Healthy Life Ad
Child

သွေးလွန်တုပ်ကွေး အန္တရာယ်ကင်းဂါထာ

ပါမောက္ခဦးစောဝင်း ကလေးအထူးကု ဆရာဝန်ကြီး

မေး။ ။ ဆရာ့ဆောင်းပါးခေါင်းစဉ်က ‘သွေးလွန်တုပ်ကွေး အန္တရာယ်ကင်းဂါထာ’ဆိုတော့ ဆရာက ဂမ္ဘီရ ပညာလည်းဝါသနာပါတယ် ထင်တယ်နော်။

ဖြေ။ ။ မဟုတ်ရပါဘူးဗျာ။ ဂါထာတို့၊ မန္တာန်တို့က တိုတိုတုတ်တုတ်တွေမို့ မှတ်သားရလွယ်ကူစေတယ်။ ဒါကြောင့်လည်း ရေးဖြစ်တာပါ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက အိပ်ရာဝင်တိုင်း နားထောင်ရတဲ့ မောင်ပေါက်ကျိုင်း ဒဏ္ဍာရီထဲမှာပါတဲ့ “မအိပ်မနေ အသက်ရှည်”၊ “သွားပါများ ခရီးရောက်”၊ “မေးပါများ စကားရ”စတဲ့ တိုတိုတုတ်တုတ် ဂါထာလေးတွေကို အားကျလို့ပါ။

မေး။ ။ဒါ့ဖြင့်လည်း ဆရာ့ဂါထာကို ကြားပါရစေဦး။

ဖြေ။ ။ ကျွန်တော့်ဂါထာကတော့ ခေါင်းစဉ်တပ်ထားသလို သွေးလွန်တုပ်ကွေးဖြစ်ရင် အန္တရာယ်ကင်းစေဖို့ ရည်ရွယ်ပြီး စပ်ဖြစ်တာပါ။ ဂါထာအပြည့်အစုံကတော့-

‘ရာသီတိုင်းတွင် ဖျားနာလျှင် သွေးလွန်တုပ်ကွေးမှတ်၊ အဖျားကျစဉ် မလန်းလျှင် အစဉ် သတိချပ်’
မေး။ ။ ပထမအပိုဒ်က ဘာအဓိပ္ပာယ်လဲ ဆရာ။

ဖြေ။ ။ သွေးလွန်တုပ်ကွေးဖြစ်ရင် စောစောသိဖို့ လိုပါတယ်။ ဒါမှ လိုအပ်သလို စနစ်တကျ စောင့်ကြည့်နိုင်မယ်။ ဆေးရုံတင်သင့်တဲ့ အချိန်မှာ တင်မယ်၊ ဒါမှ အန္တရာယ်ကင်းမှာပါ။ သွေးလွန်တုပ်ကွေးက ခြင်ပေါက်ဖွားမှုများတဲ့ မိုးရာသီကာလတွေမှာ အဖြစ်အများဆုံးပါ။ ဒါပေမဲ့ တစ်နှစ်ပတ်လုံး ကြိုကြားကြိုကြား ရှိနေတတ်ပါတယ်။ ဒါကြောင့် ဘယ်ရာသီမှာ ဖျားဖျား သွေးလွန်တုပ်ကွေး ဟုတ်၊ မဟုတ် ဆိုတာကိုတော့ အမြဲသတိထားနေသင့်ပါတယ်။ ဆရာဝန်၊ ဆရာမတွေဘက်ကလည်း အမြဲဖြစ်နိုင်ခြေရှိတာကို သိထားရပါမယ်။ တစ်ခါသွေးလွန်တုပ်ကွေးက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့အတွက် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါတွေရဲ့ သဘာဝအတိုင်း တစ်ကိုယ်လုံးမှာ လက္ခဏာပြနိုင်ပါတယ်။ ချောင်းဆိုးနှာစေးလည်း ဖြစ်နိုင်သလိုအော့အန်ဝမ်းပျက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေရှိလို့ သွေးလွန်တုပ်ကွေး မဟုတ်ဘူးလို့လည်း ပြောလို့မရပါဘူး။ အဖျားကြီးရင်၊ မှိန်းရင်၊ကိုယ်လက်ကိုက်ခဲရင်၊ မစားချင်မသောက်ချင်ဖြစ်ရင် ဘယ်ရာသီဖြစ်ဖြစ်၊ ဘယ်လိုတခြားလက္ခဏာတွေရှိရှိ သွေးလွန်တုပ် ကွေးရောဂါဖြစ်နိုင်ကြောင်း သတိရှိသင့်ပါတယ်။ မိဘတွေ သိဖို့လိုသလို စမ်းသပ်စစ်ဆေးပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း သတိရှိနေရပါမယ်။ ပထမအပိုဒ်ဖြစ်တဲ့ “ရာသီတိုင်းတွင် ဖျားနာလျှင်၊ သွေးလွန်တုပ်ကွေးမှတ်”ဆိုတာ ဒါကို ဆိုလိုတာပါ။

