Healthy Life Ad
Life Style

သားသမီးတွေကို ဘာသာတရားများများလုပ်ခိုင်းပြီး ဒေါသမထွက်ဖို့ ဆုံးမလေ့ရှိတဲ့ ကျော်ထူး

– လတ်တလော အနုပညာလှုပ်ရှားမှုသိပါရစေ။

အခုလောလောဆယ်မှာတော့ မင်းသားလူမင်း၊ အန်တီချိုပြုံးနဲ့ တခြားအနုပညာရှင်တွေပါတဲ့ ကချင်ပြည်နယ်ကို အခြေခံပြီး ရေခဲတောင်ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးထားပါတယ်။

– အစ်ကိုတို့မိသားစုမှာ တစ်ယောက်ကျန်းမာရေးတစ်ယောက် ဘယ်လိုတွေဂရုစိုက် အကြံပေးဖြစ်ကြပါသလဲ။

အစ်ကိုတို့ မိသားစုမှာ တစ်ယောက်ကျန်းမာရေးကို တစ်ယောက်က ဂရုစိုက်ပေးဖြစ်တယ်။ ပြီးတော့ ကိုယ်တိုင်လည်း ကျန်းမာရေးကောင်းအောင် လေ့လာလိုက်စားကြပါတယ်။ ကျန်းမာမှ အနုပညာအလုပ်တွေ လုပ်နိုင်မယ်၊ စိတ်လည်း ချမ်းသာမှာပေါ့။ သားလေးဆိုလည်း ကျောက်ကပ်ဖြစ်နေတော့ သားရဲ့ကျောက်ကပ် ကို လေဆာနဲ့ ကျောက်ခြေရမယ်လို့ပြောတယ်။ ကုန်ကျစရိတ်က သိန်း ၃၀-၄၀ လောက်ကုန်မယ်ဆိုတော့ အစ်ကိုတို့က မတတ်နိုင်ဘူး။ အစ်ကိုတို့ဝင်ငွေက လူရွှင်တော်ဝင်ငွေလောက်ပဲရှိတာ။ မင်းသားဝင်ငွေတွေ လောက်မှမရှိတာ။ အဲ့ဒါနဲ့ သန်လျင်မှာရှိတဲ့တိုင်းရင်းဆေးဆရာနဲ့ ကုနေရပါတယ်။

– သားသမီးတွေကိုမူးယစ်ဆေးဝါးတွေနဲ့ကင်းအောင် ကျန်းမာရေးအသိပညာတွေကို ဘယ်လိုပြုပြင်ပြောင်းလဲ ဆုံးမပေးဖြစ်ပါသလဲ။

အစ်ကို့သားသမီးတွေက လိမ္မာကြပါတယ်။ အရမ်းကြီးမဆုံးမရပါဘူး။ ပြီးတော့ သားသမီးတွေက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆေးလိပ်၊ ကွမ်းစသဖြင့် ဘာမှမလုပ်ပါဘူး။ သူတို့ကိုယ်တိုင်လည်း ကျန်းမာရေးဗဟုသုတတွေကို လေ့လာလိုက်စားပါတယ်။ တစ်ခါတလေ သူတိုရဲ့ကျန်းမာရေး၊ တခြားလူမှုရေး ကိစ္စလေးတွေဆိုရင်တော့ မိဘတွေကိုတိုင်ပင်ပါတယ်။

– အစ်ကိုကျော်ထူးကိုယ်တိုင်ရော ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဆေးလိပ်၊ အရက်သောက်ရင် အစ်ကိုရဲ့ မိသားစုကဘယ်လိုသတိပေးလေ့ရှိပါသလဲ။

အစ်ကိုက တစ်ခါတလေ ဆေးလိပ်သောက်တယ်၊ အရက်လည်း သောက်ပါတယ်။ ဒါပေမဲ့ အစွဲအလမ်းမထား ပါဘူး။ မသောက်ရ မနေနိုင်တာမျိုးတော့ မရှိပါဘူး၊ မသောက်လည်း ဖြစ်တယ်။ တစ်ခါတလေ အပေါင်းအသင်း တွေနဲ့တွေ့တဲ့အခါ ပါတီတွေသွားတဲ့အခါ လူမှုရေးအရတော့ သောက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အိမ်က မိသားစုက ချုပ်ခြယ်တာမျိုးမရှိဘဲ နားလည်ပေးပါတယ်။ ကျန်းမာရေးနဲ့မညီတဲ့ အလုပ်ကိုစွဲစွဲလမ်းလမ်း လုပ်မယ်ဆိုရင်တော့ လူ့လောကကနေ အစောကြီးထွက်သွားရမှာပါ။

