Healthy Life Ad
Health Tips

“သင့်ကလေးမှာ အော်တစ်ဇင်ရောဂါရှိ၊ မရှိ”

———၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး) ၊———

အော်တစ်ဇင်အုပ်စုဝင်ရောဂါ (Autism Spectrum Disorder) လေးမျိုးရှိပါတယ်။ အဲဒီလေးမျိုးထဲမှာ အော်တစ်ဇင်ရောဂါ (Autstic Disorder) က ဖြစ်ပွားမှုနှုန်းများပြီး လူသိများတဲ့ရောဂါ ဖြစ်ပါတယ်။ အော်တစ်ဇင်ရောဂါက ကလေးအသက် ၂ နှစ်သားအရွယ် ပတ်ဝန်းကျင်မှာ စတင်ဖြစ်ပေါ်တတ်တယ်။ ကမ္ဘာ့လူဦးရေတစ်ရာမှာ ပျမ်းမျှ တစ်ယောက် အော်တစ်ဇင်ရောဂါ ဖြစ်ပွားမှုနှုန်းရှိတယ်။ သြစတြီးလျနိုင်ငံမှာ လူဦးရေ ၁၅၀ မှာ တစ်ယောက်နှုန်း အော်တစ်ဇင်ရောဂါ ခံစားရတယ်။ ယောကျာ်းကလေးတွေထဲမှာ အော်တစ်ဇင်ရောဂါဖြစ်ပွားနှုန်းက၊ မိန်းကလေးတွေမှာထက် ၄ ဆပိုမိုများပြားပါတယ်။ မိမိသားသမီးမှာ အော်တစ်ဇင်ရောဂါရှိနေသလားလို့ စိုးရိမ်းပူပန်တတ်တဲ့ မိဘတွေလည်းရှိပါတယ်။ ၂ နှစ်သားအရွယ် သားဦးကလေးရဲ ့ မိခင်ဒေါ်နီလာလိုပေါ့။ မိတ်ဆွေတစ်ဦးရဲ ့ မွေးနေ့ဧည့်ခံပွဲတစ်ခုမှာ ဒေါ်နီလာက စာရေးသူ အချိုပွဲစားနေတဲ့ စားပွဲမှာ လာရောက်နေရာယူပြီး မိတ်ဆက်စကားပြောတယ်။

“ဆရာက စိတ်ကျန်းမာရေးဆရာဝန်လို့ ဟိုဘက်ကအဖွဲ့က ပြောလိုက်လို့၊ ဆရာ့ကို တစ်ခုလောက် မေးချင်တာပါ”

“အခုအနားယူထားပါပြီ။ လူနာမကုတော့ပါဘူး”

“အကြံဉာဏ်တောင်းချင်တာပါ။ ကျွန်မသားကလေးက အသက် ၂ နှစ်ကျော်လာပါပြီး။ ကျွန်မရဲ ့သားဦးကလေး ပါ။ အမျိုးသမီးဂျာနယ်တစ်ခုမှာ အော်တစ်ဇင်ရောဂါအကြောင်း ဖတ်မိပါတယ်။ အဲဒီဆောင်းပါးဖတ်ပြီးတော့ ကျွန်မသားကလေးမှာ အော်တစ်ဇင်ရောဂါများ ရှိနေသလားလို့ စိတ်ပူမိလို့ပါ”

“ဒေါ်နီလာ ဘာကြောင့် အဲလိုစိတ်ပူနေတာလဲ”

“ကျွန်မသားကလေးက စကားပြောနောက်ကျတယ်ဆရာ။ အသက် ၂ နှစ်ကျော်မှာ စတင်ပြောတယ်။ သူက သိပ်ပြီးရှက်တတ်သလိုပဲ။ အသက်ရွယ်တူ တခြားကလေးတွေနဲ့ မကစားချင်ဘူး။ နောက်ပြီး တစ်ယောက်တည်း ကစားရင်လည်း ဂနာမငြိမ်ဖြစ်နေတယ်။ တစ်ခုခုကို ထပ်ပြန်တလဲလဲ လုပ်နေတတ်တယ်”

“ထူးခြားတဲ့ အပြုအမူတစ်ခု နှစ်ခုကိုသာကြည်ပြီး အော်တစ်ဇင်ရောဂါရှိတယ်လို့ မသတ်မှတ်ပါဘူး။ စစ်ဆေးကြည့်ရင်တော့ မမှားပါဘူး။ အသက် ၁ နှစ်ခွဲမှ ၂ နှစ်အတွင်း ကလေးများမှာ အော်တစ်ဇင်ရောဂါရှိမရှိ၊ ပုံမှန်စစ်ဆေးသင့်တယ်လို့ အမေရိကန်နိုင်ငံ ကလေးရောဂါကု ပညာရှင်အဖွဲ့ (American Academy Of Pediatric) က အကြံပေးညွှန်ပြထားတာလည်း ရှိပါတယ်”

