Healthy Life Ad
Child

ရေကူးခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူး (၁၀)

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

နွေရာသီမှာ လူကြီးတွေသာမက ကလေးတွေလည်း ရေကူးသင့်ပါတယ်။ ကလေးတွေ စနစ်တကျ ရေကူးတတ်အောင် ရေကူးသင်တန်းပို့ပေးဖို့ လိုပါတယ်။ ရေကူးတာကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက အများကြီးပါ။ ရေကူးတာက ခန္ဓာကိုယ်ရဲ့ အရိုးတည်ဆောက်ပုံစနစ်ပေါ်မှာ ဒဏ်သက်ရောက်မှုမရှိဘဲ တစ်ကိုယ်လုံးကို ကျန်းမာစေပါတယ်။ ရေကူးတာကြောင့် ကိုယ်နေဟန်၊ ခန္ဓာကိုယ်အနေအထား၊ ပျော့ပျောင်းသန်စွမ်းမှုတို့ကို ပိုကောင်းစေပါတယ်။ ရေကူးတာကြောင့် တစ်ကိုယ်လုံးရှိ ကြွက်သားအားလုံးနီးပါးကို သန်စွမ်းစေပါတယ်။ အခုလိုနွေရာသီမှာ အားကစားတစ်ခုအဖြစ် ရေကူးတဲ့အခါ အောက်ပါကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

(၁) ခန္ဓာကိုယ်တစ်ခုလုံးကို လေ့ကျင့်ခန်းလုပ်ဖြစ်စေပါတယ်

လက်တွေ၊ ခြေထောက်တွေကို ဆန့်ထုတ်ပြီး ရေကူးတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို အသုံးပြုပြီးသား ဖြစ်သွားပါတယ်။ ရေထဲမှာ မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်တာက မြေပြင်မှာ ၄၅ မိနစ် လေ့ကျင့်ခန်းလုပ်တာနဲ့ ညီမျှတဲ့ ကျန်းမာရေးအကျိုးကျေးဇူးကို ရရှိစေပါတယ်။

(၂) လူရောစိတ်ပါ ကျန်းမာပျော်ရွှင်စေပါတယ်

တစ်ပတ်မှာ သုံးကြိမ်ခန့်နဲ့ တစ်ကြိမ်မှာ မိနစ် ၃၀ကြာ ရေကူးပေးရုံနဲ့ ခန္ဓာကိုယ်ဟန်ချက်ညီမျှစေပါတယ်။ ကျန်းမာရေးနဲ့ အညီစားသောက်တာ၊ ကျန်းမာရေးနဲ့အညီ နေထိုင်တာတို့ကိုပါ လိုက်နာပေးမယ်ဆိုရင် လူရောစိတ်ပါ ကျန်းမာပျော်ရွှင်နေပါလိမ့်မယ်။ ရေကူးတာကို မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပြုလုပ်ပေးလေလေ ပိုပျော်ရွှင်ရလေလေ ဖြစ်မှာပါ။

(၃) စိတ်ဖိစီးမှု လျော့ကျပြီး အပန်းပြေစေပါတယ်

စိတ်ညစ်နေရင် ရေကူးကန်မှာ ရေသွားကူးလိုက်ပါ။ ရေကူးတာကြောင့် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကတို့ကို သိသိသာသာ လျော့ကျစေပြီး အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။ ရေကူးတာကြောင့် ခန္ဓာကိုယ်ကနေ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိစေပြီး သင့်ကို ပျော်ရွှင်စေပါတယ်။

(၄) ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်

ရေကူးတာကြောင့် ခန္ဓာကိုယ်ရှိ ကယ်လိုရီအပိုတွေကို လောင်ကျွမ်းစေပါတယ်။ တစ်နေ့မှာ နာရီဝက်ခန့်ရေကူးပေးရင် ကယ်လိုရီ ၂၀ဝ ကျော် လောင်ကျွမ်းစေတဲ့အတွက် လမ်းလျှောက်တာထက် ပိုထိရောက်မှုရှိပါတယ်။ ခပ်မြန်မြန်ရေကူးတာက ပြေးတာလိုမျိုး ကယ်လိုရီလောင်ကျွမ်းစေပါတယ်။

(၅) ရောဂါဝေဒနာဖြစ်နှုန်းကို လျော့ကျစေပါတယ်

တစ်ပတ်မှာ မိနစ် ၃၀ ခန့် ရေကူးပေးရုံနဲ့တင် နှလုံးရောဂါ၊ အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ လေဖြတ်ဝေဒနာတို့မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ ရေကူးတာက နှလုံးသွေးကြောတွေကို လေ့ကျင့်ခန်းလုပ်ဖြစ်စေလို့ပါ။

