Healthy Life Ad
Life Style

သမ္မတတာဝန်ကို ဘယ်အသက်အရွယ်အထိ လုပ်ဆောင်နိုင်စွမ်းရှိသလဲ …

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်ဆရာဝန်ကြီး)၏ သုံးသပ်ချက်

ဟိုးအရင်တုန်းက လူတွေရဲ့အသက်က သိပ်မရှည်ကြဘူး။ ဥပမာ ကျောက်ခေတ်တုန်းကဆိုရင် အသက် ၂၅နှစ် ဝန်းကျင်လောက်ပဲ အသက်ရှည်ခဲ့တယ်၊ ဒုတိယကမ္ဘာစစ်မတိုင်ခင်က လူတွေရဲ့ ကျန်းမာရေးအခြေအနေအရ သက်တမ်းက ၃၅-၄၀နှစ် လောက်ပဲရှိခဲ့ပါတယ်။ ဒီခေတ်လောက်မကောင်းပါဘူး၊ ဒီခေတ်ပိုင်းရောက်လာချိန်မှာ လူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပုံစံကကောင်းလာတယ်၊ ဆေးကုသမှုစနစ်တွေက ခေတ်မီလာတယ် . . အဲဒီတော့ လူတွေက အသက်ရှည်လာပါတယ်။

ဥပမာ-သူများနိုင်ငံတွေမှာ ပျမ်းမျှလူ့သက်တမ်းက ၇၅ နှစ်-၈၀ လောက်ဖြစ်လာပါပြီ။ လူတွေက အသက်ရှည်လာတဲ့အပြင် ပိုလည်းကျန်းမာလာကြပါတယ်။ ရောဂါအသစ်တွေ ဖြစ်လာတယ်ဆိုပေမယ့် အကြမ်းအားဖြင့် လူတွေက ပိုကျန်းမာလာတဲ့သဘောရှိလာပါတယ်။ လူတစ်ယောက်ရဲ့ ဘဝအရည်အသွေး (Quality Of Life)က ဘယ်ပေါ်မှာ မူတည်သလဲဆိုရင် အသက်အရွယ်ပေါ်မှာ မမူတည်ပါဘူး၊ သူဘယ်လောက် ကျန်းမာသလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ ကျန်းမာလို့ရှိရင် သူရဲ့ဘဝအရည်အသွေးက ရှိနေမှာပါပဲ။ ဘဝအရည်အသွေးရှိနေသမျှကာလပတ်လုံး သူရဲ့လုပ်ရည်ကိုင်ရည်ကလည်း ရှိနေမှာပါပဲ။

အကြမ်းအားဖြင့် ပြောရရင် ဒီခေတ်က အရင်ခေတ်နဲ့ မတူတော့ဘူး။ အရင်တုန်းကဆို အသက် ၅၅ နှစ်ဆို ပင်စင်ပေးတယ်။ နောက်ပိုင်း လူတွေ အသက်ရှည်ကျန်းမာလာတော့ ၆၀ ကျမှ ပင်စင်ပေးတယ်။ လူတစ်ယောက်က သူရဲ့ ကျန်းမာရေးကောင်းတယ်၊ အသက်ရှည်တယ်ဆိုရင် ကျန်းမာရေးကောင်းမွန်သလောက် ဦးဆောင်နိုင်စွမ်းရှိနေပါတယ်။ အလုပ်လုပ်နိုင်တဲ့ အပိုင်းတွေရှိပါတယ်။ ဒါက သိပ္ပံပညာတိုးတက် လာတာနဲ့အမျှ လူမှုရေး အခြေအနေတွေကလည်း ပြောင်းလဲလာပါတယ်။

အဲဒီလို ပြောင်းလဲလာတဲ့အလျှောက် လူတွေက ပိုအသက်ရှည်လာတယ်၊ ပိုကျန်းမာလာတယ်၊ ပိုလုပ်နိုင်၊ ကိုင်နိုင်လာတယ် . . ဒီတော့ လူတစ်ယောက်ရဲ့ ဦးဆောင်နိုင်စွမ်းဆိုတာ ကျန်းမာနေရင် ကျန်းမာနေသလောက် ရှိနေမှာဖြစ်ပါတယ်။ ဉာဏ်ရည်ကလည်း ကျန်းမာနေရင် ကျန်းမာနေသလောက် ဉာဏ်ကောင်းနေမှာပဲ ဖြစ်ပါတယ်။ အသက်ကြီးလာရင် ဉာဏ်ရည်ကျမယ် . . လို့ အရင်ကထင်ခဲ့ပေမယ့် တကယ်တမ်း ကျန်းမာနေတဲ့သူတွေမှာ ထင်သလောက်ကျမသွားပါဘူး။ ပိုပြီး ရင့်ကျက်လာတယ်၊ ပိုပြီးအတွေးအခေါ် ကောင်းလာတယ်၊ အတွေ့ အကြုံပြည့်ဝလာလို့ ကျန်းမာထက်မြက်တဲ့ အသက်ကြီးသူတစ်ဦးရဲ့ ဆုံးဖြတ်ချက်ဟာ လူငယ်အများစုနဲ့ စာရင် ပိုမှန်ဖို့ရှိပါတယ်။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)၏ သုံးသပ်ချက်

