Healthy Life Ad
Life Style

ကျန်းမာ ပျော်ရွှင် အောင်မြင် ငြိမ်းချမ်းသော ဘဝပန်းတိုင်ဆီသို့ (၃). . .

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

– ယခင်တစ်ပတ်မှအဆက်

ဘဝမှာ အောင်မြင်ရမယ် . . .

လူတစ်ယောက်က ဘဝမှာ မအောင်မြင်ရင်၊ အမြဲတမ်းရှုံးနိမ့်ပြီး သူများအောက်က နေနေရရင် ဘယ်တော့မှ စိတ်မချမ်းသာနိုင်ပါဘူး။ ဒါကြောင့် အောင်မြင်ဖို့လည်း လိုသေးတယ်။ အောင်မြင်တဲ့လူ တစ်ယောက်ဖြစ်ဖို့ ဘာလိုသလဲ . .

(၁) ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ့်ရည်ရွယ်ချက်က ဘာလဲဆိုတာ သိရမယ်။

(၂) ကိုယ်ရဲ့ အရည်အချင်းတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်။ ဥပမာ ကျွန်တော် ဆရာဝန်တစ်ယောက်ဖြစ်ချင်တယ်၊ ဆေးတက္ကသိုလ်တက်ရမယ်၊ ဆရာဝန်ပညာနဲ့ လူတွေရဲ့အသက်ကို ကယ်တင်မယ်ဆိုတော့ ဆရာဝန်ပညာကိုအမြင့်ဆုံးရောက်အောင် မြှင့်တင်ဖို့ လိုပါတယ်။ ကျွန်တော် ဓားကိုကိုင်ပြီး ကျွမ်းကျွမ်းကျင်ကျင် ခွဲစိတ်ချင်တယ်၊ အဲဒီလို တကယ်ဖြစ်ချင်တဲ့ စိတ်ရှိဖို့လိုတယ်။ တကယ်ဖြစ်ချင်တဲ့ စိတ်ရှိရင် အဲဒီနောက်ကနေ စိတ်ဓာတ်၊ အသိဉာဏ်၊ ဇွဲ၊ လုံ့လ ထားရှိလိုက်တဲ့အခါ အောင်မြင်ဖို့ သေချာသွားပြီပေါ့။

အောင်မြင်မှုမှာလျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး။
‘လောကမှာ ဘာမလုပ်သင့်ဘူးဆိုတာသိပြီး မလုပ်နဲ့၊ ဘာလုပ်သင့်တယ်ဆိုတာသိပြီး လက်တွေ့လုပ်’
‘မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား’ . . ဒါဆိုရင် အောင်မြင်ပြီပဲ။

အောင်မြင်မှုမှာလျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး။ “လောကမှာ ဘာမလုပ်သင့်ဘူးဆိုတာသိပြီး မလုပ်နဲ့၊ ဘာလုပ်သင့်တယ်ဆိုတာသိပြီး လက်တွေ့လုပ်” ‘မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား’ . . ဒါဆိုရင် အောင်မြင်ပြီပဲ။ လောက ကြီးမှာ ‘မကောင်းမှန်း သိတယ်၊ ဒါပေမဲ့ လုပ်မှာပဲ’၊ ‘ကောင်းမှန်းသိတယ်၊ မလုပ်ချင်ဘူး’ ဒီလိုလူတွေ များပါတယ်။ အဲဒါကြောင့် မအောင်မြင်ကြတာပါ။

လူတစ်ယောက် ဘာလဲဆိုတာ သူဘာအလုပ်လုပ်သလဲဆိုတာနဲ့ သတ်မှတ်တာပါ။ သူဘယ်လောက် ပိုင်ဆိုင်သလဲ ဆိုတာနဲ့ မသတ်မှတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပဲ ကြည့်လိုက်ပါ၊ သူ့မှာ ဝတ်စရာ အဝတ်အစားက လေးငါးထည်ပဲ ရှိတယ်၊ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာမရှိပေမယ့် သူဘယ်တော့မှ မသေဘူး။ သူလုပ်ခဲ့တာက ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် အင်မတန်ကြီးမားတဲ့ အလုပ်တွေ ဖြစ်ခဲ့တာကိုး။