“ကျွန်မ ဘာဆက်လုပ်သင့်သလဲ”

“အထွေထွေအထူးကုဆရာဝန်နဲ့ ရှေးဦးဆေးစစ်သင့်တယ်။ ဆရာဝန်နဲ့ မတွေ့ခင် ဒေါ်နီလာသားကလေးရဲ ့ အပြုအမူတွေကို ကြည့်ရှုလေ့လာထားတဲ့ မှတ်တမ်းရှိရင် ပိုပြီးအဆင်ပြေမယ်။ ဆရာဝန်အတွက် ကလေးရောဂါကို ခန့်မှန်းရတာ လွယ်တာပေါ့”

“ဘယ်လိုအပြုအမူတွေလဲဆရာ”

“အော်တစ်ဇင်ရောဂါမှာ အဓိကချို ့ယွင်းချက် ၃ မျိုးရှိတယ်။

(က) အရွယ်အလိုက် လူမှုဆက်ဆံရေး ကျွမ်းကျင်မှု (Social Skill) ချို ့ယွင်းခြင်း။ (ခ) အရွယ်အလိုက်ပြောဆို ဆက်သွယ်နိုင်မှု စွမ်းရည် (Communication Ability) ချို ့ယွင်းခြင်းနဲ့ (ဂ) မူမမှန်တဲ့ အစွဲအလန်းကြီး ထပ်တလဲလဲ အပြုအမူများ (Unusual Interests and Repetitive Behaviour) တို့ဖြစ်တယ်။ အဲ့ဒီလို အဓိက ချို့ယွင်းချက် လက္ခဏာသုံးမျိုးကို ခြုံငုံမိတဲ့ အော်တစ်ဇင်ရောဂါစစ်ဆေးမှုစာရင်း (Checklist) ရှိပါတယ်။ အော်တစ်ဇင်ရောဂါရှိမရှိ သိရှိနိုင်တဲ့ မီးနီပြရောဂါလက္ခဏာ စစ်ဆေးလွှာဆိုပါတော့။ အဲဒီစစ်ဆေးလွှာမှာပါရှိတဲ့ အပြုအမူတွေ ဒေါ်နီလာရဲ ့သားလေးမှာ နေ့စဉ်နေ့တိုင်း တွေ့ရှိနေရသလားဆိုတာ မှတ်သားကြည့်နိုင်တယ်။ ရက်သတ္တတစ်ပတ်လောက် လေ့လာကြည့်။ ချို ့ယွင်းမှုတွေရှိရင် ခဲတံနဲ့ တေးမှတ်ထားလိုက်။ ဒေါ်နီလာရဲ ့ သားလေး အပြုအမူတွေက အော်တစ်ဇင်ရောဂါလက္ခဏာအများအပြားနဲ့ တိုက်ဆိုင်နေရင်၊ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပေါ့”

ဒေါ်နီလာက အားတက်သရော ပြောတယ်။

“ကျွန်မသဘောတူတယ်ဆရာ။ အဲဒီစစ်ဆေးလွှာဆိုတာ ဆရာ့မှာရှိသလား”

“ရှိပါတယ်။ ဒေါ်နီလာရဲ ့ e- mail လိပ်စာပေးလိုက်။ ကျွန်တော်ပို့လိုက်မယ်”

ဒေါ်နီလာခင်ဗျား – ဧည်ခံပွဲမှာပြောခဲ့တဲ့အတိုင်း၊ အော်တစ်ဇင်ရောဂါ မီးနီးပြ” လက္ခဏာများစာရင်ကို ပူးတွဲပေးပို့လိုက်ပါတယ်။ ဤစာရင်းမှာ နံပါတ်(၁) မှ (၅)အထိက၊ အရွယ်အလိုက် လူမှုဆက်ဆံရေးချို ့ယွင်းမှုကို ဖော်ပြတဲ့ လက္ခဏာများဖြစ်တယ်။ နံပါတ်(၆) မှ (၁၁) အထိက အရွယ်အလိုက် ပြောဆိုဆက်သွယ်မှု စွမ်းရည် ချို့ယွင်းခြင်းအတွက်ဖြစ်တယ်။ နံပါတ် (၁၂) မှ (၁၅) အထိကတော့ မူမမှန်တဲ့ အစွဲအလန်းကြီး ထပ်တလဲလဲ အပြုအမူများကို ရည်ညွှန်းပါတယ်”

“အော်တစ်ဇင်ရောဂါ ဆန်ကာတင်စစ်ဆေးလွွှာစာရင်း” (Autistic Disorder Screening Checklist)