ဦးဆောင်ရမယ့် အလုပ်၊ ဦးဆောင်ရမယ့်နေရာမှာ လုပ်ရမယ့်လူက အကောင်းဆုံးအသက်အရွယ်ဆိုရင် ၃၀ ကျော်ကနေ ၆၀ အထိ အရွယ်က အကောင်းဆုံး ဦးဆောင်နိုင်စွမ်းရှိတဲ့ အရွယ်ပါ။ အသက် ၆၀ ကျော်သွားရင် လူရဲ့ ကျန်းမာမှု၊ ဖျတ်လတ်မှုက နည်းနည်းတော့ ကျသွားပါတယ်။ ဒါပေမဲ့ ဦးနှောက်အနေနဲ့ကတော့ များသောအားဖြင့် မကျပါဘူး၊ ဒါကြောင့် အသက် ၆၅- ၇၀နှစ်အထိ သမ္မတလုပ်ခွင့်ပေးကြတာပါ။

အသက် ၇၀ ကျော်သွားရင်တော့ များသောအားဖြင့် ခန္ဓာကိုယ်က စိတ်ပါတိုင်း မလိုက်နာတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဦးနှောက်မှတ်ဉာဏ်ကလည်း အရင်လို မမှတ်နိုင်တော့ဘဲ မေ့လျော့တာဖြစ်တတ်ပါတယ်။ ဒါကြောင့် ၇၅ နှစ် ကျော်သွားရင်တော့ ဖျတ်လတ်မှုလျော့ကျသွားပြီး မှတ်ဉာဏ်ပါ နည်းနည်းကျသွားနိုင်ပါတယ်။ လူတစ်ယောက်က ခန္ဓာကိုယ်ကျန်းမာရေးကောင်းတယ်၊ ထက်မြက်တယ် . . သူက သူ့အသက်အရွယ်ရှိတဲ့ တခြားသူ အများစုထက်ပိုပြီး ကျန်းမာရေးကောင်းတဲ့သူ ဖြစ်နေတယ်ဆိုရင် အသက်ကြီးနေလည်း တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုဖို့ သင့်တော်မှုရှိပါတယ်။

ဘယ်တော့ပင်စင်ယူရမလဲဆိုတာ အချိန်အတိုင်းအတာအရ သက်မှတ်ထားတဲ့အရွယ် (Chronological Age)က အဓိကကျတာမဟုတ်ပါဘူး။ Intellectual Age က အဓိကကျတာ ဖြစ်ပါတယ်။ လူတစ်ယောက် စကားနှစ်ခွန်း၊ သုံးခွန်းပြောတာကို နားထောင်ကြည့်လိုက်ရင်၊ စာနယ်ဇင်းရှင်းလင်းပွဲမှာ သူပြောတာကို နားထောင်ကြည့်လိုက်ရင် သူရဲ့ Intellectual Age ကို သိနိုင်တာပဲ …