(၆) တစ်ကိုယ်လုံးကို တက်ကြွလန်းဆန်းပေါ့ပါးစေပါတယ်

ရေကူးတဲ့အခါ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်က ပါဝင်ထောက်ပံ့ပေးတဲ့အတွက် ထိခိုက်မှုမရှိ၊ နာမကျန်းမှုမရှိဘဲလုပ်နိုင်တဲ့ လေ့ကျင့်ခန်းပါ။ ရေကူးပြီးတဲ့အခါ တစ်ကိုယ်လုံး တက်ကြွလန်းဆန်းပေါ့ပါးသွားပြီး ကိုယ့်ကိုယ်ကိုယ်ယံ ကြည်မှုတိုးစေပါတယ်။

(၇) စွမ်းအင်အဆင့်ကို မြင့်တက်စေပါတယ်

တစ်ပတ်မှာ သုံးကြိမ်၊ တစ်ကြိမ်မှာ မိနစ် ၃၀ ခန့် ရေကူးရုံနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး စွမ်းအင်အဆင့်ကို မြင့်တက်စေပါတယ်။ လှုပ်ရှားမှုနည်းတဲ့သူတွေဟာ စွမ်းအင်လျော့ကျတတ်ပါတယ်။ ပုံမှန်ရေကူးတဲ့သူတွေကတော့ စွမ်းအင်အဆင့် မြင့်မားနေမှာ ဖြစ်ပါတယ်။

(၈) ချွေးမထွက်ဘဲ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းပါ

တခြားအားကစားတွေလုပ်ရင် ချွေးထွက်ပေမယ့် ရေကူးတာက ချွေးမထွက်ဘဲ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းဖြစ်လို့ နွေရာသီနဲ့ အသင့်တော်ဆုံး ဖြစ်ပါတယ်။

(၉) နှလုံးကျန်းမာစေပါတယ်

ရေကူးတာကြောင့် အမောခံနိုင်ပြီး သက်လုံကောင်းစေပါတယ်။ ဒါကြောင့် နှလုံးသွေးလှည့်ပတ်မှုကို အားကောင်းစေတဲ့အတွက် နှလုံးကျန်းမာစေပါတယ်။

(၁၀) သက်ရှည်ကျန်းမာစေပါတယ်

ရေကူးတာကြောင့် အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိသွားပါတယ်။ အဝလွန်သူတွေနဲ့ ကိုယ်အလေးချိန်များသူတွေအတွက် သတင်းကောင်းတစ်ခုဖြစ်သလို ပုံမှန်ရေကူးတဲ့အခါ ကိုယ်ခန္ဓာကိုကို မပိန်မဝ အနေတော်ဖြစ်အောင် ထိန်းသိမ်းပေးတာကြောင့် သက်ရှည်ကျန်းမာစေပါတယ်။

ရေကူးခြင်းနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ

– ရေကူးတဲ့အခါ အသက်ရှူသွင်း၊ ရှူထုတ်တာကို စနစ်တကျ လုပ်ဆောင်ပါ။

– ရေကူးတဲ့အခါ မိတ်ဆွေသူငယ်ချင်းအဖော်မပါရင် ဒါမှမဟုတ် တခြားလူတွေမရှိရင် မကူးပါနဲ့။ အထူးသဖြင့် ကလေးတွေ ရေကူးချိန်မှာ လူကြီးမိဘတစ်ဦးက စောင့်ကြည့်ပေးရပါမယ်။

– ရေမကူးခင် သွေးပူလေ့ကျင့်ခန်းကို အရင်လုပ်ဆောင်ပေးပါ။

– ရေကူးတဲ့အခါ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့လိုပါတယ်။ ခရမ်းလွန်ရောင်ခြည်က ရေကိုထိုးဖောက်ပြီး သင့်အသားအရေပေါ်ကျရောက်တဲ့အခါ ပိုပြင်းထန်မှုရှိပါတယ်။ ဒါကြောင့် ရေမကူးခင် မိနစ် ၃၀ အလိုမှာ နေကာခရင်မ်လိမ်းထားပါ။

– မနက် ၁၀ နာရီမှ ညနေ လေးနာရီအတွင်း နေရောင်ခြည် အပြင်းဆုံးအချိန်တွေမှာ ရေကူးတာကို ရှောင်ပါ။

– ရေကူးပြီးတဲ့အခါ ရေပြန်ချိုးပြီး နွေးနွေးထွေးထွေးနေပါ။

– ပူနွေးလတ်ဆတ်တဲ့ အစားအသောက်တွေကို စားပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top