Healthy Life Ad
Life Style

ရွှေကေသရီ၏ ကျန်းမာလှပလူမှုဘဝ

သော်သော်ဟန်သာနာမည်နဲ့ အနုပညာအလုပ်တွေကို စတင်လုပ်ဆောင်ခဲ့ပေမယ့် အခုအခါမှာ ရွှေကေသရီနာမည်နဲ့ အနုပညာအလုပ်တွေကို ဆက်လက်ဆောင်ရွက်သွားမယ့် သူမရဲ့ ကျန်းမာလှပလူမှုဘဝအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှု

ညီမ အခုလတ်တလော MTV တွေ၊ မဂ္ဂဇင်းကာဗာတွေ၊ ဂျာနယ်ကာဗာတွေ ရိုက်ဖြစ်နေပါတယ်။ နောက်ထပ်ကြော်ငြာတွေ၊ ဇာတ်ကားတွေရိုက်ဖို့လည်း ရှိပါတယ်။

အသားအရေမပျက်စီးအောင် ထိန်းသိမ်းပုံ

ညီမက အသားအရေလှပအောင် အဓိကရေများများသောက်တယ်၊ အသီးအနှံများများစားတယ်။ Lotion ကတော့ လူးပါတယ်။ ရေများများသောက်တာက အသားအရေအတွက် ပိုပြီးအကျိုးရှိစေတယ်လို့ ထင်ပါတယ်။ ပြီးတော့ရေချိုးပြီးတာနဲ့ အသားအရေအတွက်ကောင်းစေတဲ့ ဆီတစ်မျိုးလိမ်းတယ်၊ ပြီးတော့ နို့ရည်လည်းလိမ်းပါတယ်။

မိတ်ကပ်အမြဲလိမ်းရတော့ မျက်နှာကိုသေချာဂရုစိုက် သန့်စင်ဖြစ်

ညီမတို့က မိတ်ကပ်အမြဲလိမ်းရတော့ မျက်နှာအသားအရေပျက်စီးမှုမရှိအောင် သေချာဂရုစိုက်ရပါတယ်။ မိတ်ကပ်လိမ်းထားပြီး အိမ်ရောက်ရင်ချက်ချင်းဖျက်တယ်။ မနက်မိုးလင်းတိုင်းမျက်နှာကို သေချာသန့်စင်ပေးပြီး မျက်နှာအတွက်ကောင်းစေတဲ့ အာလူးကပ်တာမျိုးလုပ်ဖြစ်ပါတယ်။

အသားအရေအမျိုးအစား

ညီမအသားအရေက ပါးတဲ့အထဲမှာပါတယ်။ နေပူထဲသိပ်ထွက်လို့ မရပါဘူး။ အသားအရေကပါးတော့ ထိခိုက်လွယ်တယ်။ တစ်ခါတလေသွေးကြောလေးတွေ တင်းနေတာမျိုးဖြစ်တယ်။ ညီမအသားအရေက ဝက်ခြံတော့မပေါက်ဘူး။ အဆီပြန်တာတို့၊ အဆီဖုလေးတွေထွက်တာတို့တော့ ရှိပါတယ်။

သော်သော်ဟံသာသုံးနေကျ မိတ်ကပ်အမျိုးအစား

မိတ်ကပ်ကတော့ အမျိုးမျိုးသုံးဖြစ်ပါတယ်။ Maybelline လည်း သုံးဖြစ်တယ်။ မိတ်ကပ်ဆရာတွေနဲ့ပြင်တာများတော့ အဆင်ပြေသလိုသုံးဖြစ်ပါတယ်။ အပြင်သွားတဲ့အချိန်ဆိုရင်တော့ တစ်ခါတလေကိုယ်တိုင်လိမ်းတယ်။ အဲ့ဒီအချိန်ကျရင် မျက်လုံးနဲ့ပါးလေးကို အဓိကလိမ်းခြယ်သွားဖြစ်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပုံစံ

ညီမပြီးခဲ့တဲ့လလောက်က နေမကောင်းဖြစ်တယ်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်ကအပူတွေများပြီး လူကအားနည်းနေတာ။ နေလို့၊ ထိုင်လို့ သိပ်မကောင်းဘူး။ အဲဒီတော့ကျန်းမာရေးအတွက် အဆင်မပြေဖြစ်တာပေါ့။ ကျန်းမာရေးကောင်းအောင် ဆေးသောက်ရပါတယ်၊ အားကစားလည်း လုပ်ဖြစ်ပါတယ်။

အနုပညာလုပ်ခါစ ငွေအလိမ်ခံရလို့စိတ်ညစ်ဖူး . .

