Healthy Life Ad
Health Tips

မြွေကိုက်ခံရပါက လူနာကို လုံးဝလှုပ်ရှားမှုမပြုစေဘဲ နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ရန်နှိုးဆော်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မြွေကိုက်ခံရပါက လူနာကို လမ်းလျှောက်ခြင်း၊ လှုပ်ရှားစေခြင်းမပြုသင့်ဘဲ လက်တွင်မြွေကိုက်ခံထားရလျှင်ပင် လှုပ်ရှားမှုကြောင့် အဆိပ်ကို ပိုမိုလျင်မြန်စွာ ပျံ့နှံ့စေကြောင်း အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးတစ်ဦး က Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

မြွေကိုက်ခံရလျှင် ဒဏ်ရာကို ဓားဖြင့်ခွဲခြင်း၊ မီးစဖြင့်ထိုးခြင်း၊ လူနာကို အရက်တိုက်ခြင်း၊ ဆေးလိမ်းခြင်း၊ နှိပ်ခြင်း၊ ပွတ်ခြင်း၊ မြွေမြီးကိုဖြတ်၍ မျိုခြင်းတို့ကို ရှောင်ကြဉ်သင့်ကြောင်း၊ မြွေကိုက်ဒဏ်ရာ၏ အထက်ဘက်တွင် ကြိုးဖြင့်တင်းကျပ်စွာချည်နှောင်ခြင်းသည် ခြေ၊ လက်များ ပုပ်တတ်ခြင်းအပြင် ကြိုးဖြတ်လိုက်ပါက အဆိပ် ပျံ့နှံ့မှုကို လျင်မြန်စေကြောင်း ကျန်းမာရေးဝန်ကြီးဌာနကလည်း နှိုးဆော်ထားသည်။

ထို့ပြင် မြွေဆိုးကိုက်သောအခါ မေးရိုးရှိကြွက်သားများက အဆိပ်အိတ်ကို ဖိနှိပ်သဖြင့် ဆေးထိုးအပ်ဖြင့် ထိုးသွင်းသကဲ့သို့ အဆိပ်များသည် ကိုက်သည့်နေရာအတွင်းသို့ ဝင်သွားသည်၊ ကြွက်သားဖိအားဖြင့် ထိုးသွင်းခံရသောအဆိပ်ကို ပြန်ထုတ်ယူရန်မလွယ်ပါ၊ သားငံရည်ကြောငယ်များမှ ပျံ့နှံ့ပါသည်၊ ထိုအကြောများကို အနည်းငယ်ဖိရုံမျှဖြင့် သွေးစီးခြင်းကို ရပ်တန့်စေနိုင်သဖြင့် အောက်ပါအချက်များကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။

(၁) မြွေကိုက်ခံရသည့်နေရာကို သန့်ရှင်းသောအဝတ်ဖြင့် ခပ်ဖွဖွသုတ်ပါ။ အားဖြင့်ဖိမပွတ်ရ။ အလွယ်တကူရနိုင်လျှင် ရေဖြင့်ဆေးပါ။

(၂) အလျား (၃) လက်မ၊ အနံ (၃) လက်မ၊ အထူ (၁) လက်မခွဲအရွယ် အဝတ်ခေါက်ထူထူ သို့မဟုတ် ပတ်တီးခေါက် (သို့မဟုတ်) ရော်ဘာရေမြှုပ်စတစ်ခုကို ဒဏ်ရာပေါ်တွင်တင်ပါ။

(၃) လက်ဖမိုး၊ လက်ချောင်း၊ ခြေချောင်းများတွင် မြွေကိုက်ခံရပါက အဝတ်ခေါက်ကို သင့်တော်ရာအရွယ်ပြုလုပ်၍ ဒဏ်ရာပေါ်တင်ပါ။

(၄) အဝတ်ခေါက်၏ အပေါ်တွင် ပတ်တီး (သို့မဟုတ်) အဝတ်စ (သို့မဟုတ်) အားကစားပတ်တီးကို မြဲရုံ၊ တင်းရုံ (ခြေဆစ်လက်ဆစ်များ နာကျင်သည့်အခါတွင် စည်းနှောင်သလောက်သာ) စည်းပါ။

(၅) ဒဏ်ရာကို ပတ်တီးစည်းပြီးပါက ဝါးခြမ်း၊ (သို့မဟုတ်) တုတ်ချောင်းရှည်ဖြင့် မြွေကိုက်ခံရသော ခြေ (သို့မဟုတ်) လက်တစ်ချောင်းလုံးကို ကပ်၍စည်းပါ။ ခြေဆစ်၊ လက်ဆစ်၏ အထက်နှင့် အောက်တို့တွင် ကြိုး (သို့မဟုတ်) ပတ်တီးဖြင့် ချည်နှောင်ရမည်။

(၆) ခြေတစ်ချောင်းလုံးကိုမီသော တုတ်ချောင်းမရနိုင်ပါက ဝါးခြမ်းနှစ်ခု-သုံးခုကို သင့်လျော်သလိုဆက်၍သုံးပါ။

(၇) လူနာကို လှုပ်ရှားမှုလုံးဝမပြုစေဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးပေးခန်းသို့ အမြန်ဆုံးပို့ဆောင်ရမည်။

(၈) ဖြစ်နိုင်ပါက မြွေသေကိုပါ တစ်ပါတည်းယူဆောင်လာပါ။ ကိုက်သော မြွေကိုသိရှိပါက မှန်ကန်တိကျသော မြွေဆိပ်ဖြေဆေးကို အချိန်မီထိုးနိုင်ရန် အထောက်အကူပြုသည်။

Most Popular

Healthy Life Ad
To Top