Healthy Life Ad
Life Style

ကျန်းမာပျော်ရွှင် အောင်မြင် ငြိမ်းချမ်းသော ဘဝပန်းတိုင်ဆီသို့ . . .(၂)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

ဘဝမှာ ပျော်ရွှင်ရမယ် . . .
ဘဝဆိုတာပန်းချီကားတစ်ချပ်လိုပါပဲ။ လူတိုင်း လူတိုင်းက မွေးလာတဲ့အချိန်မှာ ဘယ်သူမှ အဝတ်အစား မပါပါဘူး။ ကြီးပြင်းလာချိန်ကျမှ အဝတ်အစားတွေနဲ့ . . ကိုယ့်ဘဝကို လှပအောင် တည်ဆောက်ကျတာပါ။ ဘဝ ပန်းချီကားချပ်ဆွဲပြီး ပုံဖော်တာက ဘဝရဲ့အနုပညာပါပဲ။ ကိုယ်ချစ်တဲ့ ကိုယ့်ဘဝကို လှပအောင် ပုံဖော်မယ့် သူတွေချည်းလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ဘဝမှာ အရက်ကို နေ့တိုင်းသောက်နေတဲ့သူ၊ ဆေးလိပ်နေ့တိုင်းသောက် နေတဲ့သူ . . ဒါတွေက ကိုယ့်ဘဝကို တကယ်ချစ်တယ်ဆိုရင် လုပ်သင့်တာတွေ မဟုတ်ပါဘူး။ ပိုက်ဆံပေးဝယ်ပြီး သတ်နေတဲ့သူတွေပါပဲ . . ဒီအထဲမှာ ကိုယ်ပါသလားဆိုတာကို မေးကြည့်ဖို့လိုပါတယ်။

စုတ်ချပ်လေးတွေနဲ့ ဘဝပန်းချီကားကို ရေးဆွဲတဲ့အခါ အရေးကြီးတဲ့ အချက်သုံးခုရှိပါတယ်။
(၁) အသိဉာဏ်ပညာ (Knowledge)၊
(၂) စိတ်ထား/သဘောထား(Attitude)၊
(၃) အလုပ်

သိနေရုံနဲ့မပြီးဘဲ တကယ်လက်တွေ့လုပ်ရဲ့လား ဆိုတာကလည်း အရေးကြီးတဲ့ အချက်ပဲဖြစ်ပါတယ်။ တစ်ခါတုန်းက အမြဲစိတ်ညစ်နေတတ်တဲ့ အထက်အကြီးအကဲ တစ်ယောက်က ကျွန်တော်တို့ကိုခေါ်ပြီး ပြောဖူးပါတယ်။

“နင်တို့တွေ အလုပ်တွေ တစ်ခုမှမမှားအောင် သေသေချာချာလုပ်တဲ့ တစ်နေ့ကျရင် ငါစိတ်ချမ်းသာမှာပဲ၊ နင်တို့ လျှောက်လုပ်နေလို့ ငါအကြီးအကျယ်စိတ်ဆင်းရဲတယ်”လို့ ပြောတော့ ကျွန်တော် သူပြောတာနားထောင်ရင်း သူတော့ တစ်သက်လုံး စိတ်ညစ်ရမှာပဲလို့ တွေးမိတယ်။ လူတွေအားလုံး အလုပ်တွေလုပ်ပြီး တစ်ခုမှမမှားမှသာ သူစိတ်ချမ်းသာမယ်ဆိုရင် ဘယ်တော့မှ သူစိတ်ချမ်းသာမှာမှ မဟုတ်တာ။ ဘာဖြစ်လို့လဲဆိုတော့ လောကကြီးက အကုန်လုံးပြီးပြည့်စုံအောင် ဖန်ဆင်းပေးထားတဲ့ကမ္ဘာကြီး မဟုတ်ဘူးလေ။ သူ့ဘာသာ လုပ်ချင်တာလုပ်၊ ဖြစ်ချင်တာဖြစ်ဖြစ်နေတာ။

လူတွေအကုန်လုံး ကိုယ့်အလိုကျလုပ်ပေးနိုင်မှ စိတ်ချမ်းသာမယ်ဆိုရင် သူဘယ်တော့မှ ပျော်နိုင်မှာမဟုတ်ပါဘူး။ လောကကြီးထဲမှာ အလိုက်သင့် လိုက်လျောညီထွေနေနိုင်ဖို့ ဒီနေရာမှာ စိတ်ထားသဘောထားက သိပ်ကိုအရေးကြီးပါတယ်။ “ယောနိသော မနသိကာရ” ဆိုပြီး မြတ်စွာဘုရားက လူတွေအားလုံး စိတ်ထား၊ သဘောထားမှန်မှန် နေတတ်အောင် နှလုံးသွင်းမှန်ဖို့ သေချာဟောကြားပေးခဲ့ပါတယ်။ ဘယ်လို ဖြစ်ရပ်မျိုးကြုံကြုံ ဖြစ်လာတဲ့အခြေအနေပေါ်မူတည်ပြီး စိတ်ချမ်းသာအောင် ထားနိုင်တယ်ဆိုရင် လောကကြီးမှာ နေတတ်ပြီလို့ ပြောလို့ရပါတယ်။