ဒီကလေးတွေက ကျောင်းမှာ၊ ကျူရှင်မှာ မလန်းမဆန်းမို့ ခေါင်းမထောင်နိုင်ပါဘူး။ အဲဒီလို သွေးလန့်တဲ့ အချိန်မှာ အချိန်မီအကြောဆေးရည်သွင်းပြီး ကုသမှုက အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့အထဲမှာ ကျွန်တော့်မိတ်ဆွေ ဆရာဝန်တွေရဲ့ သားသမီးတောင် ရှိခဲ့ဖူးပါတယ်။

မေး။ ။ သွေးလွန်တုပ်ကွေးဖြစ်ရင် ဘာလို့ စောစောသိဖို့ လိုတာလဲ ဆရာ။

ဖြေ။ ။ သွေးလွန်တုပ်ကွေးဖြစ်ရင် စောစောသိဖို့ လိုပါတယ်။ ဒါမှသာ အန္တရာယ်ရှိတဲ့ လက္ခဏာတွေကို ကြိုတင်သိရှိပြီး လိုအပ်သလိုကုသနိုင်မှာပါ။ သွေးလွန်တုပ်ကွေးမှာ ဖျားပြီး သုံးရက်က ငါးရက်လောက် အတွင်းမှာ သွေးလန့်တာဖြစ်တတ်ပါတယ်။ ကလေးက အဖျားကျသွားပေမယ့်လည်း မလန်းဆန်းဘဲ မှိန်းနေတယ်၊ ကယောင်ကတမ်း ဖြစ်တတ်ပါတယ်။ ဒီလိုသွေးလန့်ခြင်း ဖြစ်နိုင်တာကို ကြိုတင်ခန့်မှန်းထား၊ ကြိုတင်ကုထားလို့ ရပါတယ်။ သွေးလန့်ခြင်း ဖြစ်ရင်လည်း သွေးလန့်တဲ့အချိန်ကို တိုနိုင်သမျှ တိုအောင် ကုသရပါတယ်။ တကယ်အန္တရာယ်ကြီးတဲ့ ခန္ဓာကိုယ်တွင်း သွေးယိုခြင်းတွေက အများအားဖြင့် သွေးလန့်ချိန်ကြာတဲ့ လူနာတွေမှာသာ ဖြစ်တာပါ။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်မှန်းသိဖို့၊ တချို့ လူနာတွေမှာဖြစ်တတ်တဲ့ သွေးလန့်ခြင်းဖြစ်ရင်လည်း ဖြစ်မှန်းသိဖို့ လိုအပ်သလို အချိန်ကိုက်ကုသဖို့ အလွန်အရေးကြီးပါတယ်။

