မီမိုးမေ (ဆေးဝါးတက္ကသိုလ်)
အိပ်မပျော်တာက ဒီနေ့ခေတ်လူတွေကြားမှာ စိတ်ဖိစီးမှု၊ တစ်နေ့တာ နေထိုင်စားသောက်ပုံမမှန်ခြင်း၊ စိတ်ခံစားမှုမကောင်းခြင်း စတာတွေကြောင့် အတွေ့ရများတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ အိပ်မပျော်တဲ့ သူတွေကြားမှာ အိပ်ခန်းအေးအောင်ထားတာ၊ အိပ်ခန်းကိုမှောင်ပြီး တိတ်ဆိတ်အောင်ထားတာ ဒါတွေကလည်း သိပ်အသုံးမဝင်လှပါဘူး။ အမေရိကန်လူမျိုးတွေကတော့ အချိန်နှစ်မိနစ်အတွင်း အိပ်ပျော်သွားစေမယ့် နည်းလမ်းကို အခုလိုပြောပြထားပါတယ်။
မြန်မြန်အပန်းပြေပြီး အိပ်မောကျစေတဲ့ လျှို့ဝှက်ချက်ကတော့ စိတ်ရောကိုယ်ပါအနားယူလိုက်ဖို့ပါပဲ။ အောက်ပါအဆင့်တွေကို လိုက်နာပေးတယ်ဆိုရင် အများစုက အချိန်တစ်မိနစ်ခွဲအတွင်းမှာတောင် အိပ်ပျော်သွားတယ်လို့ သိရပါတယ်။
– အဆင့် (၁)
လျှာ၊ မေးရိုးနဲ့ မျက်ဝန်းတစ်ဝိုက်ရှိ ကြွက်သားတွေအပါအဝင် မျက်နှာကြွက်သားတွေကို ဖြေလျှော့ကာ အနားပေးပါ။
– အဆင့် (၂)
ပခုံးတွေကိုလည်း ဖြစ်နိုင်သမျှ ဖြေလျှော့ချလိုက်ပါ။ ပြီးရင် ပခုံးတစ်ဖက်ရှိ လက်မောင်းကို ဖြေလျှော့ပါ။ ပြီးရင် နောက်ပခုံးတစ်ဖက်ရှိ လက်မောင်းကို ဖြေလျှော့ပါ။
– အဆင့် (၃)
အသက်ရှူထုတ်ပြီး ရင်ဘတ်ကြွက်သားကို ဖြေလျှော့ပါ။ ပြီးရင် ပေါင်ရင်းကစလို့ ခြေထောက်အောက်ပိုင်းအထိ တဖြည်းဖြည်းချင်း ဖြေလျှော့သွားပါ။
– အဆင့် (၄)
အထက်က အဆင့်တွေ လုပ်ဆောင်ပြီးရင် စိတ်ကိုရှင်းလင်းဖို့ အချိန်ရောက်ပါပြီ။
၁၀ စက္ကန့်ခန့် စိတ်ကို အပန်းဖြေပြီးတဲ့အခါ အိပ်ချင်စိတ် ဖြစ်ပေါ်လာပါလိမ့်မယ်။ စိတ်ထဲက အတွေးတွေရှင်းပြီး အိပ်မောကျဖို့အတွက် ပုံရိပ် ၃ခုကို မြင်ယောင်ကြည့်လိုက်ပါ။
ပုံရိပ် (၁) ကြည်လင်ငြိမ်သက်တဲ့ ကန်ရေပြင်ထဲက ကနူးလှေပေါ် လှဲလျောင်းရင်း အပေါ်မှာ ရှင်းလင်းကြည်လင်တဲ့ ကောင်းကင်ပြာပြာရှိတယ်လို့ မြင်ကြည့်ပါ။
ပုံရိပ် (၂) ကြိုးပုခက်ထဲလှဲပြီး တိတ်ဆိတ်စွာငြိမ် သက်နေတယ်လို့ မြင်ကြည့်ပါ။
ပုံရိပ် (၃) ပါးစပ်ကနေ “ဘာမှ မတွေးဘူး”၊ “ဘာမှမတွေးဘူး” ဆိုပြီး အချိန် ၁၀ စက္ကန့်ခန့် ရွတ်ဆိုပါ။
အိပ်ရေးပျက်တဲ့ အချိန်ကြာရင် သင်ရဲ့ ဗဟိုအာရုံကြောစနစ်က နွမ်းနယ်နေပြီး ကိုယ်ခံအားကျတာ၊ မှတ်ဉာဏ်မကောင်းတာ၊ သွေးတိုးတာ၊ ကိုယ်အလေးချိန်မြင့်တက်တာ စတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။ အခုနည်းလမ်းကတော့ လူပေါင်းများစွာရဲ့ အိပ်စက်မှုပြဿနာကို ဖြေရှင်းပေးပြီး မြန်မြန်အိပ်မောကျစေတယ်လို့ သိရပါတယ်။
– အိပ်ရေးဝ၀ အိပ်မောကျပြီး အိပ်မက်လှလှ မက်ကြပါစေ။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)