ဘဝမှာ စိတ်ချမ်းသာပျော်ရွှင်ဖို့ဆိုရင် သောကတွေကို ရှောင်ရမယ်၊ တခြားဟာတွေ ဘယ်လောက်ရှိရှိ “စိတ်ချမ်းသာမှု” မရှိရင် ဘဝက ဘယ်တော့မှ မပြီးပြည့်စုံနိုင်ပါဘူး။ သိပ်ကို အောင်မြင်တဲ့သူ၊ လူတွေ သိပ်အားကျတဲ့သူတချို့ဟာ သူတို့ဘဝမှာမပျော်ရွှင်ပါဘူး။ တချို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားလောက်အောင် စိတ်ညစ်တာမျိုး ဖြစ်ကြပါတယ်။ ဒီလောက် အောင်မြင်နေတာ တောင်၊ ဒီလောက်ချမ်းသာနေတာတောင် သတ်သေရသလားဆိုပြီး လူတွေက အံ့အားသင့်ကြတယ်။ တကယ့်ဘဝရဲ့ အနှစ်သာရက ရွှေတွေ၊ ငွေတွေ၊ ဂုဏ်တွေ မဟုတ်ပါဘူး။ “စိတ်ချမ်းသာမှု”ပါ။

အရှင်ဇနကာဘိဝံသပြောတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ‘ကိုယ့်စိတ်ကိုတောင်ချမ်းသာအောင် မထားတတ်သေးဘူးဆိုရင် ကိုယ့်မှာ ဘာပညာမှ မရှိဘူးလို့ မှတ်လိုက်ပါ’တဲ့။ တကယ့်ပညာအစစ်က ဘာလဲဆိုတာ ပြောသွားတာပါ။ စာတွေတော်၊ ဘွဲ့တွေရမှ ပညာလို့ ထင်ကြတယ်။ မဟုတ်ပါဘူး။

ဥပမာပြောရရင် ကျွန်တော့်ဆီကို လာပြတဲ့ လူနာတွေ စိတ်တွေညစ်၊ စိတ်ဓာတ်တွေကျပြီး ရောက်လာတယ်၊ ဆရာဝန်ဆီ ရောက်လာရင် သူတို့မျှော်လင့်တာက သူတို့ စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာကို ဆရာဝန်က အကောင်းဆုံး မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ . . အင်မတန်အားကိုးကြီးစွာနဲ့ ရောက်လာချိန်မှာ ဆရာဝန်လည်း တွေ့လိုက်ရော . .ဟာ . . သူ့ထက်တောင် စိတ်ညစ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ့ထက်တောင် စိတ်ဓာတ်တွေကျ၊ ဒေါသတွေထွက်ပြီး လောကကြီးကို မကျေနပ်တဲ့ လူတစ်ယောက်ကို တွေ့လိုက်ရင် သူဘယ်လိုခံစားရမလဲ။

လူတစ်ယောက်က ကိုယ့်မှာမရှိတဲ့ အရာတစ်ခုကို တခြားသူတွေကို ဘယ်တော့မှမပေးနိုင်ပါဘူး။ ဆရာဝန်တစ်ယောက်က လူနာကို စိတ်ချမ်းသာအောင် မလုပ်ပေးနိုင်ဘူးဆိုရင် ဆရာဝန်လို့ မသတ်မှတ်နိုင်ပါ ဘူး။ ဒါကြောင့် စိတ်ဆင်းရဲနေတဲ့ ဆရာဝန်ဆေးမကုပါနဲ့၊ သူကုနေတဲ့ လူနာတွေ သူ့လိုပဲ စိတ်ဆင်းရဲကုန်လိမ့်မယ်။ အကောင်းဆုံးဆရာဝန်တစ်ယောက် ဖြစ်ချင်ရင် လူနာတွေစိတ်ချမ်းသာ အောင် လုပ်နိုင်ရမယ်၊ လူနာတွေ စိတ်ချမ်းသာအောင်လုပ်နိုင်ရင် ဆရာဝန်ကောင်းပါပဲ၊ လူနာတွေ စိတ်ချမ်းသာအောင်လုပ်နိုင်ဖို့ အရေးကြီးဆုံးအချက်က သူကိုယ်တိုင် စိတ်ချမ်းသာအောင် နေနိုင်ရပါမယ်။

