Healthy Life Ad
Life Style

ဒေါင်းရောဂါလက္ခဏာစု (Down Syndrome) အကြောင်း

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွးနွေးခြင်း)

မေး ။ Down Syndrome အကြောင်း သိပါရစေ ဆရာ။
ဖြေ ။ Down Syndrome ဆိုတာ ခရိုမိုဇုမ်းတစ်ခု အပိုပါနေတဲ့ မျိုးဗီဇဆိုင်ရာ ဉာဏ်ရည်မမီတဲ့ မွေးရာပါ ရောဂါပါ။ ဒီကလေးတွေမှာ ထူးခြားတာက တစ်ကမ္ဘာလုံးက Down Syndrome ကလေးတိုင်းဟာ မျက်နှာလေးတွေက တူညီနေကြပါတယ်။ ဒါကို မွန်ဂိုလို့လည်း ဟိုးအရင်က ခေါ်ခဲ့ကြပါတယ်။ အဓိက ဖြစ်တာက မျိုးရိုးဗီဇ အမှတ် ၂၁ ခရိုမိုဇုမ်းမှာ အပိုလေးတစ်ခုပါနေတာပါ။ ဒီတော့ မျိုးရိုးဗီဇနဲ့ ဆိုင်တဲ့ မွေးရာပါရောဂါလို့ပဲ ပြောလို့ရပါတယ်။

မေး ။ Down Syndrome ကလေးတွေက ဘယ်လို အသွင်လက္ခဏာ ရှိတတ်ပါသလဲ ဆရာ။
ဖြေ ။ ဒီကလေးတွေရဲ့ မျက်နှာလေးတွေက မျက်နှာ ဖောင်းဖောင်းပြားပြားလေးတွေရှိတယ်၊ ပျော်ပျော် နေတတ်တယ်၊ဉာဏ်ရည်(IQ)ကျတော့ နိမ့်နေတတ်ပါတယ်။ အဲဒီလို နိမ့်နေတဲ့အတွက် အသက်ရှည်ပေမယ့် ကလေးလေးလိုပဲဖြစ်နေတတ်ပါတယ်။ စာသင်ရတာ ခက်နေတတ်ပါတယ်။ အဆင့်မြင့်တဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေတက်လို့ မရပါဘူး။

မေး ။ ဘယ်လိုအကြောင်းတွေကြောင့် Down Syndrome ကလေးလေးတွေ မွေးတတ်ပါသလဲဆရာ။
ဖြေ ။ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ရောဂါဆိုတော့ ကံမကောင်းတဲ့သူဖြစ်တယ်လို့ပဲ ဆိုရမှာပါပဲ။ ဒါပေမဲ့ အကြမ်းအားဖြင့် ပြောရရင် အသက်ကြီးတဲ့ မိခင်က မွေးတဲ့ ကလေးတွေက Down Syndrome ကလေး မွေး နိုင်ခြေပိုများပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို ငယ်ရွယ်ချိန်မှာ ကလေးယူဖို့ပြောလေ့ရှိကြတာပါ။ အသက်ကြီးတဲ့ မိခင်တွေက မွေးတဲ့ ကလေးတွေက ငယ်တဲ့မိခင်တွေကမွေးတဲ့ ကလေးတွေထက် Down Syndrome ဖြစ်နိုင်ခြေပိုများ . . များသွားလို့ပါ။ ဒါပေမဲ့ အသက်ကြီးတဲ့ မိခင်ကမွေးတိုင်း Down Syndrome ကလေးဖြစ်မယ်လို့ပြောတာ မဟုတ်ပါဘူး၊ ဖြစ်နိုင်ခြေပိုများသွားတယ်လို့ပဲ ဆိုလိုတာပါ။

မေး ။ Down Syndrome ကလေးတွေ မွေးလာပြီဆိုရင် ဘယ်လိုပြုစုပျိုးထောင်ပေးသင့်ပါသလဲ ဆရာ။
ဖြေ ။ Down Syndrome ကလေးတွေ ဉာဏ်ရည်နိမ့်တာကို ဆေးကုသလို့ မရပါဘူး။ မိဘတွေ၊ မောင်နှမ တွေ၊ ဆွေမျိုးသားချင်းတွေက Down Syndrome ကလေးလေးကို နားလည်ပြီး ကောင်းကောင်းပံ့ပိုး ကူညီပေးဖို့လိုပါတယ်။ အခုဆိုရင် Down Syndrome ကလေးတွေနဲ့ ပတ်သက်တဲ့ ကျောင်းလေးတွေ၊ သင်တန်းတွေရှိနေပါပြီ။ ဒီလို သီးသန့်ကျောင်းလေးတွေကိုပို့ပြီး သူတို့ကို လူဝင်ဆန့်အောင်၊ စွမ်းဆောင်ရည် မြင့်တက်လာအောင် လုပ်ပေးရပါမယ်။
နောက်တစ်ချက်က Down Syndrome ကလေးလေးတွေဟာ မွေးရာပါ နှလုံးရောဂါ ဖြစ်နိုင်ခြေ ကပိုများပါတယ်။ တချို့ဆိုရင် မျက်စိ၊ နားတွေမှာ ချို့ယွင်းချက်ပါတာတွေ ရှိတတ်တယ်။ အဲဒါကို မွေး လာကတည်းက သေချာစစ်ဆေးပြီး သင့်တော်တဲ့ ဆေးကုသမှုတွေ ဆောင်ရွက်ပေးရပါမယ်။