မေး။ ။ ဒုတိယအပိုဒ်ကို ရှင်းပြပါဦး ဆရာ။

ဖြေ။ ။ ဒုတိယအပိုဒ်က “အဖျားကျစဉ် မလန်းလျှင်၊ အစဉ် သတိချပ်” ဆိုတာ ကျွန်တော် ဖော်ပြခဲ့ပြီးပါပြီ။ သွေးလွန်တုပ်ကွေးဖြစ်တဲ့ လူနာတိုင်း သွေးလန့်တဲ့ အခြေအနေကို မရောက်ပါဘူး။ တချို့မှာတော့ သွေးလန့်တဲ့ အခြေအနေကို ရောက်ပါတယ်။ သွေးလန့်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဆံချည်မျှင်သွေးကြောငယ် လေးတွေထဲမှာရှိတဲ့ သွေးရည်ကြည်တွေဟာ ရောင်ရမ်းနေတဲ့ ဆံချည်မျှင်သွေးကြောလေးတွေရဲ့ ပြင်ပကိုထွက်သွားလို့ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရင် သွေးပေါင်ကျခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း၊ ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်စီးဆင်းမှု မလုံလောက်တော့ခြင်းတွေ ဖြစ်ပါတယ်။ သွေးလန့်တဲ့အခြေအနေကို အမြန်ဆုံးသိပြီး အမြန်ဆုံးကုဖို့ လိုပါတယ်။

သွေးလွန်တုပ်ကွေးမှာ ထူးခြားတဲ့အချက်တစ်ခုကတော့ သွေးလန့်ခြင်းဖြစ်ချင်ရင် အဖျားကကျသွားပါတယ်။ အဖျားကျသွားပေမယ့်လည်း ကလေးက ခေါင်းမထောင်ဘူး၊ မဆော့ပါဘူး။ တစ်ခါတလေ အန်တာ၊ မူးတာ၊ ထိုင်လိုက် ထလိုက်ရင် မူးမေ့လဲတာ တွေဖြစ်တတ်ပါတယ်။ သာမန်အားဖြင့် အဖျားကျသွားရင် လူကလန်းဆန်းလာရမှာပါ။ သွေးလန့်ခြင်း ဖြစ်ရင်တော့ အဖျားကကျပြီး မလန်းမဆန်းဖြစ်နေတတ်ပါတယ်။

သဘာဝအားဖြင့် အဖျားကျသွားရင် မိဘတွေရော ကျန်းမာရေးဝန်ထမ်းတွေပါ စိတ်အေးသွားတတ်ပါတယ်။ တချို့ဆိုရင် ကျောင်း၊ ကျူရှင်တွေ လွှတ်တာတွေတောင် တွေ့ရပါတယ်။ တကယ်ဆိုရင် ဒီကလေးတွေက ကျောင်းမှာ၊ ကျူရှင်မှာ မလန်းမဆန်းမို့ ခေါင်းမထောင်နိုင်ပါဘူး။ အဲဒီလို သွေးလန့်တဲ့ အချိန်မှာ အချိန်မီ အကြောဆေးရည်သွင်းပြီး ကုသမှုက အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အထဲမှာ ကျွန်တော့်မိတ်ဆွေ ဆရာဝန်တွေရဲ့ သားသမီးတောင် ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် အဖျားကျပြီး မလန်းဆန်းရင် အရေးကြီးကြောင်းသိဖို့ “အဖျားကျစဉ် မလန်းလျှင်၊ အစဉ် သတိချပ်”လို့ ဒုတိယအပိုဒ်ကို စပ်ထားတာပါ။

မေး။ ။ အခုလို ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ သွေးလွန်တုပ်ကွေးဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေက ဘာတွေပါလဲ ဆရာ။

ဖြေ။ ။ အဖျားကြီးပြီး အောက်ပါအချက်တွေထဲက နှစ်ချက်ရှိရင် သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေ ရှိတယ်လို့ သတ်မှတ်ရပါတယ်။ အဲဒါတွေကတော့-

(၁) ပျို့ခြင်း၊ အန်ခြင်း၊

(၂) အရေပြားမှာ အပိန့်ထွက်ခြင်း၊

(၃) နာကျင်ကိုက်ခဲခြင်း၊

(၄) သွေးပေါင်ချိန်တိုင်းကိရိယာနဲ့ စမ်းသပ်မှု (Hess Test) လုပ်ရာမှာ ရောဂါလက္ခဏာ ပြခြင်း၊

(၅) သွေးစစ်ကြည့်ရင် သွေးဖြူဥ (Total White Cell Count) နည်းခြင်း၊

(၆) အန္တရာယ်လက္ခဏာတစ်ခုခု ရှိခြင်းတို့ ဖြစ်ပါတယ်။

ဒါကိုကြည့်ရင် သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေ ရှိခြင်း (Probable Dengue)ကို တော်တော်များများ အဖျားတွေမှာ တွေ့နိုင်ပါတယ်။