အများအကျိုးဆောင်ချင်ရင် ပထမဆုံး ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင်အရင်လုပ်ပါ၊ စိတ်ချမ်းသာ တယ်ဆိုတာ ကူးစက်တတ်တဲ့အရာဖြစ်လို့ ကိုယ့်ဘေးက လူတွေပါ စိတ်ချမ်းသာနေကြပါလိမ့်မယ် …

ကျောင်းဆရာတစ်ယောက်ဆိုလည်း အဲဒီလိုပါပဲ။ ကျောင်းမှာ ကိုယ့်တပည့်တွေကို ကျောင်းမှာပျော်အောင်၊ စိတ်ချမ်းသာအောင် စာသင်ပေးနိုင်ရမယ်။ သူအဲဒီလို မလုပ်နိုင်ဘဲနဲ့ တပည့်တွေကကျောင်းမှာ ဘယ်လိုလုပ်ပြီး ပျော်ပါ့မလဲ။ တပည့်ဆိုတာ ကျောင်းနေပျော်မှ စာတော်မှာ။ အိမ်မှာဆိုရင် အဖေအမေပျော်မှ သားသမီးတွေ စိတ်ချမ်းသာမှာ၊ အဖေအမေစိတ်ညစ်နေရင် သားသမီးတွေက ဘယ်လိုလုပ်ပျော်နိုင်မလဲ။ လူတစ်ယောက်က သူ့ပတ်ဝန်းကျင်ကိုပျော်စေချင်ရင် ကိုယ်ကပျော်အောင်လုပ်ပေးနိုင်ဖို့ လိုပါတယ်။ ကိုယ်ကပျော်အောင် လုပ်ပေးနိုင်တာက အများအကျိုးဆောင်တာပဲ ဖြစ်ပါတယ်။

ဒီတော့ အများအကျိုးဆောင်ချင်ရင် ပထမဆုံး ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင် အရင်လုပ်ပါ၊ စိတ်ချမ်းသာတယ်ဆိုတာ ကူးစက်တတ်တဲ့ အရာဖြစ်လို့ ကိုယ့်ဘေးက လူတွေပါ စိတ်ချမ်းသာနေကြပါလိမ့်မယ်။ စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှုကို ဘယ်မှာ လိုက်ရှာရမှာလဲ . . တမင်ရှာစရာမလိုပါဘူး။ သူများတွေကို ကူညီလိုက်ရင် သူ့အလိုလို ပျော်ရွှင်မှု ရလာပါလိမ့်မယ်။ အကောင်းဆုံး ဥပမာပေးရမယ်ဆိုရင် လူတစ်ယောက် ဟိုဘက်ကမ်းရောက်ဖို့ လှော်တက်ကို ကိုယ်ကကူပြီး လှော်ပေးလိုက်မယ်၊ အဲဒီအချိန်မှာ ကြည့်လိုက်တော့ ငါလည်းဟိုဘက်ကမ်း ရောက်နေပါပေါ့လားဆိုတာ သိလိုက်ရမယ်။ လောကမှာ ပျော်ချင်ရင် သူများကို ပျော်အောင်လုပ်လိုက်ပါ . . ကိုယ်ပါ အလိုလိုပျော်လာ ပါလိမ့်မယ်။

တခြားလူနဲ့ ဆက်ဆံတဲ့အခါ ကိုယ့်ကို ဘယ်လို ဆက်ဆံတာကြိုက်သလဲ . . အဲဒီအတိုင်းလေး ဆက်ဆံလိုက်ပါ၊ ကိုယ့်ကိုအော်တာ၊ ဆူတာ၊ ငေါက်တာမကြိုက်ရင် သူများကိုလည်း အဲဒီလို မလုပ်နဲ့လေ။ တစ်ခါတလေကျရင် လူတွေက ‘တစ်နေ့ကျရင် ငါစိတ်ချမ်းသာမှာပဲ’လို့ မျှော်လင့်တတ်ကြတယ်။ အဲဒီနေ့က မသေချာဘူး။ သေချာတာက အခုပဲ၊ အခု စိတ်ချမ်းသာမှ နောက်စိတ်ချမ်းသာမှာ၊ ဒါကြောင့် အခုပဲ စိတ်ချမ်းသာအောင် နေလိုက်ပါ။

Most Popular

Healthy Life Ad
To Top