Healthy Life Ad
Life Style

သူတစ်ပါးကို အပြစ်တင်တော့မယ်ဆိုရင်

စူး ( ဆေးဝါးတက္ကသိုလ် )
အရေးပေါ် ခွဲစိတ်ကုသမှု တစ်ခုရှိတဲ့အတွက် ဒေါက်တာလပြည့်တစ်ယောက် ဆေးရုံထဲကို ရေးကြီးသုတ်ပြာပြေးဝင်လာခဲ့ပါတယ်။ သူလုပ်နိုင်သမျှ အမြန်ဆုံး ခွဲခန်းဝတ်စုံတွေလဲပြီး ခွဲစိတ်ခန်းဆီကို တိုက်ရိုက်ပြေးသွားခဲ့ပါတယ်။ အဲဒီမှာ ခွဲခန်းအဝမှာ ဆရာဝန်ကိုစောင့်နေတဲ့ လူနာကောင်လေးရဲ့ ဖခင်ကိုတွေ့လိုက်ရတယ်။
“ ဘာလို့ အခုအချိန်ကျမှ ရောက်လာရတာလဲ ဆရာ၊ ကျွန်တော့်သား အသက်က အန္တရာယ်ရှိနေတာကို ဆရာမသိဘူးလား၊ ဆရာ့မှာ တာဝန်ရှိတယ် လို့မခံစားရဘူးလား”လို့ လူနာကောင်လေးရဲ့ ဖခင်က ပူဆွေးသောကကြီးစွာနဲ့ အော်ဟစ်ခဲ့တယ်။

ဒေါက်တာလပြည့်က လူနာရှင်ကို နှစ်သိမ့်သလို ပြုံးပြပြီး-
“ စိတ်မကောင်းပါဘူးဗျာ . . အဲဒီအချိန်တုန်းက ကျွန်တော်က ဆေးရုံမှာ ရှိမနေခဲ့ပါဘူး။ အရေးပေါ်ခွဲစိတ်ရမယ်ဆိုတဲ့ ဖုန်းလက်ခံရပြီးတဲ့နောက် ကျွန်တော်အမြန်ဆုံးပြေးလာခဲ့တာပါ၊ အခု ကျွန်တော်ကောင်းကောင်း လုပ်ဆောင်နိုင်အောင် ခင်ဗျား စိတ်အေးအေးထားပေးပါဗျာ”

“ ဘာ . . စိတ်အေးအေးထားရမယ် ဟုတ်လား . . တကယ်လို့ ခင်ဗျားသားသာ ဒီခွဲခန်းထဲမှာ ရှိနေခဲ့မယ်ဆိုရင် ခင်ဗျားကော စိတ်အေးအေးထား နိုင်ပါဦးမလား၊ ခင်ဗျားသားသာ ဆရာဝန်စောင့်ရင်း သေသွားခဲ့ရင် ခင်ဗျား ဘာလုပ်မလဲ” လူနာကောင်လေးရဲ့ ဖခင်က စိတ်ဆိုးမာန်ဆိုးနဲ့ ပြောပြန်ပါ တယ်။

“ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပြီး ကုပေးသွားမှာပါ၊ အခုအချိန်မှာ ခင်ဗျားလုပ်သင့်တာက ခင်ဗျားသားကျန်းမာလာဖို့အတွက် ဆုတောင်း မေတ္တာပို့သနေဖို့ပါပဲ . .”
ဒေါက်တာလပြည့်က ပြောပြီး ခွဲခန်းထဲ ပြေးဝင်သွားတော့ “ဒီလို အကြံဉာဏ်ပေးတာက သိပ်လွယ်တယ်ဗျ . . တကယ်တော့ လုပ်ဖို့ခက်တယ်” ဆိုပြီး လူနာကောင်လေးရဲ့ ဖခင်က ရေရွတ်မြည် တမ်းရင်း ခွဲခန်းအပြင်ဘက်မှာ ကျန်နေခဲ့ပါတယ်။

ခွဲစိတ်မှုက နာရီအနည်းငယ် ကြာသွားခဲ့ပေမယ့် နောက်ဆုံးမှာ “ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲဗျာ . . ခင်ဗျားသားကို ကယ်နိုင်ခဲ့ပါပြီ”လို့ ဒေါက်တာလပြည့်က ခွဲခန်းကထွက်လာပြီး ပြောခဲ့ပါတယ်။ အဲဒီနောက် လူနာကောင်လေး ဖခင်ရဲ့ စကားအပြန်ကို နားမထောင်တော့ဘဲ “ခင်ဗျား မေးချင်တာရှိရင် သူနာပြုဆရာမကို မေးလိုက်ပါ”ဆိုပြီး ဆေးရုံထဲကနေ အမြန်ပြေးထွက်သွားခဲ့ပါတော့တယ်။

“ ဆရာဝန်က ဘာကြောင့် ဒီလောက် အလျင်လိုနေရတာလဲ . . ကျွန်တော့်သားအခြေအနေကို မေးမလို့ မိနစ်ပိုင်းလေးတောင် မစောင့်နိုင်ရအောင် ဘာဖြစ်နေတာလဲ” လို့ သူနာပြု ဆရာမကို စိတ်ဆိုးမာန်ဆိုးနဲ့ မေးကြည့်ခဲ့ပါတယ်။

“ မနေ့က ယာဉ်မတော်တဆဖြစ်ပြီး သူ့သားဆုံးသွားခဲ့တာလေ၊ အခု သူ့သားအသုဘမှာရှိနေခဲ့တာ၊ ရှင့်သားအရေးပေါ် ခွဲစိတ်စရာရှိလို့ ကျွန်မတို့ လှမ်းခေါ်လိုက်လို့ရောက်လာခဲ့တာပါ၊ အခုရှင့်သား အသက်ကို ကယ်ခဲ့ပြီးပြီမို့ သူ့သားရဲ့ နောက်ဆုံးအချိန်ကို မှီအောင် မနည်းပြေးသွားရတာပါရှင် . .”

(စာစုက ပေးချင်သော သင်ခန်းစာ )
တစ်ပါးသူရဲ့ ဘဝအခြေအနေကို မသိဘဲ၊ သူ့အကြောင်းကို သေချာ ဂဃနဏ မသိဘဲ ဘယ်တော့မှ အပြစ်မတင်သင့်ပါဘူး။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top