မေး။ ။ အန္တရာယ်လက္ခဏာတွေက ဘာတွေပါလဲ ဆရာ။
ဖြေ။ ။ သွေးလွန်တုပ်ကွေးလို့ သံသယရှိတဲ့ ဒါမှမဟုတ် သေချာတဲ့လူနာမှာ အောက်ပါအချက်အလက်တွေရှိရင် အန္တရာယ်လက္ခဏာလို့ သတ်မှတ်ရပါတယ်။

(၁) ဗိုက်နာခြင်း သို့မဟုတ် လက်ဖြင့် ဖိကြည့်လျှင် နာခြင်း၊

(၂) မကြာခဏ အန်ခြင်း၊

(၃) ဝမ်းဗိုက်၊ အဆုတ်တို့တွင် ရေစုခြင်း၊

(၄) ကော်ဖီနှစ်ရောင် အန်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံး သွေးယိုခြင်း၊

(၅) နုံးခွေခြင်း သို့မဟုတ် ဂနာမငြိမ်ဖြစ်ခြင်း၊

(၆) အသည်း နှစ်စင်တီမီတာထက် ပိုကြီးခြင်း၊

(၇) သွေးပြစ်နှုန်း (PCV) တက်လာခြင်း သို့မဟုတ် သွေးဥမွှား (Platelet Count) ကျလာခြင်း။

အဲဒီအချက်တွေထဲက တချို့ကတော့ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းက စစ်ဆေးမှ၊ ဓာတ်ခွဲ စမ်းသပ်မှရမယ့် အချက်တွေ ဖြစ်ပါတယ်။

မေး။ ။ အဲဒီတော့ သွေးလွန်တုပ်ကွေးဖြစ်ရင် ဘယ်အချိန်မှာ ဆေးရုံတင်ရမလဲ ဆရာ။

ဖြေ။ ။ ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးရောဂါတိုင်းကို ဆေးရုံတင်ရမှာပါ။ အထက်မှာ ဖော်ပြခဲ့တဲ့အန္တရာယ် လက္ခဏာတစ်ခုခု ရှိနေရင်လည်း ဆေးရုံတင်ရပါမယ်။ တစ်နှစ်အောက်ကလေး၊ အဝလွန်တဲ့ ကလေး၊ တခြားရောဂါတွေ (ဥပမာ- မွေးရာပါ သွေးအားနည်း ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ)ရှိတဲ့သွေးလွန် တုပ်ကွေးလူနာတွေလည်း ဆေးရုံတင်ထားရပါတယ်။ ဒါ့အပြင် သွေးလွန်တုပ်ကွေးဖြစ်တဲ့ လူနာတစ်ဦးဟာ အချိန်မရွေး သွေးလန့်တဲ့ အဆင့်ကို ရောက်သွားနိုင်တာမို့ သွားရေးလာရေး ခက်ခဲတဲ့၊ ဆေးရုံနဲ့ အလှမ်းဝေးတဲ့ နေရာမှာ နေတဲ့ လူနာတွေဆိုရင်လည်း ဆေးရုံတင်ထားသင့်ပါတယ်။

မေး။ ။ ကျေးဇူးတင်ပါတယ်ဆရာ။ နိဂုံးချုပ်အနေနဲ့ ဘာများ မှာကြားချင်ပါသလဲ ဆရာ။

ဖြေ။ ။ အဓိကကတော့ သွေးလွန်တုပ်ကွေးဖြစ်ရင် ဖြစ်မှန်း သိဖို့၊ လိုအပ်ရင် ဆေးရုံတင်ထားဖို့၊ သွေးလန့် တာကို စောစောသိပြီး ထိထိရောက်ရောက်ကုသဖို့ တို့ဟာ သွေးလွန်တုပ်ကွေးကြောင့် အသက်မဆုံးရှုံး ရရေးအတွက် သော့ချက်တွေပါပဲ။ ဒီအတွက် ကျွန်တော်ရဲ့ “သွေးလွန်တုပ်ကွေး အန္တရာယ်ကင်း ဂါထာ”က အများကြီး အထောက်အကူ ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

သွေးလွန်တုပ်ကွေး အန္တရာယ်ဘေးမှ ကင်းဝေးကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top