Healthy Life Ad
Life Style

စိတ်ညစ်လာရင် ဟာသကားတွေ ကြည့်လေ့ရှိတဲ့ အကယ်ဒမီဂွမ်းပုံ

– မဂွမ်းရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုလေးတွေ သိပါရစေ။
Myawaddy Documentary အတွက် Hello Lady ဆိုတဲ့ အစီအစဉ်လေးရိုက်နေပါတယ်။ ဒီဇိုင်နာ မျိုးမင်းစိုးအတွက် ဘေဘုတ်ကြေငြာရိုက်မယ်။ ကိုသားညီ၊ မိုးဟေကို၊ နေတိုးနဲ ရုပ်ရှင်ကားကြီးရိုက်မယ်။

– မဂွမ်းရဲ ့ကျန်းမာရေးစောင့်ရှောက်မှုပုံစံလေး သိချင်ပါတယ်။
မဂွမ်းက မနက်စာကို ကောင်းကောင်းစားတယ်။ နေ့လယ်ခင်းမှာတော့ ရှုတင်ထမင်းကို အဆင်ပြေသလိုစားတယ်။ ညစာကိုတော့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ အစားအစာကို စားတယ်။ အပြင်စာတော့ သိပ်မစားပါဘူး။ တစ်ခါတလေ ပွဲလမ်းသဘင်တွေရှိရင်တော့ စားဖြစ်ပါတယ်။ မဂွမ်းက အသီးအရွက်စားတာများတယ်။

– မဂွမ်းတို့ ဇနီးမောင်နှံက တစ်ယောက်ကျန်းမာရေးကို တစ်ယောက်က ဘယ်လိုတွေအကြံပေး ဂရုစိုက်လေ့ရှိပါသလဲ။
မဂွမ်းက ဝိတ်နည်းနည်းတက်လာတာမျိုးရှိရင် အမျိုးသားက သတိပေးတယ်။ အစ်မဆိုလည်း သူ့ကိုအစစအရာရာ ဂရုစိုက်ပေးပါတယ်။ နောက်တစ်ခုက မဂွမ်းအမျိုးသားက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆေးလိပ်၊ ကွမ်း၊ အရက် လုံးဝမသောက်ပါဘူး။ အစ်မနဲ့မရခင် လူပျိုဘဝကတည်းက မသောက်တာပါ။

– မဂွမ်းကိုကြည့်လိုက်တိုင်း အမြဲတမ်းပျော်ရွှင်တက်ကြွနေတာတွေ ့ရတယ်။ စိတ်ဖိစီးမှုရှိလာရင် ဘယ်လိုတွေ တွန်းလှန်တိုက်ဖျက်ဖြစ်ပါသလဲ။
မဂွမ်း အရင်တုန်းကတော့ စိတ်ဖိစီးမှုဖြစ်ရင် အော်လိုက်တာမျိုး၊ ငိုလိုက်တာမျိုးရှိတယ်။ အသက်အရွယ်ရလာတော့ ဘုရား၊ တရားပိုလုပ်ဖြစ်တယ်။ ဘုရား၊ တရားလုပ်တော့ စိတ်တိုလို့ ဒေါသထွက်မယ်ဆိုရင်တောင် မျိုသိပ်နိုင်စွမ်းရှိလာတယ်။ တရားခွေတွေ နားထောင်ဖြစ်တယ်။ စိတ်တွေအရမ်းညစ်ရတာမျိုး ရှိလာရင်တော့ တစ်ယောက်တည်းနေတယ်။ ဟာသကားတွေ ကြည့်ပစ်လိုက်တယ်။

– မဂွမ်းရဲ့ အနုပညာလမ်းကြောင်းတစ်လျှောက်မှာ အတိုက်အခိုက်တွေ၊ အပြိုင်အဆိုင်တွေကို ဘယ်လိုရင်ဆိုင်ဖြစ်ပါသလဲ။ အခုအချိန်မှာရော ဘယ်လိုတုန့်ပြန်ဖြစ်ပါသလဲ။
အရင်တုန်းကတော့ အတိုက်အခိုက်တွေရှိလာရင် မခံနိုင်တာမျိုး ရှိတာပေါ့။ အခုအချိန်မှာတော့ ဘယ်လောက်ပဲ အတိုက်အခိုက်ရှိရှိ ရင်ဆိုင်နိုင်တယ်၊ ခံနိုင်ရည်ရှိတယ်၊ ပြုံးပြီးလည်း ကြည့်နိုင်တယ်။

– မဂွမ်းအနေနဲ့ နယ်ဘက်တွေမှာ ရိုက်ကူးရေးတွေသွားရရင် ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ဖြစ်ပါသလဲ။
မဂွမ်းက နယ်ဘက်တွေသွားရင် ဆေးဝါးလေးတွေတော့ ယူဆောင်သွားဖြစ်ပါတယ်။ ပြီးတော့ မဂွမ်းက သွေးတိုးနည်းနည်းရှိတော့ သွေးကျဆေးတွေဆောင်တယ်။ အကိုက်အခဲပျောက်ဆေးလေးတွေပေါ့။ တချို့က ဘာလေးစားလိုက်ရင် ဝမ်းမကောင်းတာတို့ရှိတယ်။ မဂွမ်းကအဲဒီလိုမဖြစ်ဘူး။ အစားအသောက်အရမ်းကြီး ရှောင်တာတို့၊ ရွေးစားတာတို့လည်းမရှိပါဘူး။

– ကျန်းမာရေးစစ်ဆေးမှုရော လုပ်ဖြစ်ပါသလား။
လုပ်ဖြစ်ပါတယ်။ အရင်ကတော့ မဂွမ်းက လေးဖက်နာရောဂါရှိတော့ ၃နှစ်ဆက်တိုက် ဆေးထိုးလိုက်ရတယ်။ အခုတော့ပျောက်ပါပြီ။ ရောဂါအရမ်းကြီးမားတာမျိုးတော့ မရှိပါဘူး။ အခုအချိန်မှာလည်း ကျန်းမာရေးကို အဆင်ပြေသလို စစ်ဆေးဖြစ်ပါတယ်။

– မဂွမ်းရဲ ့အိမ်ထောင်ဖက်က မဂွမ်းအတွက် ဘယ်လောက်ထိ အားကိုးရပြီး ပံ့ပိုးပေးမှုရှိပါသလဲ။
မဂွမ်းရဲ့အိမ်ထောင်ဖက်က မဂွမ်းအတွက်တော့ အားအထားရဆုံး ပါရမီဖြည့်ဖက်၊ မောင်လေးလိုရော၊ အိမ်ဦးနတ်လိုရော မရှိမဖြစ် ပါရမီဖြည့်ဖက်ပါ။ မဂွမ်းကို အစစအရာရာ ဂရုစိုက်ပေးပါတယ်။

– ပရိသတ်တွေကို ကျန်းမာရေး အကြံပြုစကားလေး ပြောပေးပါဦး။
ကျန်းမာခြင်းဟာ လာဘ်တစ်ပါးဆိုတဲ့အတိုင်း ပရိသတ်အားလုံး ကျန်းမာရေးကို ဂရုစိုက်စေလိုပါတယ်။ ကျန်းမာရေးကောင်းတယ်ဆိုရင် စိတ်ချမ်းသာရမယ်။ ကျန်းမာရေးမကောင်းဘူးဆိုလည်း ကြံ့ကြံ့ခံနိုင်ရမယ်၊ ရင်ဆိုင်နိုင်ရမယ်။ ရောဂါတွေမဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေလည်း လုပ်သင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။

Most Popular

Healthy Life Ad
To Top