Healthy Life Ad
International

ကင်ဆာဆေးက ထိပ်ပြောင်ရောဂါကို ကုသနိုင်ကြောင်း တွေ့ရှိ

မိုးမင်းထွန်း

ကင်ဆာနဲ့ အရိုးကျီးပေါင်းတက် ရောဂါတွေကို ကုသတဲ့ ဆေးတွေဟာ ဆံပင်ကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

ကင်ဆာကုသမှု အများစုတွေဟာ ဆံပင်ကျွတ်တာကို ဖြစ်ပေါ်စေပေမယ့်လည်း JAK inhibitors အမျိုးအစားဆေးတွေဟာ ဆံပင်ကြီးထွားအောင် အထူးပြုလုပ်ပေးပါတယ်။

ကိုလံဘီယာတက္ကသိုလ်က အန်ဂျလာခရစ်စီယာနိုနဲ့ အဖွဲ့ဟာ အမွှေးအမျှင်မပေါက်တဲ့ ရောဂါတစ်မျိုးကို ဒီဆေးတွေနဲ့ စမ်းသပ်ခဲ့တာပါ။ ဒီရောဂါဟာ ကိုယ်ခံအားစနစ်က မွေးညင်းပေါက်တွေကို မှားယွင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ပြီး ဆေးတွေက မူမမှန်တဲ့ ကိုယ်ခံအားစနစ် တုံ့ပြန်မှုတွေကို တွန်းလှန်ပေးပါတယ်။

“ လူနာတွေကို ဒီဆေးတွေ လိမ်းပေးပြီးနောက်မှာ အံ့သြစရာကောင်းလောက်အောင် အမွှေးအမျှင်တွေ လျင်လျင်မြန်မြန် ပြန်ပေါက်လာတာကို တွေ့ခဲ့ရတယ် ”လို့ ခရစ်စီယာနိုက ဆိုပါတယ်။ ဆေးတွေဟာ မွေးညှင်းပေါက်တွေရဲ့ ပုံမှန်အခြေအနေကို ရောက်ရှိအောင် လုပ်ဆောင်ပေးပြီး ဆံပင်ပေါက်စက်ဝန်းကို ပြန်လည်ဝင်ရောက်အောင် တွန်းအားပေးပါတယ်။

သူတို့ဟာ ထိပ်ပြောင်ကြွက်တွေရဲ့ အရေပြားကို ငါးရက်ကြာ ဆေးလိမ်းစမ်းသပ်ခဲ့ပြီး ၁၀ ရက်အတွင်းမှာ ဆံပင်အသစ်တွေ ပေါက်လာတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

ဆံပင်တွေဟာ ထူထူထဲထဲ၊ အချိုးညီညီ ပြန်ပေါက်လာတယ်လို့ သူကဆိုပါတယ်။ အရင်က ဆံပင်ပေါက်ဆေးတွေဟာ ကျိုးတို့ကျဲတဲ ပြန်ပေါက်အောင်ပဲ စွမ်းဆောင်နိုင်ပြီး အခုလို လျင်လျင်မြန်မြန် အချိုးညီညီ ပြန်ပေါက်အောင် ပြုလုပ်ပေးနိုင်စွမ်း မရှိခဲ့ပါဘူး။ ဆေးတွေဟာ ကိုယ်ခံအားစနစ်ကို တွန်းလှန်တာကြောင့် လူနာတွေဆီ ကူးစက်ရောဂါတွေ ရနိုင်ခြေရှိတဲ့အတွက် အလှကုန်ပစ္စည်းအဖြစ် ပြုလုပ်ရောင်းချမယ်ဆိုရင် အန္တရာယ်ရှိနိုင်ပါတယ်။

ဒါပေမဲ့ ဆေးသီးသန့် လိမ်းတာက ဘေးကင်းပါတယ်လို့ ခရစ်စတီယာနိုက ဆိုပါတယ်။ကိုလံဘီယာတက္ကသိုလ်ဟာ ဒီတွေ့ရှိမှုကို မှတ်ပုံတင်ထားပြီး ဒေါက်တာခရစ်စတီယာနို တည်ထောင်ထားတဲ့ ကုမ္ပဏီက ဒီအမျိုးအစားဆေးတွေကို ရောင်းချပေးနေတယ်လို့ သိရပါတယ်။
Ref: NBC

Most Popular

Healthy Life Ad
To Top