လူအများစုက “တစ်နေ့ကျရင် ငါ့အစွမ်းကို ပြလိုက်ဦးမယ်၊ ဒီနေ့တော့ အိပ်လိုက်ဦးမယ်”ဆိုပြီး တစ်နေ့ကျရင် . . တစ်နေ့ကျရင် ဆိုပြီး စောင့်နေတတ်ပါတယ်။ တစ်နေ့ကျရင်ဆိုတာ စောင့်မနေပါနဲ့။ ဒီနေ့ မင်းဘယ်သူလဲဆိုတာ ပြလိုက်စမ်းပါ၊ ဒါက သိပ်ကိုအရေးကြီးပါတယ်။

လုပ်သင့်တဲ့ အလုပ်ကို သိပြီဆိုရင် ကိုယ်လုပ်တဲ့ အလုပ်ကို ချစ်မြတ်နိုးရမယ်၊ အဲဒီအလုပ်ထဲမှာ ကိုယ်ရဲ့ စိတ်ဓာတ်၊ ကိုယ့်နှလုံးသား၊ ကိုယ်ရဲ့ အရာအားလုံး နှစ်မြုပ်ပြီး လုပ်နိုင်ပြီဆိုလို့ရှိရင် အလုပ်နဲ့ ကိုယ်နဲ့တစ်သားတည်း ဖြစ်သွားပါပြီ။ တစ်နေ့မှာ လူတိုင်းလူတိုင်းကို အချိန် ၂၄ နာရီစီပေးထားပေမယ့် တချို့က အလုပ်တွေအများကြီး ပြီးတယ်၊ တချို့က ဘာအလုပ်မှမပြီးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အချိန်ကို ဘယ်လောက် အသုံးချနိုင်သလဲ ဆိုတဲ့အပေါ်မူတည်ပြီး လူတစ်ယောက်နဲ့ တစ်ယောက်က ကွာခြားသွားတာ ဖြစ်ပါတယ်။

“ဘယ်အချိန်မှာ စာရေးသလဲ”လို့ ကျွန်တော့် ကိုမေးကြတယ်။ တကယ်တော့ ကျွန်တော်က အချိန်တိုင်း စာရေးနေတဲ့သူလို့ ပြောရမှာပါ။ လူနာတွေနဲ့ တွေ့တယ်၊ ကုန်ကြမ်းတွေစုတယ်၊ ရတဲ့အချိန်၊ ရတဲ့နေရာမှာစာရေးတယ်၊ နောက်ဆုံး တစ်မိနစ်အချိန်ရရင်တောင် အဲဒီတစ်မိနစ်မှာ စာရေးတယ်။ ဘယ်သွားသွား စာရွက်နဲ့ ဘောပင် ပါတယ်။ အရေးကြီးတာက အချိန်တွေကို အလုပ်ဖြစ်အောင် ပြောင်းလဲလိုက် ဖို့ပါပဲ။

ကိုယ်ချစ်မြတ်နိုးတဲ့ အလုပ်တစ်ခုနဲ့ တွေ့တဲ့အခါ ဘဝမှာ အလုပ်ဆိုတာ ဘယ်တော့မှ မလုပ်ရတော့ပါဘူး။ ကျွန်တော်တို့ငယ်ငယ်က ဘောလုံးကန် ကြတယ်၊ ဘောလုံးကန်တာလောက် ပင်ပန်းတာ ရှိပါ့မလား၊ ဒူးတွေကွဲ၊ နဖူးတွေပြဲ၊ ချွေးတွေသံတွေနဲ့ ဒါပေမဲ့ နောက်နေ့ ဘောလုံးကန်ဦးမလား မေးရင် ကန်ဦးမှာပဲ . . ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးကန်တာကို အလုပ်လို့မသတ်မှတ်ဘူးလေ၊ ကစားနေရတာဆိုတော့ ပျော်တယ်ဆိုပြီး ဘယ်တော့မှ မမောပါဘူး။ ဒီတော့ အလုပ်ကို တကယ်မပင်ပန်းဘဲ လုပ်ချင်သလား၊ အဲဒီအလုပ်ကို ချစ်မြတ်နိုးပါ၊ ကိုယ်ချစ်တဲ့ အလုပ်ဆိုရင် ဘယ်လိုပဲလုပ်လုပ် လုပ်ချင်ပါတယ်။ ဒါပေမဲ့ လောကကြီးမှာ ကိုယ်ကြိုက်တဲ့ အလုပ်ကိုမလုပ်ရတဲ့ ကိုယ်မကြိုက်ဘဲနဲ့ လုပ်ရတဲ့ အလုပ်တွေလည်းရှိတယ်လေ။ ဒါကြောင့် တကယ်ပျော်ချင်သလား . . ကိုယ်လုပ်ရတဲ့ အလုပ်ကို ကြိုက်အောင် လုပ်လိုက်ပါ။

