Healthy Life Ad
Life Style

မိုးနတ်မင်းကြီးကို ကြောက်တယ် . . .(၁)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)

ဒီနေ့လူနာတွေကို လှည့်လည်ကြည့်ရှူရာ အိပ်ရာထဲလဲနေတာ သုံးလလောက်ကြာနေပြီဖြစ်တဲ့ လူနာ ဒေါ်ရှုကြည်ကို တွေ့ခဲ့ရပါတယ်။ ဒေါ်ရှုကြည်ဟာ လေဖြတ်ထားတာသုံးလကြာပါပြီ။ ပြန်ပြီး သတိရပေမယ့် ကိုယ့်ဘာသာကိုယ် မထနိုင်၊ မစားနိုင်သေးပါဘူး။ အစာမျိုတဲ့အခါ မကြာခဏသီးတတ်လို့ နှာခေါင်းကနေ အစာပိုက်နဲ့ ကျွေးရပါတယ်။ ဆီးကလည်း ပေါက်လို့မရတော့ ဆီးပိုက်နဲ့ပဲ နေရပါတယ်။

သမီးဖြစ်သူက အိမ်ထောင်ပြုသွားလို့ အမေဆေးရုံတက်တော့မှ မနည်းအချိန်ယူပြီး ပြေးလာရသူပါ။ ဆေးရုံတက်ရတာ သုံးလအတွင်းမှာ သုံးခါလောက်ရှိနေပါပြီ။ ဆေးရုံတက်လာတိုင်းအစာသီးပြီး အမောဖောက်လို့ပါပဲ။ ဆေးရုံရောက်လာရင် ချွဲစုပ်ရတယ်၊ ပဋိဇီဝပိုးသတ်ဆေး ပေးရတယ်၊ ပြီးတော့ အိမ်မှာ လူနာက ဆွဲချွတ်လိုက်တဲ့ အစာပိုက်ကို ပြန်တပ်ရပါတယ်။ ဆေးရုံတက်ပြီး ပိုးငြိမ်သွားတာနဲ့ ပြန်ဖို့ တောင်းဆိုလေ့ရှိပါတယ်။

အခက်အခဲပေါင်းစုံရှိနေတာ နားလည်ရပါတယ်။ ဒီတစ်ခါလည်း ဇာတ်လမ်းဟောင်းကြီးပဲ ဖြစ်မှာပါပဲဆိုပြီး စိတ်အေးနေမိပါတယ်။
ဒီနေ့ MO (လူနာတွေကို စောင့်ရှောက်ရတဲ့ ဆရာဝန်)က ဓာတ်ခွဲခန်းက အဖြေလွှာတစ်ခုကို ကိုင်ထားရင်း –

“မမရေ . . . ဒီအဘွားရဲ့ သလိပ်မှာ ဆူဒိုမိုးနတ်စ် (Pseudomonas)ပိုးတွေ ပေါက်နေတယ်။ ဒီ C & S အဖြေအရ သုံးနေကျ ဆေးအားလုံးကို ယဉ်ပါးနေတယ်၊ မတိုးတော့ဘူး။ သုံးနိုင်တဲ့ဆေးက နှစ်မျိုးပဲ ကျန်တော့တယ်။ ဒီမှာ ကြည့်ပါဦး” MO ဆီက အဖြေကို ယူကြည့်လိုက်မိတော့ တကယ်ပဲဟုတ်နေတာ တွေ့ရပါတော့တယ်။ ကျွန်မက –

“လာပြန်ပြီလား . . ဒီမိုးနတ်မင်းတွေ”လို့ ပြောတော့ တပည့်တွေက ရယ်ပါတယ်။ “မမကတော့ သူတို့ကို အကြောက်ဆုံးပဲ၊ စစ်မတိုက်ခင်က လက်နက်ချဖို့ ပြင်နေရသလို ခံစားရတယ်” မိုးနတ်မင်းလို တန်ခိုးကြီးပြီး ဘယ်သူ့ကိုမှ မကြောက်ရတဲ့ ပုဂ္ဂိုလ်ကြီးလို ဘယ်ဆေးမှမကြောက်တဲ့ ဆူဒိုမိုးနတ်ကြီးတွေ တွေ့လာပြန်ပြီဆိုတော့ ကျွန်မတို့ အခက်တွေ့နေရပါပြီ။

ဒါဆိုရင် အမေကြီးရဲ့ ရှေ့အလားအလာ သိပ်ကောင်းမှာ မဟုတ်တော့ဘူးဆိုတဲ့ အတွေးကရောက်လာပါတယ်။ သမီးဖြစ်သူကိုလည်း ဒီပိုးတွေရှိလာလို့ ကုထုံးတွေပြောင်းရမယ့်အကြောင်း ရှင်းပြလိုက်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေ အများကြီးသုံးနေရတဲ့ ဆေးရုံပတ်ဝန်းကျင်မှာ ဒီပိုးတွေက အမြဲပဲ အဆင်သင့်ရှိနေပါ တယ်။ အမေကြီးက ဆီးချိုရှိပြီး ခုခံအားနည်းတော့ ဒီပိုးဖြစ်သွားတာပါပဲ။ ဆေးယဉ်ပါးလို့ အဲဒီပိုးကိုသတ်နိုင်တဲ့ ဆေးနည်းနည်းပဲ ရွေးစရာရှိတော့တယ်။

“ဒီပိုးတွေက ဘယ်ကရောက်လာရတာလဲ၊ ဘယ်ဆေးတွေကို ပြောင်းရမှာလဲ၊ အမေက စိုးရိမ်ရလား ဆရာမ”လို့ လူနာရဲ့ သမီးဖြစ်သူက မေးပါတယ်။

