Healthy Life Ad
International

ဆဲလ်ဖီ(မိမိကိုယ်ကိုယ် ဓာတ်ပုံရိုက်ခြင်း)ကြောင့် သေဆုံးသူ ၄၉ ဦးရှိ

မိုးမင်းထွန်း ၊(11-2-16)

ဆဲလ်ဖီ(Selfie)ကြောင့် မတော်တဆသေဆုံးမှု သတင်းတွေဟာ ပေါ်ထွက်လာနေပါတယ်။ ဒီလအစောပိုင်းမှာ အိန္ဒိယဆယ်ကျော်သက် ၁ ဦးဟာ လာနေတဲ့ရထားရှေ့မှာ ဆဲလ်ဖီရိုက်တာကြောင့် ရထားအတိုက် ခံရကာ သေဆုံးခဲ့ပါတယ်။ ဆဲလ်ဖီနဲ့ ဆက်စပ်တဲ့ သေဆုံးမှုတွေကို စုစည်းခဲ့ပြီး ၂၀၁၄မှ အခုအထိ သေဆုံးမှု စုစုပေါင်း ၄၉ ခုရှိခဲ့တယ်လို့ Pric-eonomics ဝက်ဘ်ဆိုက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ ၃ ပုံ ၁ ပုံကျော်ဟာ အသက် ၂၀ကျော် အရွယ်တွေဖြစ်ပြီး ၇၅ ရာခိုင်နှုန်းက အမျိုးသားတွေလို့ သိရပါတယ်။

selfie-dangerous-a

ဆဲလ်ဖီရိုက်ဖို့ အန္တရာယ်အရှိဆုံး နေရာတွေက မြင့်မားတဲ့နေရာတွေ နဲ့ ရေထဲမှာဖြစ်ပါတယ်။ တောင်စောင်း ဒါမှမဟုတ် မြင့်မားတဲ့ အဆောက်အဦတွေက ပြုတ်ကျတာကြောင့် ၁၆ ဦး၊ ရေနစ်တာကြောင့် ၁၄ ဦးနဲ့ ရထားရှေ့မှာ ဓာတ်ပုံရိုက်တာကြောင့် ၈ ဦး အသီးသီးသေဆုံးခဲ့ပါတယ်။ သေနတ်ချိန်ပြီး ဆယ်လ်ဖီရိုက်ရာက ခလုတ်မှားနှိပ်မိပြီး ကျည်ဆန်ထွက် သွားတာကြောင့် ၄ ဦး၊ ဗုံးကြောင့် ၂ ဦး၊ လေယာဉ် အတိုက်ခံရတာကြောင့် ၂ ဦး၊ ကားတိုက်ခံရတာကြောင့် ၂ ဦးနဲ့ တိရစ္ဆာန်ကြောင့် ၁ ဦး တို့ သေဆုံးခဲ့ပါတယ်။

သေဆုံးမှုတွေအနက် အိန္ဒိယနိုင်ငံ တစ်နိုင်ငံတည်းကပဲ ၁၉ ဦးရှိခဲ့ပြီး စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ အိန္ဒိယအစိုးရဟာ ဆဲလ်ဖီ မရိုက်ရနေရာ ၁၆ နေရာကို သတ်မှတ်ခဲ့ရပါတယ်။ ရုရှားဟာလည်း စတန့်ထွင်တဲ့ ဆဲလ်ဖီရိုက်နည်းတွေကို ရုပ်ပုံနဲ့တကွ ပြုလုပ်ထားပြီး အများပြည်သူရှောင်ကြဉ်ဖို့ အသိပညာပေးမှုကို ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ဆဲလ်ဖီသီးသန့်ရိုက်တာက အန္တရာယ်မရှိပါဘူး။ လူတွေဓာတ်ပုံ ရိုက်တာကို အပြစ်တင်စရာမရှိပါဘူး။ ဆဲလ်ဖီနဲ့တွဲဖက်တဲ့ နမော်နမဲ့နိုင်မှု ကသာ အပြစ်တင်စရာပါ”လို့ ဘေးအန္တရာယ် ထိန်းချုပ်မှုဆိုင်ရာ ကျွမ်းကျင်သူ မော်ဂန်အိုရော့က ပြောပါတယ်။ လူတွေအနေနဲ့ ဓာတ်ပုံရိုက်တဲ့ အခါမှာ သတိရှိရှိနဲ့ ဘေးအန္တရာယ် မကျရောက်အောင် ရိုက်သင့်ကြောင်း ကိုလည်း သူက တိုက်တွန်းထားပါတယ်။

Most Popular

Healthy Life Ad
To Top