———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———
ငယ်ငယ်ရွယ်ရွယ်နဲ့ အလွန်ချမ်းသာကြွယ်ဝပြီး အောင်မြင်ထင်ရှားတဲ့ သူဌေးသားတစ်ယောက်က သူ့မိဘနှစ်ပါးကိုခေါ်ပြီး ကြယ်ငါးပွင့်ဟိုတယ် စားသောက်ဆိုင်မှာ ညစာလိုက်ကျွေးပါတယ်။
ညစာစားနေတုန်း နာမည်ကျော် စန္ဒရားဆရာတစ်ယောက်က စင်ပေါ်တက်လာပြီး ဖျော်ဖြေတင်ဆက်တဲ့အခါ-
သားဖြစ်သူက သူငယ်စဉ်ကလေးဘဝမှာ စန္ဒရားသင်ခဲ့ဖူးတာကို သွားအမှတ်ရလိုက်ပါတယ်။
“ကျွန်တော်သာ ငယ်ငယ်က စန္ဒရားကို သေချာသင်ခဲ့ရင် အခုစင်ပေါ်မှာ စန္ဒရားတီးနေတဲ့သူက ကျွန်တော်ဖြစ်ချင်ဖြစ်နေမှာနော် အဖေ”
သားစကားကြားတော့ ဖခင်ကပြန်ဖြေတယ်။
“ဟုတ်တယ် . . သား၊ ဒါပေမဲ့ ဒီညစာစားပွဲမှာ အဖေတို့ကိုလိုက်ကျွေးပြီး ထိုင်စားနေတာတော့ သားဖြစ်ချင်မှဖြစ်မှာ”
တချို့လူတွေက မဖြစ်ခဲ့တဲ့အရာ၊ မရခဲ့တဲ့အခွင့်အရေး၊ လက်လွှတ်ခဲ့ရတဲ့သူ၊ ဆုံးရှုံးသွားတဲ့ပစ္စည်း စတာတွေကို တမ်းတရင်း နှမြောတသဖြစ်နေတာနဲ့ ကိုယ့်နေရာရဲ့တန်ဖိုး၊ ကိုယ်ရရှိထားတဲ့ ပိုင်ဆိုင်မှု၊ ကိုယ်နဲ့ရေစက်ဆုံတဲ့သူတွေရဲ့ မေတ္တာတရားတွေကို မေ့လျော့နေတတ်တယ်ဆိုတာ ဒီစာစုလေးက သင်ခန်းစာပေးထားတာ ဖြစ်ပါတယ်။