Healthy Life Ad
Life Style

သားဥအိမ်တွင် ရေအိတ်တည်သော ရောဂါ

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) နှင့်တွေ့ဆုံဆွေးနွေးခြင်း

မေး ။ သားဥအိမ်မှာ ရေအိတ်တည်တဲ့ အကြောင်းကို သိပါရစေ ဆရာ။
ဖြေ ။ သားဥအိမ်မှာဖြစ်တဲ့ အလုံးတွေက မျိုးစုံဖြစ်နိုင်ပါတယ်။ ပြီးတော့ သားဥအိမ်မှာ ရေအိတ်တည် တယ်ဆိုတာကလည်း မျိုးစုံဖြစ်နိုင်ပါတယ်။ အသက်အရွယ်ဘယ်လောက်မှာ ဖြစ်တာလဲ၊ ပြီးတော့ ရေအိတ်က ဘယ်လောက်ကြီးလဲ၊ ရေအိတ်ထဲမှာ ဘာတွေပါလဲသဖြင့် မူတည်ပြီး မျိုးစုံဖြစ်နိုင်ပါတယ်။

မေး ။ သားဥအိမ်မှာဖြစ်တဲ့ ရေအိတ်တွေက ခွဲစိတ်ရပါသလား ဆရာ။
ဖြေ ။ ငယ်ငယ်ရွယ်ရွယ်လေးတွေ၊ အပျိုလေးတွေမှာ ဖြစ်တဲ့ သားဥအိမ်ရေအိတ်က ငါးစင်တီမီတာထက် မကြီးဘူး၊ သေးသေးလေးတွေ ၊ ရိုးရိုးအရည်ကြည်အိတ်လေးတွေဆိုရင် ဘာဖြစ်တတ်သလဲဆိုတော့ တစ်လကို တစ်ခါ ဥလေးကြွေပြီး ကျန်တဲ့ ရေအိတ်လေးမှာ ဥလေးတွေဖြစ်တတ်ပါတယ်။ အဲဒါကိုFunctional Cyst လို့ခေါ်ပါတယ်။ အချိန် နှစ်လ-သုံးလနေရင် သူ့အလိုလို ပြန်ပျောက်သွားတတ်ပါတယ်။ တစ်ခုပဲ အဲဒီရေအိတ်လေးတွေကအခန့်မသင့်ရင် ပေါက်ထွက်သွားတတ်ပါတယ်။ အဲဒီအခါ ဗိုက်အောင့် နာကျင်ပြီး သတိလစ်လောက်အောင် ခံစားရတတ်ပါတယ်။ အဲဒါမျိုးဆိုရင် တစ်ခါတလေ ခွဲစိတ်ရတာလည်း ရှိပါတယ်။

မေး ။ သားဥအိမ်မှာဖြစ်တဲ့ အလုံးက ရောဂါကြောင့်ကော ဖြစ်တတ်ပါသလား ဆရာ။
ဖြေ ။ ရောဂါရှိတဲ့ သားဥအိမ်အလုံးအကျိတ်တွေလည်း ဖြစ်နိုင်သေးတာပါပဲ။ သွေးလုံးတွေလည်း ရှိပါတယ်။ အထဲမှာ ဆံပင်မွှေးတွေ၊ သွားတွေ ပါတဲ့ အလုံးတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေက သားဥအိမ်မှာ ဖြစ် တတ်တဲ့ အလုံးတွေပါ။ သားဥအိမ်မှာ ဖြစ်တတ်တဲ့ အလုံးတွေက ရိုးရိုးအလုံးဖြစ်နိုင်သလို ကင်ဆာ အကျိတ်တွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်သားဥအိမ်မှာ အလုံးဖြစ်တယ်ဆိုရင် အရည်ကြည်အိတ် လေးကစပြီး မာမာအခဲအလုံးအကျိတ်ကနေ ကင်ဆာအလုံးအထိ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက PCOS (Polycystic Ovary Syndrome) ဆိုတဲ့ အရည်ကြည်အိတ်သေးသေးလေးတွေ အများကြီး ရှိတဲ့ ရောဂါစုလည်း ဖြစ်နိုင်ပါတယ်။

