Healthy Life Ad
International

ကမ္ဘာ့ အဆိုးရွားဆုံး ဆေးရုံ

မိုးမင်းထွန်း

ဗင်နီဇွဲလားနိုင်ငံမှ ဆေးရုံတွေရဲ့ ထိတ်လန့်စရာ မြင်ကွင်းဓာတ်ပုံတွေဟာ ပေါ်ထွက်လာခဲ့ပါတယ်။

ပျက်စီးနေပြီဖြစ်တဲ့ ဆေးကိရိယာတွေ၊ ဆေးဝါး မပြည့်စုံမှုတွေနဲ့ မသတီစရာနေရာတွေမှာ လှဲလျောင်းနေတဲ့ လူနာတွေရဲ့ မြင်ကွင်းဓာတ်ပုံတွေဟာ ထိတ်လန့်စရာကောင်းခဲ့ပါတယ်။

ဒါပေမဲ့ ဆိုရှယ်လစ်သမ္မတ နီကိုလက်စ်မာဒူရို ကတော့ နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ကမ္ဘာ့ဒုတိယအကောင်းဆုံးလို့ ဆိုနေပါသေးတယ်။

ဗင်နီဇွဲလားစီးပွားရေးဟာ ဇန်နဝါရီလက ရေနံဈေး ကျဆင်းမှုနဲ့အတူ တဟုန်ထိုးကျဆင်းလာခဲ့ပါတယ်။ စီးပွားရေးကျဆင်းမှုနဲ့အတူ တောင်အမေရိက နိုင်ငံရဲ့ငွေကြေးဖောင်းပွမှုဟာလည်း မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံဆေးရုံတွေမှာ ကိရိယာနဲ့ဆေးဝါးပစ္စည်းတွေကို ပြည့်ပြည့်စုံစုံ ထောက်ပံ့ပေးနိုင်မှု မရှိတော့ပါဘူး။နယူးယောက်တိုင်းမ်စ်မှ မီရာဒစ်ကိုဟုက လူးဝစ်ရာဇက်တီဆေးရုံမှ ဓာတ်ပုံတွေကို ရိုက်ယူနိုင်ခဲ့ပါတယ်။ သူရောက်တဲ့အချိန်မှာ ဆေးရုံမှာ ကလေး ၇ ဦးသေဆုံးခဲ့ပါတယ်။ ကလေးတစ်ယောက် သေတာက နေ့စဉ်ကြုံတွေ့နေကျလို့ ဒေါက်တာ ကာမီဂျိုက ပြောပါတယ်။

ခွဲခန်းတွေမှာ လူနာတွေဟာ သွေးတွေပေနေတဲ့ ခုတင်တွေမှာ စောင့်ဆိုင်းနေကြရပါတယ်။ ဆေးရုံမှာ ရေအလုံအလောက်မရှိတာကြောင့် ခွဲစိတ်ခုတင်တွေကို သန့်ရှင်းနိုင်ခြင်းမရှိပါဘူး။ ခွဲစိတ် ဆရာဝန်တွေဟာ ကာဗွန်ရေတွေနဲ့ သူတို့ရဲ့လက်တွေကို ဆေးကြောနေကြရပါတယ်။ ဓာတ်မှန်ရိုက်စက်နဲ့ ကျောက်ကပ်ဆေးစက်တွေဟာ အလုပ်မလုပ်တော့ပါဘူး။ ၁၉ရာစုနှစ်ကို ရောက်နေသလိုပါပဲလို့ ဒေါက်တာ ပီနိုကဆိုပါတယ်။ မီးပျက်သွားရင် မီးစက်က လည်းပျက်နေတာကြောင့် လူနာတွေဟာ အမှောင်ထဲမှာ နေကြရပါတယ်။ လူတွေက သက်သာချင်လို့ ဒီကိုလာကြပေမယ့် အသက်သေဆုံးပြီးမှ ပြန်ကြရပါတယ်လို့ ပြောပြပါတယ်။

လွန်ခဲ့တဲ့ ဧပြီလက ဆေးရုံပစ္စည်းနဲ့ ဆေးဝါးတွေခိုးမှုကြောင့် ဆေးရုံဒါရိုက်တာ အကွီးလက်မာတီနက်ဟာ အဖမ်းခံခဲ့ရပါတယ်။

ဆေးရုံမှာ ဆပ်ပြာ၊ စက္ကူနဲ့ ဆေးဝါးတွေပြတ်လပ်နေပြီး အသက်ကယ်ဆေးတွေရရှိဖို့ လူနာတွေဟာ မှောင်ခိုဈေးကွက်တွေကိုသာ အားထားနေရတယ်လို့လည်း သိရပါတယ်။

သမ္မတမာဒူရိုကတော့ သူ့နိုင်ငံရဲ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်ဟာ ကျူးဘားပြီးရင် ကမ္ဘာမှာ အကောင်းဆုံးဖြစ်နေဆဲဆိုပြီး ဝါဒဖြန့်နေတုန်း ရှိပါသေးတယ်။

(Ref; NA)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top