– အစ်ကိုကပျော်ပျော်ရွှင်ရွှင်နေတတ်တော့ မိသားစုကိုရော ဘယ်လိုမျိုး စိတ်ပျော်ရွှင်အောင် လမ်းညွှန်ပြလေ့ရှိလဲ။

အစ်ကိုကတော့ အဓိကသားသမီးတွေကို ဘာသာတရားကိုင်းရှိုင်းအောင် ပြောပေးတယ်။ အိမ်မှာဆိုလည်း ဘုရားသောက်တော်ရေ၊ ဆီမီး၊ ဆွမ်းအစစအရာရာ အကုန်လုံးအလှည့်ကျလုပ်ခိုင်းတယ်။ စိတ်ဖိစီးမှုမဖြစ် အောင်လည်း ဆုံးမပေးတယ်။ အဓိက ဘာသာတရားများများ လုပ်ခိုင်းတယ်။ ဒေါသမထားဖို့ အတတ်နိုင်ဆုံး ပြောဖြစ်ပါတယ်။ အမြဲတမ်းမျက်နှာကို ပြုံးပျော်ရွှင်အောင်ထားတာက ဘေးကလူတွေဆီပါ ကူးစက်ပြီး ပျော်စေတဲ့အတွက် စိတ်ရောမျက်နှာရော ပြုံးပျော်အောင်နေခိုင်းတယ်။ စိတ်ကိုပျော်အောင်ထားနိုင်ရင် အသက်အရွယ် အိုမင်းမှုကိုလည်း လျော့ကျစေတယ်လို့ထင်တယ်။

– ကိုကျော်ထူးရဲ့ အနုပညာလမ်းကြောင်းအပေါ် အတိုက်အခိုက်တွေရှိလာရင် ဘယ်လိုရင်ဆိုင်တုန့်ပြန်ဖြစ်ပါသလဲ။

အငြိမ့်ပဲကက၊ ရုပ်ရှင်ပဲရိုက်ရိုက် အတိုက်အခိုက်ကတော့ အခုချိန်အထိရှိနေတာပါပဲ။ အစ်ကိုတို့ကျတော့ အတိုက်အခိုက်တွေကို မေတ္တာဓာတ်နဲ့ပဲတုန့်ပြန်တယ်။ ကိုယ်တိုင်ကလည်း မနာလိုတဲ့စိတ်မထားဘူး။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်တဲ့အတွက် မေတ္တာစိတ်ထားတာက အေးမြစေတယ်။ တိုက်ခိုက်လာတဲ့သူကို ဒေါသတွေ၊ မာနတွေ၊ အမုန်းတွေနဲ့ တိုက်ခိုက်မယ်ဆိုရင် ပြဿနာကမပြီးနိုင်ဘူး၊ ပူလောင်ရမယ်။ အဲ့ဒါကြောင့် အတတ်နိုင်ဆုံး မေတ္တာပဲထားပါတယ်။

– အစ်ကိုနဲ့အစ်ကိုတို့ မိသားစုကိုအားပေးနေတဲ့ ပရိသတ်တွေအတွက် ကျန်းမာရေးအကြံပြုချက်လေး ပြောပေးပါ။

ပရိသတ်တွေဆိုတာ ဦးကျော်ထူးတိုရဲ့ ထမင်းရှင်တွေပါပဲ။ အဲ့ဒါကြောင့် ပရိသတ်တွေအားလုံး ကျန်းမာရေးကို အထူးဂရုစိုက်ကြပါ၊ ကျန်းမာရေးကောင်းတဲ့ အချိန်မှာလည်း ဘာသာတရားလေးတွေ လုပ်ကြပါလို့ အကြံပြုချင် ပါတယ်။

Most Popular

Healthy Life Ad
To Top