“ဆရာ ဘယ်အချိန်မှာ အနားယူသလဲ”လို့ ကျွန်တော့်ကို လူနာတွေက မေးကြတယ်။ ကျွန်တော့်မှာ သူများတွေလိုအနားယူတဲ့အချိန်ရယ်လို့ ကောင်းကောင်းမရှိပါဘူး။ အိပ်တဲ့အချိန်တောင်မှ သုံးလေး နာရီပဲရှိတာပါ။ အဲဒီ သုံးလေးနာရီမှာတောင် ဖုန်းက တစ်ချိန်လုံးလာနေတာပါ။

ဓမ္မဓူတအရှင်ပညာဇောတဆိုတဲ့ ဆရာတော်တစ်ပါးက ဆရာတော်ရှင်ဆေကိန္ဒရဲ့ ဆရာအရင်း ဖြစ်ပါတယ်။ ဆရာတော်ရှင်ဆေကိန္ဒက အင်ဂျီနီယာဘဝတုန်းက အဲဒီဆရာတော်ဆီမှာ တရားတစ်ပွဲ သွားနာလိုက်တဲ့အခါမှာ ဘုန်းကြီးဝတ်တော့မယ်လို့ ဆုံးဖြတ်ပြီး တစ်ခါတည်း ဘုန်းကြီးဝတ်သွားခဲ့ပါသတဲ့။ အဲဒီလို တရားဟောကောင်းတဲ့ ဆရာတော်ပြောခဲ့တဲ့စကားလေးက ‘သူအနားယူတဲ့ပုံက အလုပ်တွေကိုတစ်ခုပြီး တစ်ခုပြောင်းပြောင်းပြီး လုပ်လိုက်တာပါပဲ’တဲ့။ ဘုန်းကြီးဆိုတော့ စာချတယ်၊ စာရေးတယ်၊ စာဖတ်တယ်၊ တရားဟောတယ်၊ တရားထိုင်တယ် . . အဲဒီအလုပ်တွေကို လှည့်ပတ်လုပ်ရင်း အနားယူနေတာပါတဲ့။ ကျွန်တော်လည်း အဲဒီလိုပါပဲ၊ စာရေးတယ်၊ စာဖတ်တယ်၊ စာသင်တယ်၊ ဆေးကုတယ် . . အဲဒီအလုပ်တွေကို တစ်ခုပြီးတစ်ခု လှည့်ပတ်လုပ်ရင်းနဲ့ မမောတော့ဘူး၊ ပျော်ရွှင်မှုဆိုတာ ကိုယ်လုပ်တဲ့ အလုပ်တွေကို စိတ်ပါလက်ပါ ပျော်ရွှင်စွာ ကိုယ်ရောစိတ်ရောနှစ်ပြီး လုပ်တာကို ဆိုလိုပါတယ်။ ကြီးကျယ်တဲ့ အလုပ်တွေလုပ်မှ အောင်မြင်တဲ့ သူလို့ ထင်ကြတယ်။ ကမ္ဘာပေါ်မှာ အရေးကြောင်းတွေနဲ့ ရုပ်ဆိုးတဲ့ အမျိုးသမီးကြီး တစ်ဦးရှိတယ်၊ အင်္ကျီဆိုလည်း တစ်ထည်ပဲ ဝတ်တယ်၊ သူသေဆုံးသွားတော့ အားလုံးက တသနေရတယ် . .”မာသာထရီဇာ”လို့ ခေါ်ပါတယ်။ ဒီအဘွားကြီး ဘာတွေလုပ်ခဲ့သလဲ၊ သူပြောခဲ့တဲ့ စကားလေးရှိပါတယ်။

“ကျွန်မက ဘာမှကြီးကျယ်တဲ့ အလုပ်တွေကိုလုပ်ခဲ့တာ မဟုတ်ပါဘူး။ သေးငယ်တဲ့ အလုပ်တွေကို ကြီးမားတဲ့ ချစ်ခြင်းမေတ္တာနဲ့လုပ်ခဲ့တာ”

သူနဲ့ သွေးမတော်သားမစပ်တဲ့ အိန္ဒိယနိုင်ငံသားတွေ လမ်းဘေးမှာ စားစရာမရှိဘဲလဲကျနေတာကို တွေ့တော့ စားစရာလေးတွေ ကျွေးတယ်၊ ပြုစုတယ် . . သူရဲ့ စိတ်ရင်းစေတနာနဲ့ သေးငယ်တဲ့ အလုပ်လေးတွေ လုပ်ရင်း အောင်မြင်လာတာပဲ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top