Healthy Life Ad
Life Style

ပိုင်ဖြိုးသု၏ ကျန်းမာလှပလူမှုဘဝ

– လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေပါသလဲ။

အခုက ကိုဝိုင်းနဲ့ 3D ကားကြီး ရိုက်ပြီးသွားပြီ။ ကိုနေတိုး၊ ကိုမင်းသွေး၊ ညီမနဲ့ မဖူးစုံတို့ သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကိုသားညီရိုက်မယ့် ဗီဒီယိုကားလေးရိုက်ဖို့ ရှိပါတယ်။

– ညီမ ဆေးကျောင်းသူဘဝတုန်းက စာမေးပွဲတွေကြောင့်ရတဲ့ စိတ်ဖိစီးမှုကို ဘယ်လိုဖြေလျှော့ခဲ့ပါသလဲ။

ဆေးကျောင်းသူဘဝမှာတော့ စာမေးပွဲတွေများတယ်။

စာမေးပွဲနီးရင် စာတွေလုပ်ရတာများတော့ စိတ်ဖိစီးမှုတော့နည်းနည်းရှိပါတယ်။ အဓိက ညီမကစာလုပ်ရင် သူငယ်ချင်းတွေနဲ့ စုကျက်ဖြစ်ပါတယ်

။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်တယ်၊ စာလည်းပိုလုပ်ဖြစ်တယ်၊ စိတ်ဖိစီးမှုလည်း သိပ်မရှိဘူး။ တစ်ယောက်တည်းစာလုပ်ရတာထက် သူငယ်ချင်းတွေနဲ့စာလုပ်ရတာ ပိုပျော်ပါတယ်။

– ညီမဆရာဝန်အလုပ်နဲ့ အနုပညာအလုပ်နှစ်ခုမှာ အလုပ်တစ်ခုကိုရွေးချယ်တုန်းက တော်တော်စဉ်းစားခဲ့ရသလား။

ညီမက ဆရာဝန်တော့ဖြစ်သွားပြီ၊ ဘွဲ့လည်းရပြီးပြီ။ ဘွဲ့ရပြီးတော့ ဆမထုတ်ပေးဖို့တစ်ပတ်အလိုမှာ ဆေးကောင်စီကခေါ်တွေ့ပါတယ်။ အနုပညာအလုပ်ကိုလုပ်နေတဲ့အတွက် ဆမမထုတ်ပေးသေးဘူး။ အနုပညာအလုပ်တွေမလုပ်တဲ့အချိန်ကျမှ ဆမလက်မှတ်ထုတ်ပေးမယ်လို့ပြောပါတယ်။ အဓိက, ကတော့ အနုပညာအလုပ်က ကိုယ့်ကိုရွေးသလိုဖြစ်သွားတာပါ။ ညီမကအနုပညာအလုပ်ကိုလည်း အရမ်းဝါသနာပါတယ်။ အနုပညာအလုပ်ကို မလုပ်ဘဲမနေနိုင်ပါဘူး၊ လုံးဝသရုပ်မဆောင်ရဘူးဆိုတာလည်း မဖြစ်နိုင်ဘူးလေ၊ ဒါကြောင့်လောလောဆယ်မှာ ဆမ မယူသေးတာပါ။

– ညီမမိဘတွေကရော ညီမရဲ့အသက်မွေးဝမ်းကျောင်းအတွက် ဘာကိုပိုဖြစ်စေချင်ပါသလဲ။

ညီမ မိဘတွေကတော့ ညီမကိုအထူးကုဆရာဝန်ကြီး ဖြစ်စေချင်တာပါ။ ညီမကအခုလက်ရှိမှာ ဆမ မရသေးတော့ အထူးကုဘာသာရပ်တွေ ဆက်တက်လို့မရသေးပါဘူး။

