Healthy Life Ad
Q & A

ကျန်းမာရေးကောင်းတဲ့မိဘက ကိုယ်လက်အင်္ဂါချို့ယွင်းတဲ့ကလေး မွေးလာရသည်မှာ . .

ဒေါက်တာစိုးလွင်
(သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး)

မေး. မိဘက ကျန်းမာရေးကောင်းနေပါလျက်နဲ့ ဘာကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းတဲ့ ကလေး မွေးလာရတာပါလဲ ဆရာ။
ကိုမင်းမင်း၊ လသာ။

ဖြေ. မိဘကျန်းမာရေးကောင်းတာနဲ့ မွေးတဲ့ကလေးက အင်္ဂါအစုံအလင်ပါရမယ်လို့ သတ်မှတ်လို့ မရပါဘူး။ ကလေးကိုယ်လက်အင်္ဂါ မစုံလင်တာ၊ ချို့ယွင်းတာတွေက မိဘတွေရဲ့ကျန်းမာရေး တစ်ခုတည်းအပေါ်မှာ မူတည်တာ မဟုတ်ပါဘူး။ အကြောင်းအရာအများကြီးနဲ့ သက်ဆိုင်နေပါတယ်။ တစ်ခါတလေ ဘာအကြောင်းအရာမှ မရှိဘဲနဲ့ ကလေးလေးက သူ့ဘာသာကံဆိုးလို့ ဖြစ်လာတာလို့ သတ်မှတ်လိုက်ရတာမျိုးလည်း ရှိပါတယ်။

မိဘတွေ ဂရုစိုက်ပေးဖို့လိုတဲ့ အချက်တွေကတော့ ကိုယ်ဝန်ရဲ့ ပထမဆုံးသုံးလမှာ အရမ်းအရေးကြီးပါတယ်။ အဲ့ဒီအချိန်မှာ ကလေးငယ်ဟာ မိခင်ရဲ့ဗိုက်ထဲမှာ ကိုယ်လက်အင်္ဂါလေးတွေ စတင်ဖြစ်ပေါ်လာတဲ့ အချိန်ပါပဲ။ အဲ့ဒီအချိန်မှာ ကိုယ်ဝန်ဆောင်မိခင်က ကျန်းမာရေးထိခိုက်ပြီး အကြီးအကျယ် နေမကောင်းဖြစ်တာ၊ ဆေးမှားသောက်တာတွေက ကလေးလေးရဲ့ဖွံ့ဖြိုးမှုကို ထိခိုက်စေတတ်ပါတယ်၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းတာတွေ ဖြစ်တတ်ပါတယ်။

မွေးလာတဲ့ကလေးလေး ကိုယ်လက်အင်္ဂါ ချို့ယွင်းထိခိုက်မှုမဖြစ်အောင် ကာကွယ်ဖို့ဆိုရင် ကိုယ်ဝန်စယူမယ်လို့ ဆုံးဖြတ်ပြီးကတည်းက ဖောလစ်အက်စစ်ကို ပုံမှန်သောက်ပေးရပါမယ်။ ဒီဗီတာမင်ဆေးကို နှစ်လလောက် ကြိုသောက်သွားမယ်ဆိုရင် ဦးနှောက် ၊ အာရုံကြောနဲ့ ကိုယ်လက်အင်္ဂါ ချို့ယွင်းမှုတွေကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

ဆီးချိုသွေးချိုရောဂါရှိသူ အမျိုးသမီးတွေဟာ ဆီးချိုသွေးချိုတွေကို သေချာမထိန်းနိုင်ဘဲ ကလေးရသွားတဲ့အခါ ကိုယ်ဝန်ပထမ သုံးလအတွင်း ဆီးချိုသွေးချိုတွေ အရမ်းတက်နေ / ကျနေရင် ကလေးရဲ့ ကိုယ်လက်အင်္ဂါတွေကို ချို့ယွင်းစေတတ် ပါတယ်။ ဆီးချိုသွေးချိုကို အကောင်းဆုံးထိန်းချုပ်ပြီး ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ကလေးယူသင့်ပါတယ်။

နောက်တစ်ချက်က ကိုယ်ဝန်ရှိကာစမှာ ဆရာဝန်ညွှန်ကြားချက်မပါဘဲ သူများပြောတဲ့ ဆေးတွေကို မသောက်သင့်ပါဘူး။ ဆေးအသောက်မှားတာနဲ့ ဗိုက်ထဲက ကလေးကို အများကြီးထိခိုက် စေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top