(၁) အသက်တစ်နှစ်ခွဲကျော်သော်လည်း မိမိအမည်ကိုခေါ်လျှင် ကလေးသည် တုံပြန်မှုမရှိ။

(၂) တစ်ခြားသူတစ်ဦးဦးနှင့် ဆက်ဆံသည့်အခါ မျက်လုံးချင်းဆိုင်ကြည့်သည့် အပြုအမူမရှိ။

(၃) တစ်ခြားကလေးများနှင့် ကစားရန် အခွင့်အလမ်းရှိသော်လည်း မိမိတစ်ဦးတည်းသာ ကစားလိုခြင်းရှိသည်။

(၄) တစ်ခြားသူ၏ စိတ်ခံစားမှုကို နှုတ်အားဖြင့်လည်းကောင်း၊ အမှုအရာအားဖြင့်လည်းကောင်း ထုတ်ဖော်ပြသခြင်းမရှိ။

(၅) မိမိ၏ စိတ်ခံစားမှုကို နှုတ်အားဖြင့်လည်းကောင်း၊ အမူအရာအားဖြင့်လည်းကောင်း ထုတ်ဖော်ပြသခြင်းမရှိ။

(၆) အသက်တစ်နှစ်ခွဲကျော်သော်လည်း မိမိစိတ်ဝင်စားသည့် အရာများကို လက်ညှိုးထိုးညွှန်ပြတတ်ခြင်းမရှိ။ (ဥပမာ – ပြေးလွှားနေသည့်ခွေး၊ ပျံသန်းသွားသည့်ငှက်)

(၇) အသက်တစ်နှစ်ခွဲကျော်သော်လည်း ယုံတမ်းကစားနည်းဖြင့် ကစားသလို ဖော်ပြသည့် အပြုအမူမရှိသေး။ (ဥပမာ – အရုပ်ကို ရေတိုက်သည့်အပြုအမူ)

(၈) စကားပြောနောက်ကျမှုကိုလည်း တွေ့ရှိရသည်။ အသက်အရွယ်အလိုက်စကားပြောဆိုနိုင်မှု မရှိခြင်းကိုလည်း တွေ့ရှိရသည်။

(၉) လက်ဟန်ခြေဟန်ဖြင့် ဆက်သွယ်သည့် အပြုအမူကို မဖော်ပြနိုင်ရှိသည်။ (ဥပမာ – လက်ရမ်းနှုတ်ဆက်ပြခြင်း။ ဦးခေါင်းခါပြခြင်း)

(၁၀) စကားလုံးတစ်လုံး သို့မဟုတ် စာကြောင်းတစ်ခုကို ထပ်တလဲလဲရေရွတ်ပြောဆိုခြင်းရှိသည်။

(၁၁) မေးခွန်းမေးလျှင်၊ မေးခွန်းနှင့် မသက်ဆိုင်သော အဖြေကိုဖြေဆိုတတ်သည်။

(၁၂) ပြုလုပ်နေကျ အပြုအမူအတိုင်းမပြုလုပ်ရလျှင်၊ စိတ်ထိခိုက်လွယ်သည်။ အမျက်ဒေါသထွက်သည်။

(၁၃) အစွဲအလန်းကြီး ထပ်သလဲလဲ ပြုလုပ်တတ်သည့် အပြုအမူများရှိသည်။ (ဥပမာ – ကစားစရာအရုပ်များကို တိတိကျကျ စီတန်းထားခြင်း။ ကစားပုံကစားနည်းတစ်မျိုးတည်းကိုသာ တစ်ထေရာတည်း ထပ်တလဲလဲ ကစားနေတတ်ခြင်း)

(၁၄) လက်ကို ခါရမ်းခြင်း သို့မဟုတ် ကိုယ်ခန္ဓာကို ယိမ်းယိုင်လှုပ်ရှားခြင်း၊ သို့မဟုတ် ချာလပတ်လည် လှည့်ပတ်လှုပ်ရှားခြင်း စသည့် အပြုအမူများကို ထပ်တလဲလဲ ပြုမူတတ်သည်။

(၁၅) တွေ့ရှိနေကျမဟုတ်သော၊ အသစ်အဆန်းအာရုံများ (အသံ၊ အမြင်၊ အနံ့ ၊ အထိအတွေ့) ကို ခံစားရလျှင်၊ အလွန်အမင်း တုန်လှုပ်မှုရှိသည်။ ထူးထူးဆန်းဆန်း တုံ့ပြန်သည့် အပြုအမှုရှိသည်။

(မှတ်ချက်။ ။အထက်ဖော်ပြပါအပြုအမှုလက္ခဏာ အများအပြားကို နေ့စဉ်နေ့တိုင်း တွေ့ရှိရလျှင် ကလေးတွင် အော်တစ်ဇင်ရောဂါရှိ၊ မရှိ မှတ်ချက်ချနိုင်ရန် ဆေးစစ်ခံယူသင့်သည်။)

Most Popular

Healthy Life Ad
To Top