Healthy Life Ad
Q & A

ရင်သားကြီးချင်ပါတယ် . .

မေး. ရင်သားကြီးဆေး ဖွံ့ဖြိုးဆေး သောက်ဆေး ဒါမှမဟုတ် ထိုးဆေးရှိပါသလား။ အဲဒါတွေက ဘေးထွက်ဆိုးကျိုးရှိပါသလား။
Shiny Starlay(FB)

ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဒီဆေးတွေကို ဆရာတို့က သုံးလေ့မရှိပါဘူး။ ဘယ်လိုအခါမျိုးမှာ သုံးလေ့ရှိသလဲဆိုတော့ ရင်သားတင်မက မိန်းမဘဝလုံးဝမရှိတဲ့ ကလေးလေးတွေရှိတယ်၊ သားဥအိမ်က အလုပ်မလုပ်လို့ တကယ့်ကလေးလေးလို ဖြစ်နေတာပါ၊ အဲဒီအခါ ရင်သားတင်မကဘဲ တစ်ကိုယ်လုံးက ကလေးလေးလို ပုပုသေးသေးလေး ဖြစ်နေတယ်၊ ဒီလိုပုံစံလေးဆိုရင်တော့ ဟော်မုန်းတွေပေးရပါတယ်။ မိန်းကလေးတစ်ယောက် အရွယ်ရောက်လာရင် ထွက်ရမယ့်ဟော်မုန်းတွေမထွက်တဲ့အခါ ပရိုဂျက်စတုန်း၊ အီစထရိုဂျင်စတဲ့ ဟော်မုန်းတွေကို သေချာတွက်ချက်ပြီး ပေးပါတယ်။ အဲဒီလို ဟော်မုန်းတွေ သေချာပေးလိုက်ရင် အရပ်လည်း မြင့်လာမယ်၊ ရင်သားတွေလည်း ဖွံ့ဖြိုးလာမယ်။ ဒါမျိုးပဲ ပေးပါတယ်။

တခြား ရင်သားလှအောင်၊ ကြီးအောင်ဆိုပြီး ဆရာတို့ ဆေးကုသမှုထဲမှာ မပါပါဘူး။ အဲဒါက အလှအပပိုင်းဆိုင်ရာနဲ့ ပိုဆိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆေးဆိုတာကတော့ ဘေးထွက်ဆိုးကျိုးက ရှိပါတယ်။ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက်ပဲ ဆရာတို့ကပေးပြီး ရင်သားကြီးလာအောင်၊ လှလာအောင် ဆေးတွေသုံးရင် ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ခံရနိုင်ပါတယ်။ ဆေးတစ်ခုပေးတိုင်း ရင်သားတစ်နေရာတည်းတင်မက ခန္ဓာကိုယ် တခြားနေရာတွေကိုပါ အကုန်သွားတာဖြစ်တဲ့အတွက် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို ထည့်စဉ်းစားဖို့ လိုပါတယ်။

နိုင်ငံခြားမှာတော့ ရင်သားလှအောင် ဆေးတွေပေးမယ့်အစား ဆီလီကွန်ထည့်လိုက်ပါတယ်။ ကိုယ့်ရင်သားကို ဘယ်လောက်ကြီးစေချင်သလဲဆိုတာကို တွက်ပြီး အလှပြုပြင်တဲ့ ဆရာဝန်တွေက ရင်သားလှအောင် ဆီလီကွန်ထည့်ပေးလေ့ရှိပါတယ်။ ဆေးသုံးတာထက် ဆီလီကွန်ထည့်ပြီး ပြုပြင်တဲ့နည်းက ပိုပြီး သေချာပါတယ်။ ဆေးတွေပေးရင် ဘယ်လောက်ကြာကြာပေးရင် ဘယ်လောက်ကြီးလာမလဲဆိုတာ မသေချာပါဘူး။ တစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်မှုက မတူညီကြလို့ပါ။ ကြော်ငြာတိုင်းလည်း လျှောက်မလုပ်သင့်ပါဘူး။ တကယ်ကြီးချင်တယ်ဆိုရင် အလှအပပြုပြင်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ပြုပြင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top