– ညီမ ဆမလိုင်စင်ရရင် ဘယ်လိုနေရာတွေမှာ ဆေးကုသဖို့စဉ်းစားဖူးပါသလဲ။

ညီမကပထမတော့ ဆမရမယ်လို့ထင်ထားတာပေါ့။ ပြီးတော့ဆမရရင် ညီမကိုပရဟိတဆေးခန်းက ကမ်းလှမ်းတာမျိုးရှိတော့ အဲဒီမှာလုပ်ဖြစ်မယ်လို့ ရည်ရွယ်ခဲ့ပါသေးတယ်။ ဆမ မရှိတော့ ဆေးကုသခွင့်မရှိသေးပါဘူး။ ပြီးတော့ ဆေးကောင်စီကလည်း ပြောပြပါတယ်။ လူနာတွေကို ဆေးတော့လုံးဝမကုပါနဲ့၊ တစ်ခုခုဖြစ်လို့ပြဿနာတက်ရင် ဆမ မရှိတဲ့အတွက် အပြစ်ကပိုကြီးနိုင်တယ်ပေါ့။ လူနာတွေနဲ့အသိမိတ်ဆွေတွေကို အကြံပေးလမ်းညွှန်တာမျိုးတော့ လုပ်လို့ရပါတယ်။
ဆမမရှိသေးတဲ့အတွက် အများကြီးတွေးထားတာမျိုး မရှိသေးပါဘူး။ အခုအချိန်မှာ အနုပညာအလုပ်ကိုပဲ လုပ်နေပေမယ့် ဆရာဝန်အလုပ်ကို စွန့်လွှတ်လိုက်တာမျိုးတော့ မဟုတ်ပါဘူး။

– အခုလက်ရှိမှာ ဆေးကုသမှုအပိုင်းနဲ့ပတ်သက်ပြီး လေ့လာနေတာမျိုး ရှိပါသလား။

အခုလက်ရှိမှာလည်း ဆေးကုသမှုအပိုင်းနဲ့ပတ်သက်ပြီး လေ့လာဖြစ်နေတာမျိုးတော့ သိပ်မရှိသေးပါဘူး။ ရှေ့နှစ်လောက်မှပဲ လုပ်ဖို့ရှိပါတယ်။

– ညီမအိမ်မှာကော မိဘတွေနဲ့မောင်နှမတွေကို ကျန်းမာရေးနဲ့ပတ်သက်ပြီး လမ်းညွှန်တာမျိုး လုပ်ပေးဖြစ်သလား။

ဆရာဝန်ဖြစ်ပေမယ့် အိမ်ကမိဘတွေကို လမ်းညွှန်ပေးတာမျိုးတော့ မရှိပါဘူး။ ညီမက အိမ်မှာအငယ်လည်းဖြစ်တယ်၊ အမေကလည်း ဆရာဝန်ဖြစ်နေတဲ့အတွက် သူတိုရဲ့ဂရုစိုက်မှုကိုပဲ ခံရတာများပါတယ်။ တစ်ခါတလေရှုတင်မှာတော့ တစ်ယောက်ယောက်နေမကောင်းဖြစ်တာမျိုးရှိရင် လမ်းညွှန်ပေးတယ်။ ဆေးအကြောင်းမေးတာမျိုးရှိရင် ပြောပြဖြစ်ပါတယ်။

– ညီမရဲ့ လတ်တလောကျန်းမာရေး စောင့်ရှောက်မှုပုံစံကို ပြောပြပေးပါလား။

ကျန်းမာရေးကို အရမ်းကြီးဂရုစိုက်တာမျိုးတော့ မရှိပါဘူး။ အဓိကက စားချိန်နဲ့အိပ်ချိန်မှန်အောင် နေပါတယ်။ အသီးအနှံများများစားတယ်၊ ရေများများသောက်ပါတယ်။

– ညီမကိုအားပေးနေတဲ့ ပရိသတ်တွေအတွက် မိုးရာသီအတွင်း ကျန်းမာအောင်နေထိုင်နည်းလေးကို အကြံပေးပေးပါဦး။

ပရိသတ်တွေကို အကြံပေးချင်တာက အခုလိုမိုးရာသီမှာ အအေးမိ၊ နှာစေးတာမဖြစ်အောင် ဂရုစိုက်ပါ၊ ကိုယ်ခံအားကောင်းအောင် ဗီတာမင်စီပါတဲ့အသီးအနှံ များများစားပေးပါလို့ အကြံပေးချင်ပါတယ်။

Most Popular

Healthy Life Ad
To Top