Healthy Life Ad
Child

သားသား၊ မီးမီးတို့၏ မွေးရာပါ ပါရမီထူးကို အလွယ်သိရှိအားပေးနိုင်မည့် နည်းလမ်းများ

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

ကလေးတိုင်း၊ ကလေးတိုင်းမှာ မွေးကတည်းက အားသန်တဲ့ ဉာဏ်စွမ်းဆောင်ရည် “ဇ”လေးတွေ ပါလာပါတယ်။ အဲဒီမွေးရာပါ ပါရမီထူးကို ငယ်ငယ်ကတည်းကသိရှိပြီး ပံ့ပိုးပေးမယ်ဆိုရင် သူတို့လေးတွေရဲ့ ဘဝတစ်လျှောက်လုံး ပိုမိုထူးချွန်ထက်မြက်တဲ့ ကလေးငယ်တွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကလေးတွေရဲ့ အုပ်ထိန်းသူလူကြီးမိဘတွေက ကလေးရဲ့မွေးရာပါ ပါရမီထူးကို သိရှိနားလည်ပြီး ပြုစုပျိုးထောင်ပေးနိုင်မယ့် နည်းလမ်းငါးသွယ်ရှိပါတယ်။

(၁) သင့်ကလေး ကစားပုံကိုစောင့်ကြည့်ပါ
သင့်ကလေးက အဖွဲ့လိုက်လုပ်ရတဲ့ လှုပ်ရှားမှုကို သဘောကျသူလား ဒါမှမဟုတ် တစ်ဦးတည်းလုပ်ရတဲ့ လှုပ်ရှားမှုကို သဘောကျသူလား။ သင့်ကလေးက ပတ်ပြေးကစားရတာကို ပိုကြိုက်သလား ဒါမှမဟုတ် ငြိမ်ငြိမ်သက်သက်ထိုင်ပြီး ကစားရတာကြိုက်သလား။ သင့်ကလေးက ပုံဆွဲစာအုပ်၊ iPod နဲ့ စက်ဘီး သုံးမျိုးရှိတဲ့အထိ ဘယ်အရာကို ပထမဆုံး ရွေးချယ်လေ့ရှိသလဲ . . သင့်ကလေးရဲ့ ရွေးချယ်မှုကို စောင့်ကြည့်လိုက်ရင် သင့်ကလေးဟာ ဘယ်လိုပါရမီထူးရှိတယ်ဆိုတာ သင် သဘောပေါက်နားလည်လာမှာ ဖြစ်ပါတယ်။

(၂) စစ်မှန်သော ရွေးချယ်မှုများလုပ်ခိုင်းပါ
သင့်ကလေးကို တေးဂီတမှာ စိတ်ပါဝင်စားစေချင်တယ်ဆိုရင် သူကစန္ဒရားတီးရတာကို သဘောကျတာလား၊ သီချင်းဆိုရတာကို သဘောကျတာလား ဒါမှမဟုတ် ကခုန်ရတာကို သဘောကျတာလား . . ဆိုတာ အရင်ဆုံး အကဲခတ်ပေးပါ။ သင့်ကလေးကို စန္ဒရားတီးသင်ပေးလိုက်လို့ အချိန်ခြောက်လကြာတဲ့အခါ သူကစန္ဒရားတီးရာမှာ ပျော်ရွှင်မှုမရှိရင် တခြားတူရိယာပြောင်းပြီး လေ့ကျင့်ခိုင်းပါ။ ဒါမှမဟုတ် အကသင်တန်း ပြောင်းတက်ခိုင်းပါ။

(၃) သူ့စိတ်ဝင်စားမှုကို အကဲခတ်ပါ
ကလေးတွေ ဗီဒီယိုဂိမ်းကစားတာက အချိန်ဖြုန်းရာရောက်တယ်လို့ သင်ထင်နိုင်ပေမယ့် ကလေးအတွက်တော့ ပုံပြင်တွေကို လေ့လာတာ၊ ပြဿနာကို ဖြေရှင်းတာဖြစ်နိုင်သလို သူ့ပင်ကိုအရည်အသွေးကို ပိုအားကောင်းအောင် မြှင့်တင်တာလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သူဂိမ်းကစားတဲ့အခါ ဘယ်လိုဂိမ်းမျိုးကို သဘောကျသလဲဆိုတာလေ့လာပြီး သူ့ပါရမီထူးကို အကဲခတ်သင့်ပါတယ်။

(၄) အားပေးပါ
ကလေးကကျောင်းကနေ အိမ်ပြန်လာတဲ့အခါ သူကစာအုပ်ထုတ်ပြီး ပုံဆွဲလေ့ရှိသလား၊ ဒါမှမဟုတ် စကားပုံတွေကို ချရေးလေ့ရှိသလား၊ ဒါမှမဟုတ် ဆုဒိုကုလို ပဟေဠိတွေကို အဖြေညှိလေ့ရှိသူလားဆိုတာ အကဲခတ်ပါ။ ကလေးဘာပဲလုပ်လုပ် သူ့ဖန်တီးအားထုတ်မှုကို ချီးကျူးအားပေးသင့်ပါတယ်။

(၅) သင်ဖြစ်စေချင်သည့်အရာကို မေ့ထားပါ
သင့်ကလေးအပေါ် အားမလိုအားမရဖြစ်တဲ့ အချိန်တွေရှိမှာပါ။ သင်က သင့်ကလေးကို ရေကူးအားကစားမှာ စိတ်ဝင်စားစေချင်ပေမယ့် သူကကြက်တောင်ရိုက်တာကို စိတ်ဝင်စားနေတဲ့အခါ သင်စိတ်ပျက်လက်ပျက် မဖြစ်ပါနဲ့။ သူရဲ့မွေးရာပါ ပါရမီထူးကိုနားလည်ပြီး လွတ်လွတ်လပ်လပ် ဖန်တီးကြိုးစားမှုကိုသာ အားပေးမြှင့် တင်ပေးသင့်ပါတယ်။
(Ref;CBS)

Most Popular

Healthy Life Ad
To Top