အနုပညာလုပ်ခါစကတော့ ပိုက်ဆံကိုရာနဲ့ချီပြီး အလိမ်ခံရဖူးတယ်။ အနုပညာနဲ့ပတ်သက်ပြီး ပိုက်ဆံအလိမ်ခံရတော့ စိတ်မကောင်းဖြစ်ပြီး အကြာကြီးစဉ်းစားမိတယ်။ ညီမအသုံးမကျတာလည်း ပါတာပေါ့။ နောက်ဆုံးတော့ . . . ဘာပဲဖြစ်ဖြစ်ကိုယ်ဖြစ်ချင်တဲ့ အနုပညာလမ်းကြောင်းကို ကြိုးစားပြီးလျှောက်လှမ်းမယ်ဆိုတဲ့စိတ်နဲ့ အားအင်ကိုပြန်ပြီး မွေးလိုက်ပါတယ်။

စိတ်ဖိစီးမှုဖြစ်လာရင် ဘာသာတရားလုပ်ဖြစ်

ညီမက စိတ်ဖိစီးမှုတွေဖြစ်လာရင် ဘုရားရှိခိုးတယ်။ မနက်စောစောထပြီး ဘုရားသွားတာမျိုးလည်း ရှိပါတယ်။ တစ်ခါတလေ ငှက်နဲ့ငါးလေးတွေလွှတ်ပြီး ကုသိုလ်ယူဖြစ်ပါတယ်။

ဝအောင်ကြိုးစားရတဲ့ ခန္ဓာကိုယ်အမျိုးအစား

ညီမတို့ကပိန်တဲ့အမျိုးဆိုတော့ ဝအောင်အမြဲလုပ်ရတယ်။ နည်းနည်းဝလာပြီဆိုရင်လည်း ဗိုက်ခေါက်ကအရင်ထွက်တတ်တယ်။ အဲဒီအခါမျိုးဆိုရင် သေချာပြန်ဂရုစိုက်တယ်။ အားကစားကတော့ လုပ်ဖြစ်ပါတယ်။ ဗိုက်ခေါက်မရှိအောင် ဦးစားပေးလုပ်ဖြစ်တယ်။ အစားအသောက်ကတော့ စားတယ်၊ ချဉ်ငံစပ်ကြိုက်တယ်၊ ဒါပေမဲ့ဆင်ခြင်ပြီးတော့ စားရတာပေါ့။

ကျန်းမာဖို့မနက်စာကို အဓိကစားဖြစ်

ညီမက မနက်မိုးလင်းတာနဲ့ ရေသောက်တယ်။ မနက်စာကို အဓိကစားဖြစ်တယ်။ မနက်စာကိုစားခြင်းအားဖြင့် ကျန်းမာရေးအတွက်ပိုပြီးကောင်းစေတယ်လို့ မှတ်သားဖူးတယ်။ အိမ်မှာလည်းကျန်းမာရေးနဲ့အညီ စားသုံးဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ကျန်းမာရေးအကြံပြုချက်

ပူတဲ့ရာသီပိုင်းရောက်လာတဲ့အတွက် အရမ်းအအေးခံတာမျိုးမလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။ အရမ်းပူတဲ့ရာသီမှာ အပူအအေးမျှအောင်နေကြပါလို့ အကြံပြုချင်ပါတယ်။ ညီမကိုအားပေးတဲ့ပရိသတ်တွေအားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေးပါတယ်။

Most Popular

Healthy Life Ad
To Top