“ဒီပိုးတွေက ပတ်ဝန်းကျင်မှာရှိတဲ့ ပိုးတွေပါပဲ၊ အထူးသဖြင့် ပဋိဇီဝပိုးသတ်ဆေးတွေ အများကြီးသုံးနေရတဲ့ ဆေးရုံပတ်ဝန်းကျင်မှာ ဒီပိုးတွေက အမြဲပဲအဆင်သင့် ရှိနေပါတယ်။ အမေကြီးက ဆီးချိုရှိပြီး ခုခံအားနည်းတော့ ဒီပိုးဖြစ်သွားတာပါပဲ။ ဆေးယဉ်ပါးလို့ အဲဒီပိုးကို သတ်နိုင်တဲ့ ဆေးနည်းနည်းပဲ ရွေးစရာရှိတော့တယ်။ ဆေးက ဈေးကြီးမယ်၊ နောက်ပြီး အရင်ကထက် ဆေးရုံမှာ ရက်ပိုကြာမယ် . . ဒါကိုကုရင် သမီးအမေကြီး ပြန်ကောင်း နိုင်ပါတယ်”လို့ ဆရာမက ရှင်းပြလိုက်တော့-

“အင်း. . စိတ်ပျက်ပါတယ် ဆရာမရယ်၊ ငွေကတော့တတ်နိုင်ပါတယ်။ ဒါပေမဲ့ ဆေးရုံအကြာကြီး တက်ရရင် အလုပ်ပြေးလိုက်၊ ဆေးရုံပြေးလိုက်နဲ့ ကျွန်မအတွက် ဒုက္ခရောက်လွန်းလို့ စိတ်ညစ်တာပါ၊ ဒီတစ်ခါ အပြီးကောင်းမှ ပြန်တော့မယ် . . အမေ့အတွက် အထိရောက်ဆုံးဆေးသာ သုံးပေးပါဆရာမ” လို့ သမီးဖြစ်သူက တောင်းဆိုပါတော့တယ်။

ဆူဒိုမိုးနတ်စ်ပိုးအကြောင်းလေးကို စာဖတ်ပရိသတ်တွေ ဗဟုသုတရရှိစေဖို့ ဆက်ပြောပြပါမယ်။

ဆူဒိုမိုးနတ်စ်ပိုးကို မိုးနတ်မင်းလို့ပဲ တင်စားပြီး ခေါ်လိုက်ချင်ပါတယ်။ သူ့နာမည်ရင်းကတော့ ‘ဆူဒိုမိုးနတ်စ်’ Pseudomonas လို့ ခေါ်ပါတယ်။ ဒါက ဘာကြီးပါလိမ့်ဆိုပြီး သိချင်နေကြမှာပါပဲ။ တကယ်တော့ ဆူဒိုမိုးနတ်စ်ဆိုတာ ဘက်တီးရီးယားရောဂါ ပိုးတစ်မျိုးဖြစ်ပါတယ်။ ကျွန်မတို့နေ့စဉ် ကြုံတွေ့နေကြပိုးတော့ မဟုတ်ပါဘူး။ သာမန်ကျန်းမာပြီး ခုခံအားကောင်းနေရင် ဒီပိုးတွေက အနားမကပ်နိုင်ပါဘူး။ ဒါကြောင့် ဒီလိုပိုးမျိုးက သိပ်မတွေ့ရတတ်ပါဘူး။

ဒီပိုးကို ဘာကြောင့် ကြောက်ရမှာလဲဆိုတော့ ဒီပိုးက အဖြစ်နည်းပေမယ့် ဖြစ်ရင် သိပ်ဆိုးလို့ပါ။ တော်ရုံပဋိဇီဝပိုးသတ်ဆေးနဲ့ မတိုးတော့ မှန်းဆပြီး ကနဦးပေးရတဲ့ ဆေးကမနိုင်ရင် အသေအပျောက်နှုန်း များပါတယ်။
ဒီလို ကြောက်စရာကောင်းတဲ့ ပိုးတွေဝင်တဲ့ရောဂါဟာ အရင်ကနဲ့မတူဘဲ လျင်မြန်စွာ တိုးပွားများပြားလာတာ သတိပြုမိပါတယ်။ အဆိုးဆုံးကတော့ ဒီဆူဒိုမိုးနတ်စ်ပိုးတွေက အစွမ်းထက်တဲ့ ပဋိဇီဝပိုးသတ်ဆေးတချို့ကို သုံးမှသာ ကုသပျောက်ကင်းနိုင်ပါတယ်။

အကင်းမသေဘဲ ထပ်တလဲလဲ ပြန်ဖြစ်တာကြာလာရင် ရှိသမျှ ဘယ်ပဋိဇီဝပိုးသတ်ဆေးကိုမှ မတိုးတော့တဲ့ အဆိုးရွားဆုံးပိုးတွေ ပေါက်ပွားလာပါတော့တယ်။ အဲဒီအခါ ကုရင်း ကုရင်း တဖြည်းဖြည်းအခြေအနေပိုဆိုးလာပြီး ကယ်မရတဲ့အဆင့်ကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒီလောက်ဆိုးပြီး ကြောက်စရာကောင်းတဲ့ ဆူဒိုမိုးနတ်စ်ပိုးဝင်တဲ့ ရောဂါဟာ ဘယ်လိုလူတွေမှာပိုဖြစ်လေ့ ရှိသ လဲ၊ ဘာကြောင့် ဖြစ်တာလဲ၊ ဘယ်လို ကာကွယ်ရမလဲ၊ ဘယ်လို ကုသရသလဲ . . . စတာတွေကို ဆေးပညာ ဗဟုသုတအဖြစ် ဖော်ပြပေးပါမယ်။

Most Popular

Healthy Life Ad
To Top