယ်နိုင်မှာလေ။ ချစ်သူရည်းစားနဲ့ အတူနေရင်ဖြစ်လာမယ့် အကျိုးဆက်ကို မသိဘဲနေတော့ ကိုယ်ဝန်ရသွားနိုင်တယ်။ အဲဒီလို မသိတာနဲ့စာရင် ကိုယ်ဝန်မရအောင် ကာကွယ်တဲ့ နည်းတွေ၊ တခြား ရောဂါပိုးတွေ မဝင်အောင် ကာကွယ်တဲ့နည်းတွေကို သိနေရင် သူ့အတွက် စိတ်ချရတာပေါ့။

ဒါကြောင့် သားသမီးတွေကို သူ့အရွယ်အလိုက် လိင်ကျန်းမာရေး ပညာပေးဖို့ အရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top