Healthy Life Ad
Life Style

မြင်မြင်ချင်း အထင်အမြင်ကောင်းစေဖို့ဆိုရင် . . .

သဒ္ဒါထက်

အင်တာဗျူးဖြေဆိုရာမှာပဲဖြစ်ဖြစ်၊ အွန်လိုင်းကခင်တဲ့ မိတ်ဆွေသူငယ်ချင်းနဲ့ စတင်တွေ့ဆုံရာမှာပဲဖြစ်ဖြစ်၊ မိဘချင်းသဘောတူသူနဲ့ အပြင်မှာ ပထမဆုံး တွေ့ဆုံရာမှာပဲဖြစ်ဖြစ် မြင်မြင်ချင်း အထင်အမြင် ကောင်းစေချင်တယ်ဆိုရင် သင်ရဲ့ အပြုအမူတွေက အခရာကျတယ်လို့ သုတေသနအရ သိရပါတယ်။

(၁) ပြုံးပါ
ပြုံးတာက သင့်ကို ခင်မင်ဖို့ကောင်းသူတစ်ဦးအဖြစ် ထင်ရစေရုံသာမက သင့်ကို ပိုပြီး စမတ်ကျစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဒါပေမဲ့ ပြုံးတဲ့အခါ စစ်မှန်တဲ့အပြုံး ဖြစ်ပါစေ။ လူတွေက အပြုံးတုဆိုရင် ဘယ်လောက်ဝေးဝေးက အပြုံးဖြစ်ဖြစ်၊ ခွဲခြားသိနိုင်ပါတယ်။

(၂) အမွှေးနံ့ မလွန်ကဲပါစေနှင့်
သင်းပျံ့တဲ့ အမွှေးနံ့ကို လူအများ သဘောကျပေမယ့် အလွန်အမင်း စူးရှရင် နှာခေါင်းရှုံ့တတ်ပါတယ်။ အနောက်မြောက်တက္ကသိုလ်လေ့လာမှုအရ တချို့လူတွေဟာ သင်းပျံ့တဲ့ အနံ့မျိုးနဲ့ လူတွေကို အဆင့်အတန်းခွဲလေ့ ရှိကြပါတယ်။ ဒါကြောင့် အထင်ကြီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့တော့ ရေမွှေးတစ်ပုလင်းလုံး လောင်းမချလိုက်ပါနဲ့။

(၃) နေကာမျက်မှန်တပ်ဆင်ခြင်း ရှောင်ပါ
နေကာမျက်မှန်ဟာ သင်နဲ့ တခြားလူတွေအကြား အဟန့်အတားဖြစ်ပြီး ရင်းနှီးကျွမ်းဝင်မှု မရှိစေဘူးလို့ ပေါင်းသင်းဆက်ဆံရေးနဲ့ ခန္ဓာကိုယ်ဘာသာ စကားဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါကြောင့် တခြားလူတွေနဲ့ ပထမဆုံး အကြိမ်တွေ့တဲ့အခါ နေကာမျက်မှန် ချွတ်ထားပါ။

(၄) ချစ်စရာကောင်းသည့် ခွေးခေါ်ပါ
သင့်မှာ ခွေးတစ်ကောင်ရှိရင် သင်နဲ့အတူ ခွေးကို ခေါ်သွားပါ။ ခွေးတွေက လူတွေကို ပိုပျော်ရွှင်စေ၊ ပိုလုံခြုံစေပြီး ပိုသက်သောင့်သက်သာရှိစေပါတယ်။ ခွေးနဲ့အတူ သွားတာက ပထမဆုံးတွေ့ဆုံမှုကို အေးတိအေးစက်မဖြစ်စေဘဲ စကားပြောရ အဆင်ပြေစေပါတယ်။ ဒါပေမဲ့ သင့်ခွေးက ရင်းနှီးကျွမ်းဝင်လွယ်မှု မရှိရင်တော့ အိမ်မှာ ထားခဲ့တာ အကောင်းဆုံးပါ။

(၅) မတ်မတ်ထိုင်ပါ
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိသလို ခံစားရချင်တယ်ဆိုရင် လျှောမထိုင်ပါနဲ့။ ပခုံးတွေကို မတ်ထားပြီး နောက်ကျောကို ဖြောင့်ဖြောင့်ထားပါ။ လျှောထိုင်ပြီး ပျင်းရိပျင်းတွဲဖြစ်နေရင် သင့်ပုံစံက အားနည်းသလို၊ ယုံကြည်မှု မရှိသလို ထင်ရစေပါတယ်။ မတ်မတ်နေတဲ့အခါ ဖိစီးမှုဟော်မုန်း ကော်တီစောအဆင့် လျော့နည်းပြီး တက်စတိုစတီရုန်းဟော်မုန်းအဆင့် မြင့်တက်ကာ ယုံကြည်မှု ပိုရှိလာပါလိမ့်မယ်။

(၆) လက်မပိုက်ပါနှင့်
သင်က တစ်ယောက်ယောက်နဲ့ တွေ့ဆုံတဲ့အခါ လက်ပိုက်ထားတာ ရှောင်ပါ။ လက်တွေကို ခန္ဓာကိုယ်ဘေးချထားပါ။

(၇) မျက်လုံးချင်း ဆုံကြည့်ပါ
လမ်းသွားတဲ့အခါ လူတွေနဲ့ ဆုံလို့ပဲဖြစ်ဖြစ် မျက်လုံးချင်းဆုံကြည့်ပြီး ပြုံးချင်ပြုံး၊ ခေါင်းငြိမ့်ချင် ငြိမ့်ပြလိုက်ပါ။ မျက်လုံးချင်းဆုံကြည့်တာကြောင့် ပိုမို ရင်းနှီးကျွမ်းဝင်လွယ်စေပါတယ်။

(၈) အခြားလူ၏ အပြုအမူကို အတုယူပါ
ဘယ်တော့မဆို သက်သောင့်သက်သာရှိနေတဲ့ လူတွေကို အတုယူပါ။ သူတို့ ဘယ်လို ထိုင်သလဲ၊ ဘယ်လို စကားပြောသလဲ၊ ဘယ်လို ပြုမူသလဲဆိုတာ လေ့လာပြီး အတုယူပါ။

(၉) အခြားလူအကြောင်းကို မိမိအကြောင်းလိုမျိုး မဖန်တီးပါနှင့်
တချို့လူတွေက စိတ်ဝင်စားလာအောင် တခြားလူတွေရဲ့ အကြောင်းကို ကိုယ့်အကြောင်းလိုမျိုး ပြောလေ့ရှိပါတယ်။ တကယ်တော့ ရိုးသားမှုကသာ မြင်မြင်ချင်း အထင်အမြင်ကြီးစေတဲ့ သော့ချက်ဆိုတာ သတိရသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top