မေး ။ PCOS (Polycystic Ovary Syndrome) ဆိုတဲ့ ရောဂါစုအကြောင်း သိပါရစေ ဆရာ။
ဖြေ ။ PCOS (Polycystic Ovary Syndrome) ဆိုတဲ့ သားဥအိမ်မှာ ပုလဲပုတီးလေးလိုမျိုး အရည်ကြည် အိတ်သေးသေးလေးတွေ အများကြီးရှိတဲ့ ရောဂါစု ဆိုတာလည်း ရှိပါတယ်။ အဲဒါကျတော့ ဟော်မုန်း မမှန်တဲ့ အခြေအနေနဲ့ တွဲနေတတ်ပါတယ်။ ဟော်မုန်းတွေ မမှန်တော့ အဲဒီမိန်းကလေးက ရာသီတွေ မှန်မှန် မလာတော့ဘူး။ တစ်ခါတလေ သုံးလေးငါးလ နေမှ တစ်ကြိမ် ရာသီလာတယ်၊ တချို့ကျတော့ ရာသီက လုံးဝမလာပါဘူး၊ တချို့ကျတော့လည်း ရာသီခဏခဏလာတယ်၊ အဲဒီလို အခြေအနေမျိုးတွေ တွေ့ရပါတယ်။ အဲဒီလို မိန်းကလေးအများစုက ဝနေတတ်ပါတယ်။ ပြီးတော့ မျက်နှာမှာ ဝက်ခြံလေးတွေ ပေါက်တာ၊ အဆင်မသင့်ရင် မျက်နှာမှာ နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးလေးတွေ စတဲ့ အမွှေးအမှင်လေး တွေ ပေါက်တာတွေ့ရတယ်၊ ပြောရရင် မိန်းကလေး ဖြစ်ပြီး ယောကျာ်းလေးလို မျက်နှာမှာ အမွှေးအမှင်တွေ ပေါက်နေတာမျိုးပေါ့ . . ။ အိမ်ထောင်ကျဖို့ ကလေးယူမယ်ဆိုရင်ရဖို့ ခက်တာ၊ ပျက်ကျဖို့ လွယ်တာ . . ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ သားဥမကြွေ တော့ ရာသီကိုက မမှန်ဘူးလေ . . ဒါကြောင့် ဖြစ်တတ်တာပါ။

ဝတဲ့ သူတွေက ဖြစ်တာများတော့ ဟော်မုန်းမမှန်တဲ့အတွက် ဘဝနေထိုင်စားသောက်မှုပုံစံ (LIfeStyle) မှန်ကန်အောင် နေထိုင်ရပါတယ်။ ပြီးတော့ ပိန်ပိန်လေးတွေ ဖြစ်သွားအောင် အစားအသောက်တင်မက လေ့ကျင့်ခန်းတွေပါ လုပ်ပြီး သေချာထိန်းသိမ်းရပါတယ်။ အဲဒီလို ဝိတ်ချပြီး ပုံမှန် ကိုယ်အလေးချိန် ပြန်ဖြစ်သွားရင်ကို ဟော်မုန်းတွေမှန်ပြီး သက်သာသွားတတ်ပါတယ်။ သေချာ ဆေးမကုရင် ကလေးရဖို့ ခက်တာ၊ ရရင်လည်း ပျက်ကျ လွယ်တာ၊ အသက်ကြီးလာရင် သွေးချိုဆီးချိုရောဂါ ဖြစ်တာ၊ နှလုံးသွေးကြောကျဉ်းတာ စတာတွေလည်း ပိုဖြစ်တတ်ပါတယ်။

မေး ။ သားဥအိမ်မှာ ရေအိတ်ဖြစ်ရင် ဘယ်လို ဆက်လုပ်သင့်ပါသလဲ ဆရာ။
ဖြေ ။ သားဥအိမ်မှာ ရေအိတ်ဖြစ်ရင် သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆရာဝန် တွေက လူနာကို သေချာစမ်းသပ်ရပါတယ်။ ရိုးရိုး ရေအိတ်လား၊ ကင်ဆာလား . . သေချာ စမ်းသပ်ရသလို အာထရာဆောင်းရိုက်ပြီး အရွယ်ဘယ်လောက် ရှိသလဲ၊ အထဲမှာ အတုံးအခဲတွေပါသလား၊ အထဲမှာ အကန့်အကန့်တွေ ရှိသလား . . ဒါမှမဟုတ် ရိုးရိုး အရည်အိတ်တစ်အိတ်တည်းလား စသဖြင့် ကြည့်ရပါတယ်။ သာမန် အရည်ကြည်အိတ်လေး ဖြစ်ပြီး ဘာမှ အန္တရာယ် မရှိတဲ့ သားဥရေအိတ်ဆိုရင် ဘာမှ လုပ်စရာ မလိုပါဘူး။ သူ့အလိုလို ပျောက်သွားမှာပါ။ ဒါပေမဲ့ အဲဒီလို သာမန်ရေအိတ် ဟုတ်၊ မဟုတ် ဆိုတာကိုတော့ ရိုးရိုးလူတွေက မသိနိုင်ဘူး၊ ဆရာဝန်တွေက စမ်းသပ်စစ်ဆေးပြီးမှ ခွဲခြား သိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါတလေ အာထရာဆောင်းရိုက်ပြီး တွေ့တာဆိုရင် ကိုယ့်ဘာသာကိုယ် သိပ်ပြီးလည်း မကြောက်ပါနဲ့။ သိပ်ပြီး ပေါ့တီးပေါ့ဆ လည်း မနေပါနဲ့။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးကုသဖို့ အတွက် ဆွေးနွေးဖို့ လိုပါတယ်။ တချို့လူနာတွေကျတော့ ဆေးကုသဖို့လိုပေမယ့် တချို့ကျတော့ ဆေးကုသစရာ မလိုဘဲ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top