Healthy Life Ad
International

ကမ္ဘောဒီးယား ဒေါက်တာရမ်းကုကြောင့် လူအယောက်၂၀ဝ ကျော် HIV ပိုး ကူးစက်

၊ မိုးမင်းထွန်း ၊

လိုင်စင်မရှိတဲ့ ကျေးလက်ရမ်းကုတစ်ယောက်ဟာ မသန့်ရှင်းတဲ့ ဆေးထိုးအပ်ကို ထပ်တလဲလဲအသုံးပြုကာ ရွာသားတွေကို ရောဂါကူးစက်စေခဲ့တာကြောင့်ပြစ်ဒဏ်ချမှတ် ခံခဲ့ရပါတယ်။

မကြာသေးခင်က သေဆုံးသွားသူတွေအပါအဝင် လူအယောက်၂၀ဝ ကျော်ကို HIV ပိုး ကူးစက်စေခဲ့ကြောင်း ပြစ်မှုထင်ရှားတာကြောင့် ကမ္ဘောဒီးယား ရမ်းကုဆရာဝန်ဟာ ထောင်ဒဏ်၂၅ နှစ် ပြစ်ဒဏ်စီရင် ခံခဲ့ရပါတယ်။ဒီအမှုဟာ လူအများစု ဆေးကုသမှုအတွက် လိုင်စင်မရှိတဲ့ရမ်းကုတွေအပေါ် မှီခိုနေရတဲ့ ဆင်းရဲလှတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ချို့တဲ့ပုံအကြောင်းကို မီးမောင်းထိုးပြ လိုက်တာလည်း ဖြစ်ပါတယ်။

အသက် ၅၅ နှစ်အရွယ် ရမ်ချရင်ဟာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်တဲ့လူ သတ်မှုစွပ်စွဲချက်နဲ့ တရားစွဲဆိုခံရတာ ဖြစ်ပြီးနောက်ပိုင်းမှာ လူသေမှုစွဲချက်အဖြစ် ပြောင်းလဲပြီးတရားရုံးက လျှော့ချပေးခဲ့တယ်လို့ ရမ်းကုရဲ့ရှေ့နေက ပြောပါတယ်။ “ကျွန်တော်ရဲ့အမှုသည်ဟာ သူအပြစ်မရှိဘူးလို့ ဆိုနေတုန်းပါပဲ။ အယူခံဝင်ဖို့ ဆန္ဒရှိရင်လည်း လိုက်ပါဆောင်ရွက်ပေးမယ်” လို့ သူကဆက်ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံသား သန်းပေါင်းများစွာ၊ အထူးသဖြင့် ဆင်းရဲသားတွေနဲ့ ဝေးလံခေါင်ဖျားအရပ်မှာ နေထိုင်ကြသူတွေဟာ နိစ္စဓူဝကျန်းမာရေး ပြဿနာတွေအတွက် လိုင်စင်မရှိတဲ့ရမ်းကုတွေကိုပဲ အားထားနေရပါတယ်။ကမ္ဘာ့ဘဏ်ရဲ့တွက်ချက်မှုအရ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယားမှာ အာဖဂန်နစ္စတန်နိုင်ငံနဲ့တန်းတူ လူဦးရေ ၁၀ဝ၀ မှာ ဆရာဝန်အချိုး ဝ ဒသမ၂ ယောက်သာရှိတယ်လို့ ဆိုပါတယ်။ အလားတူဆင်းရဲတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၁၀ဝ၀ မှာ ဝ ဒသမ ၆ ယောက် ရှိပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ လူဦးရေ ၁၀ဝ၀ မှာ ၃ ဒသမ၂ ယောက် ရှိပါတယ်။

HIV ပိုး ကူးစက်ခံရတဲ့သတင်းကြောင့် တစ်နိုင်ငံလုံး အထိတ်တလန့်ဖြစ်နေကြပြီး အစိုးရကလည်း လိုင်စင်မဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတွေကို ဖြိုခွင်းမယ်လို့ ကတိပြုခဲ့ပါတယ်။

တရားရုံးမှာ ကိုယ်တိုင်သက်သေထွက်ဆိုတဲ့ လိုအန်လွန်က သူနဲ့သူ့မိသားစုဝင် ၄ ယောက်စလုံး HIV ပိုး ကူးစက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ဟာ သူရဲ့သားကောင်တွေ ဖြစ်ခဲ့ကြပါတယ်။ ရောဂါပိုးကူးစက်ခံရတာကို နောက်ပိုင်းမှ သိခဲ့ရတယ်” လို့ တရားရုံးအပြင်ဘက် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

(Ref; The Guardian)

Most Popular

Healthy Life Ad
To Top