ပါမောက္ခဦးခင်မောင်ဝင်း (အသည်းအထူးကု ဆရာဝန်ကြီး)၏ သုံးသပ်ချက်

အမေရိကားမှာ ပင်စင်ဆိုတာမရှိဘူး၊ အင်္ဂလန်မှာကရှိတယ်။ ပရော်ဖက်ဆာတစ်ယောက်ဟာ အသက် ၆၅နှစ်ဆိုရင် ပင်စင်ယူရမယ်။ အမေရိကားမှာ ဆရာ့ မိတ်ဆွေပရော်ဖက်ဆာတစ်ဦးဆိုရင် အသက် ၈၂ နှစ်ရှိပြီ၊ အခုထက်ထိလုပ်တုန်း။ သူ့အောင်မြင်မှု (Achievement) တွေကိုကြည့်ပြီး ဆုံးဖြတ်ရမယ်၊ ဒီပါမောက္ခက ဒီနှစ် အပြည်ပြည်ဆိုင်ရာ ညီလာခံတွေမှာ စာတမ်းတွေ ဘယ်လောက်ဖတ်နိုင်သလဲ စတာတွေကို ကြည့်ရမယ်။ အမေရိကားမှာ ပင်စင်ယူတဲ့အသက်ကို မရှိဘူး၊ လုပ်နိုင်ရင် လုပ်နိုင်သလောက် လုပ်သွားလို့ရတယ် . . အဲဒီလိုပဲ ဖြစ်သင့်ပါတယ်။ လုပ်နိုင်နေတယ်ဆိုရင် လုပ်ဆောင်နိုင်နေသရွေ့ထားရမယ် . .

ဆရာ့ရဲ့ဆရာ ပါမောက္ခဦးအောင်သန်းဘတူဆိုရင် အသက် ၈၆ နှစ်ရှိပြီ . . ဟိုတစ်နေ့က ပြောလိုက်တယ်။

“ဆရာကတော့ မနက်အိပ်ရာထတယ်၊ တရားမှတ်တယ်၊ တီဗီလေးကြည့်တယ် . . တီဗီကြည့်ရင်း အိပ်ပျော်သွားတယ်၊ နေ့လယ်စာ စားတယ်၊ တီဗီပြန်ကြည့်တယ် . . အဲဒီလိုမျိုးနဲ့ သေမယ့်အချိန်ကို စောင့်နေရတဲ့ ဘဝမျိုး ဘယ်တော့မှမနေနိုင်ဘူး”တဲ့ . .
“ဆရာ . . ဘယ်တော့မှ အလုပ်လုပ်တာကို မရပ်နိုင်ဘူး”တဲ့။

ဆရာဦးအောင်သန်းဘတူက အသံလည်းကောင်းတယ်၊ မျက်စိလည်းကောင်းတယ်၊ နားလည်းကောင်းတယ်၊ တက်တက်ကြွကြွလည်းလုပ်နိုင်တယ်ဆိုတော့ အသက် ၈၆ နှစ်နဲ့ မြန်မာနိုင်ငံ ဆေးပညာအဖွဲ့မှာ EC Member လုပ်နေတာ . .ဒါကို ကြည့်လိုက်ရင် လူတစ်ယောက် ဘယ်လောက်အထိ အလုပ်လုပ်နိုင်သလဲဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက် တူမှမတူဘဲ . .တချို့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ကျသွားတာရှိပေမယ့် တချို့ကတော့ ကြီးတဲ့အထိ လုပ်ဆောင်နိုင်နေတုန်း။

ဆရာကတော့ အမေရိကန်စနစ်ကိုပဲ ကြိုက်တယ်။ အသက်နဲ့ တိုင်းတာပြီး အနားယူတယ်ဆိုတာမရှိဘူး၊ သူရဲ့ လုပ်ဆောင်နိုင်မှုနဲ့ တိုင်းတာပြီး ဆက်လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်သင့်ပါတယ်။ ဘယ်လောက်အသက်ကြီးသွားပါစေ၊ ဦးနှောက်နဲ့ ဉာဏ်ရည်ဆိုတာကလည်း ကောင်းတဲ့သူက ကောင်းနေတာပါပဲ။ ဒါကလည်း လူပေါ်မူတည်ပါတယ်။ တချို့တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဉာဏ်ရည်ကျချင်ကျနေနိုင်ပါ တယ်။

ဆရာရဲ့ အတွင်းရေးမှူး ကရင်အမျိုးသမီး ဒေါ်ဖလောရန့်စ်ဆိုရင် အသက် ၈၆ နှစ်ရှိပြီ။ မနေ့က ဆရာ့ဆီကိုလာပြီး “ရာကြီးရှင့် . . ကျွန်မလုံးဝ အနားယူသင့်ပါပြီ”ဆိုတဲ့ စာတင်တယ်။ ဆရာလက်မခံပါဘူး။ သူ နားလည်းကောင်းတယ်၊ မျက်စိလည်း ကောင်းတယ်၊ သွက်သွက်လက်လက် ချက်ချက်ချာချာနဲ့ သွားလာနိုင်နေတယ် . . သူက အခုထက်ထိ လုပ်ဆောင်နိုင်နေတုန်းပဲလေ . . ခြုံပြောရမယ်ဆိုရင်တော့ ဒီအသက်အရွယ်ဆိုရင် နားသင့်တာမှန်ပေမယ့် စူပါဘရိန်းတွေကရှိနေတာကို လက်ခံရမယ် . . ဆရာ့အမြင်အရ သူ့ကို အနားပေးလိုက်ရင် အိမ်မှာအလုပ်မလုပ်ဘဲနေရင် တစ်နှစ်လောက်အတွင်း ကျသွားမှာပဲလို့ထင်တယ်။

