ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)
ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေချိန်မှာ အစားအသောက်ကို ဂရုစိုက်ရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆိုရင် အဓိက လိုအပ်တဲ့ အစားအသောက်တွေက သင့်တင့်မျှတတဲ့ အစားအသောက်တွေ ဖြစ်ရပါမယ်။
– ဖောလစ်အက်ဆစ်
ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေသူတွေက ဖောလစ်အက်ဆစ် ဆေးပြားကို ကြိုသောက်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ဖောလစ်အက်ဆစ် မှီဝဲဖို့ လိုပါတယ်။
– နွားနို့
ကိုယ်ဝန်ဆောင်တဲ့ သူတွေမှာ အရေးကြီးဆုံးက နွားနို့ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်ဆီယမ်က သူများထက်ပိုပြီး အရေးတကြီးလိုအပ်တဲ့ အတွက် နွားနို့ကို မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ရပါမယ်။
– အသီးအနှံ၊ အသီးအရွက်
ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်ပြီး တခြား အစားအသောက်တွေ ဘာမှ မစားနိုင်ဘူးဆိုရင်တောင် အသီးအနှံနဲ့ အသီးအရွက်တွေကို များများ စားရပါမယ်။
– ကြက်ဥ၊ ဘဲဥ
ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်ဥ၊ ဘဲဥ စတာတွေ စားရပါမယ်။ ကြက်ဥ၊ ဘဲဥမှာ ဇင့်(သွပ်)ဓာတ်တွေ ပါတဲ့အတွက် ကိုယ်ဝန်စရှိပြီဆိုတာနဲ့ နွားနို့သောက်ရပါမယ်၊ ကြက်ဥ၊ ဘဲဥ စားရပါမယ်။ ပြီးတော့ အသီးအရွက် စားပေးရပါမယ်။ ထမင်းကတော့ စားနိုင်သလောက်ပဲ စားပေးရပါမယ်။
– အသားဓာတ်
အသားဓာတ်ကို မျှမျှတတ ရရှိအောင် အနီရောင်ရှိတဲ့ အသားအစား အဖြူရောင်ရှိတဲ့ အသား တွေကို စားပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ ငါး ကို များများ စားပေးသင့်ပါတယ်။
…* ရှောင်သင့်သည့် အစားအသောက်များ *…
ကိုယ်ဝန်ဆောင်ချိန်မှာ အဆီများတဲ့ အစားအသောက်တွေဆိုရင် မစားသင့်ပါဘူး။ ဝက်ဆီ၊ ဝက်ခေါက်ကြော် စတာတွေကို မစားသင့်ပါဘူး။
ကိုယ်ဝန်ဆောင်ချိန်မှာ ငရုတ်သီးနဲ့ အစပ်စာတွေ သိပ်အများကြီး မစားသင့်ပါဘူး။
# ပင်လယ်စာနှင့် ပတ်သက်၍ သတိပြုရန်
ကိုယ်ဝန်ဆောင်ချိန်မှာ တချို့က ပင်လယ်စာ တွေကို ချဉ်ခြင်းတပ်ပြီး စားချင်ကြပါတယ်။ ဒါပေမဲ့ ရှောင်စေချင်ပါတယ်။ ပင်လယ်စာ စားလိုက်ရင် လစ္စတီးရီးယားပိုးဝင်တာ (Listeriosis) ဖြစ်မှာစိုး လို့ပါ။ နောက်တစ်ခုက ဂျပန်မှာဆိုရင် ငါးအကြီးကြီးတွေ စားလေ့ရှိတယ်။ အဲဒီငါးအကြီးမျိုးတွေက ပြဒါး (မာကျူရီ) အဆိပ်သင့်တတ်ပါတယ်။ ဥပမာ- ဝေလငါး၊ ဓားလွယ်ငါး၊ ငါးရှည်ကြီးတို့လို ငါးအကြီးမျိုး တွေဆိုရင် မစားသင့်ပါဘူး။ ကျန်တဲ့ငါးတွေ အကုန်လုံး စားသင့်ပါတယ်။