မေး ။ Down Syndrome ကလေးလေးတွေမွေးလာမှာ စိုးရိမ်နေကြတဲ့ အမျိုးသမီးတွေအနေနဲ့ ဘယ်လို အချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။
ဖြေ ။ မိခင်တွေအနေနဲ့ Down Syndrome ကလေးလေး မွေးမလာအောင် ဆိုပြီး ကာကွယ်လို့တော့ မရပါဘူး။ ဒါပေမဲ့ လုပ်လို့ရတာတစ်ခုက ကိုယ်ဝန်ဆောင် ကာလမှာ သန္ဓေသားကို Down Syndrome ဟုတ်၊ မဟုတ် တခြားနိုင်ငံတွေမှာ စစ်ဆေးလို့ရပါတယ်။ တခြားနိုင်ငံတွေမှာ စစ်ဆေးနည်း နှစ်မျိုးရှိတယ်၊ တစ်ခုက ကိုယ်ဝန် ၁၅ ပတ်ဝန်းကျင်လောက်မှာသွေးဖောက်စစ်ပြီး သွေးထဲမှာပါတဲ့ ဟော်မုန်းသုံးမျိုးကို စစ်ဆေးတာပါ။ အဲဒါကို Triple Test လို့တောင် ခေါ်ကြပါတယ်။ အဲဒီက ထွက်လာတဲ့အဖြေမှာ ဒီက လေးက Down Syndrome ဖြစ်နိုင်ခြေဘယ်လောက် ရှိတယ်ဆိုတဲ့ အချက်ကို ပြတတ်ပါတယ်။ အဲဒီမှာ ဖြစ်နိုင်ခြေအများဆုံး(High Risk) ဖြစ်နေပြီဆိုရင် နောက်တစ်ဆင့်က မျိုးဗီဇကိုစစ်ရပါတယ်။ ကိုယ်ဝန် အပတ် ၂၀ မတိုင်ခင်မှာ မိခင်ဗိုက်ထဲက ကလေးဘေးမှာရှိတဲ့ ရေမြွှာရည်အနည်းငယ်ကို ယူပြီး ခရိုမိုဇုမ်းနံပါတ်ကို စစ်လို့ရပါတယ်။ အဲဒါကတော့ အတိ အကျသိတဲ့ စစ်ဆေးနည်းပဲ ဖြစ်ပါတယ်။
အဖြေက Down Syndrome ကလေးလို့ သိလာပြီဆိုပါစို့၊ နိုင်ငံခြားက တချို့မိခင်တွေက အဲဒီက လေးကိုမလိုချင်ဘဲဖျက်ချပစ်တတ်ကြတယ်။ Abortion Law (ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေ)ရှိတဲ့ နိုင်ငံတွေမှာ ကိုယ်ဝန် အပတ် ၂၄ ပတ်မတိုင်ခင် ဖျက်ချခွင့်ရှိတော့ မိဘတွေရဲ့သဘောတူညီချက်အတိုင်း ဆေးရုံကနေ ဖျက်ချပေးလေ့ရှိပါတယ်။
ဆရာတို့ မြန်မာနိုင်ငံက မိခင်တွေကတော့ကိုယ့်ရင်သွေးကို ဘယ်လိုဖြစ်ဖြစ် မွေးပြီး ဆက်လက်ပြုစု ပျိုးထောင်ကြပါတယ်။

မေး ။ Down Syndrome ကလေးတွေကို ပုံမှန်အတိုင်း ကောင်းကောင်းပြုစုစောင့်ရှောက်ပေးမယ်ဆိုရင် အသက်ရှည်ရှည် နေနိုင်ပါသလား ဆရာ။
ဖြေ ။ Down Syndrome ကလေးတွေမှာ တခြားမွေးရာပါနှလုံးရောဂါတွေ ဘာတွေရှိသလားဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါတယ်။ တခြားရောဂါတွေ ပါနိုင်ခြေကများပါတယ်။ ဘာရောဂါမှမရှိဘူးဆိုရင်တော့ အသက်ရှည်ရှည်နေရပါတယ်။
ဒီကလေးလေးတွေက ဉာဏ်ရည်နိမ့်တော့ သူတို့ဘာသာ သူတို့ရှာဖွေစားသောက်ပြီး ကိုယ့်ဘာသာ ရပ်တည် နေထိုင်နိုင်တာ သိပ်မရှိပါဘူး။ နိုင်ငံခြားမှာတော့ ဒီလို Down Syndrome ကလေးတွေကို မက်ဒေါ်နယ်ဆိုင်မျိုးတွေမှာ မုန့်လေးတွေချပေးတဲ့ အလုပ်တွေ လုပ်ခိုင်းတာရှိပါတယ်။

မေး ။ တချို့လူတွေက Down Syndrome ကလေးက သားဦးကလေးမှာပဲ မွေးတယ်၊ သားနှောင်းမှာမမွေးဘူး၊ မိခင်အစားမှားလို့ဖြစ်တယ် စသဖြင့် ပြောလေ့ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး ဆရာ။
ဖြေ ။ အစားမှားလို့ ဖြစ်တာမဟုတ်ပါဘူး၊ တချို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာဆေးမှားသောက်လို့ဖြစ်တယ် လို့တောင် ထင်ကြပါတယ်။ ဒါလည်း မဟုတ်ပါဘူး။ သားဦး၊ သားနှောင်းနဲ့လည်းမဆိုင်ပါဘူး။ သူ့ဘာသာ ဖြစ်ချင်လို့ဖြစ်တာပါ။ ပြောရရင် ကံမကောင်းလို့ပဲဆိုရမှာပါ။

Most Popular

Healthy Life Ad
To Top