လူတစ်ယောက်က လုပ်ဆောင်နိုင်စွမ်းရှိ၊ မရှိဆိုတာကို အကဲခတ်ကြည့်လိုက်ရင် သိတာပဲလေ. . သူရဲ့ လုပ်ဆောင်ချက်တွေ၊ သူပြောတဲ့ စကားတွေ၊ သူပြောတာ မှန်သလား၊ မှားသလား ဆိုတာတွေကိုကြည့်ပြီး သူဟာဆက်လက်ဦးဆောင်နိုင်စွမ်းရှိတယ်ဆိုတာကို အကဲခတ်လို့ရတယ်။

ဆရာ့အသက်အရွယ်မှာ တချို့သူတွေ ကျသွားပေမယ့် ဆရာဆိုရင် မှတ်မိနိုင်စွမ်းက ကောင်းနေတုန်းပဲ . . ပြီးတော့ ဆရာက ဘယ်တော့မှ နားမယ့်သူမဟုတ်ပါဘူး၊ ဆရာ့မှာ လုပ်စရာတွေ အများကြီးရှိနေတယ် . . လူငယ်တွေ အထွေထွေဗဟုသုတ ရှိသွားအောင် အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံတွေ ရေးချင်တယ်၊ ဘာသာတရားအားလုံးကို ဖီလော်ဆော်ဖီအမြင်နဲ့ အတွေးအခေါ်၊ အယူအဆ စတာတွေကို အနှစ်ချုပ်ပြီး ရေးပြချင်တယ်၊ အင်္ဂလိပ်စာကို မြန်မာလူငယ်တွေ နားလည်အောင် သေချာရေးပြချင်တယ်၊ ဂေါက်သီးနဲ့ ပတ်သက်လို့လည်း စာတွေရေးချင်တယ် . .

ခြုံပြောရမယ်ဆိုရင် ဘယ်တော့ ပင်စင်ယူရမလဲဆိုတာ အချိန်အတိုင်းအတာအရ သက်မှတ်ထားတဲ့အရွယ် (Chronological Age)က အဓိကကျတာမဟုတ်ပါဘူး။ Intellectual Age က အဓိကကျတာ ဖြစ်ပါတယ်။ လူတစ်ယောက် စကား နှစ်ခွန်း၊ သုံးခွန်း ပြောတာကို နားထောင်ကြည့်လိုက်ရင်၊ သူက စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောတာကို နားထောင် ကြည့်လိုက်ရင် သူရဲ့ Intellectual Age ကို သိနိုင်တာပဲ။ လူတစ်ယောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကိုကြည့်ပြီး ဘယ်အသက်အရွယ်အထိ လုပ်သင့်သလဲဆိုတာကို ဆုံးဖြတ်ရမှာပဲ ဖြစ်တယ်။

ခေါင်းဆောင်တစ်ယောက်မှာ အတွေ့အကြုံ၊ အသိပညာ ဗဟုသုတ၊ တန်ဖိုးနှုန်းစံ၊ ကျွမ်းကျင်မှုတွေ၊ အပြုအမူ စတဲ့ အရည်အချင်းတွေရှိဖို့နဲ့ ခေါင်းဆောင်မှုပုံစံကောင်းရှိဖို့ဟာ အသက်အရွယ်ထက် ပိုပြီးအရေးကြီးပါတယ်။

ဒေါက်တာဦးအုန်းကျော် စိတ်ကျန်းမာရေး ဆရာဝန်ကြီး (အငြိမ်းစား)၏ သုံးသပ်ချက်

အသက်ကြီးသူတွေကို အုပ်စုနှစ်စု ခွဲခြားထားပါတယ်။ အသက် ၆၅ နဲ့ ၇၄ ကြားကို ငယ်ရွယ်တဲ့ အသက်ကြီးသူအစုလို့သတ်မှတ်ပြီး ၇၅ ထက်ကြီးသူကို အသက်ကြီးသူအစုလို့ သတ်မှတ်ထားပါတယ်။

(၁) ဒီအသက်အရွယ်တွေကို စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာတယ်လို့ သတ်မှတ်ပါတယ်။

(၂) အသက်ကြီးတာနဲ့ဆက်စပ်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ချို့ယွင်းမှုတချို့ရှိပေမယ့်လည်း လုပ်ငန်းဆောင်တာ လုပ်ဆောင်ရာမှာ မထိခိုက်နိုင်ပါဘူး။

(၃) ကျန်းမာရေးမကောင်းရင်တော့ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးပြဿနာတွေရှိပြီး လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုရှိဖို့လိုအပ်ကာ ကောင်းမွန်စွာ အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။

အသက်ကြီးသူအများစုဟာ ဒုတိယအချက်နဲ့ ကိုက်ညီလေ့ရှိတတ်ကြပါတယ်။ သူတို့ရဲ့ မှတ်ဉာဏ်၊ အာရုံစူးစိုက်နိုင်မှု၊ အကဲဖြတ်နိုင်စွမ်းနဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းတို့ဟာ ကောင်းမွန်နေသေးတယ်ဆိုရင် အသက်ကြီးရင့်သူတွေဟာလည်း အလုပ်ကြီးအကိုင်ကြီးတွေကို တာဝန်ယူနိုင်စွမ်းရှိကြပါတယ်။

ခေါင်းဆောင်တစ်ယောက်မှာ အတွေ့အကြုံ၊ အသိပညာဗဟုသုတ၊ တန်ဖိုးနှုန်းစံ၊ ကျွမ်းကျင်မှုတွေ၊ အပြုအမူ စတဲ့ အရည်အချင်းတွေရှိဖို့နဲ့ ခေါင်းဆောင်မှုပုံစံကောင်းရှိဖို့ဟာ အသက်အရွယ်ထက်ပိုပြီး အရေးကြီးပါတယ်။ တိုက်ရိုက် ညွှန်ကြားပြောဆိုနိုင်မှုစွမ်းရည်၊ နည်းပြလမ်းညွှန်နိုင်တဲ့စွမ်းရည်၊ ကိုယ်တိုင် ပါဝင်ထောက်ပံ့မှုပေးနိုင်တဲ့စွမ်းရည်၊ အရည်အချင်းအလိုက် လုပ်ဆောင်စေမှုနဲ့ ယုံကြည်မှုပေးတဲ့စွမ်းရည် စတဲ့ ပြောင်းလွယ်ပြင်လွယ်နိုင်တဲ့ ခေါင်းဆောင်မှုပုံစံရှိဖို့က ပိုလို့အရေးကြီးပါတယ်။

အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ ယူကေ၊ သြစတြေးလျ၊ အီးယူနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဝန်ကြီးချုပ်နဲ့ သမ္မတရာထူးတွေအတွက် အသက်ကြီးရင့်သူတွေကို အသက် ကန့်သတ်ချက်မထားရှိပါဘူး။ စိတ်ပိုင်း၊ ရုပ်ပိုင်းသာ ကျန်းမာနေတယ်ဆိုရင် အသက်ကြီးသူတွေဟာလည်း သမ္မတရာထူးကို ထမ်းဆောင် နိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရော်နယ်ရီဂင်က အသက် ၆၉ နှစ်ကနေ ၇၇ နှစ်အထိ သမ္မတရာထူးကို ထမ်းဆောင်ခဲ့ပါတယ်။ ယူကေနိုင်ငံမှ နဗီးချိန်ဘာလိန်က အသက် ၆၉ နှစ်ကနေ ၇၁ နှစ်အထိ ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်နိုင်ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံမှာ ရောဘတ်မန်ဇီးစ်က အသက် ၇၁ နှစ်အထိ ဝန်ကြီးချုပ်ရာထူးကိုထမ်းဆောင်ခဲ့ပါတယ်။

မော်ရိရှဝန်ကြီးချုပ် ဆာအနော်ရုဒ်ဂျက်နောက အသက် ၈၅ နှစ်၊ ဂီနီဘိစ်ဆောမှ ဝန်ကြီးချုပ် ကားလို့စ်ကော်ရီရာ အသက် ၈၂ နှစ်၊ ပါလက်စတိုင်းသမ္မ တမာမွတ်အက်ဘားစ် အသက် ၈၀နှစ်၊ ဇင်ဘာဘွေ သမ္မတရောဘတ်မူဂါဘီ အသက် ၉၂ နှစ်တို့ဟာ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top