Healthy Life Ad
Health Tips

မိမိဘာသာ ကာမစိတ်ဖြေဖျောက်ခြင်းနှင့် စိတ်ကျန်းမာရေး

——— ၊ ‌ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊———

မိမိဘာသာ ကာမစိတ်ဖြေဖျောက်ခြင်း (Masturbation) နဲ့ပတ်သက်ပြီး အယူအဆလွဲမှားမှုများရှိပါတယ်။ မိမိဘာသာ ကာမစိတ်ဖြေဖျောက်ခြင်းက သဘာဝမကျဘူး၊ ညစ်ညမ်းတဲ့အပြုအမူ၊ အကျင့်ပျက်တာလို့ ပြစ်တင်ပြောဆိုတတ်ကြတယ်။ အမှန်တကယ်ကတော့ မိမိဘာသာ ကာမစိတ်ဖြေဖျောက်တဲ့ အပြုအမူက လိင်သဘာဝ ဖွံ့ဖြိုးတိုးတက်မှုမှတ်တိုင် ဖြစ်ပါတယ်။ အသက် ၁၄ နှစ်မှ ၁၇ နှစ်အတွင်း ယောကျာ်းလေးတွေထဲမှာ ၇၄ ရာခိုင်နှုန်းနဲ့ မိန်းကလေးတွေထဲမှာ ၄၈ ရာခိုင်နှုန်းက မိမိဘာသာ လိင်စိတ်ဖြေဖျောက်ခြင်း စတင်ပြုလုပ်တယ်။ အသက် ၁၈ နှစ်မှ ၆၀ အတွင်း ယောကျာ်းတွေထဲမှာ ၄၅ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းက၊ အနည်းဆုံးတစ်လတစ်ကြိမ် မိမိဘာသာ ကာမစိတ်ဖြေဖျောက်တဲ့ အလေ့အထရှိတယ်။ အမျိုးသမီးတွေထဲမှာ အဲဒီလိုပြုမူတတ်တာ ၂၁ ရာခိုင်နှုန်းမှ ၄၃ ရာခိုင်နှုန်းရှိတယ်လို့ သိရှိရတယ်။ (Nsshb 2010)။

မိမိဘာသာ ကာမစိတ်ဖြေဖျောက်ခြင်းနဲ့ သက်ဆိုင်တဲ့ တခြားအယူမှားတွေလည်း ရှိသေးတယ်။ ဥပမာ – လက်ဖဝါးမှာ အမွှေးပေါက်တတ်တယ်၊ ယောကျာ်းအင်္ဂါသေးငယ်တတ်တယ်၊ ယောကျာ်းအင်္ဂါပုံပျက်တတ်တယ်၊ ယောကျာ်းပန်းသေးပန်းညှိုးဖြစ်တတ်တယ်၊ အမျိုးသမီးမပြီးနိုင်ရောဂါဖြစ်နိုင်တယ် စသဖြင့်ပါ။

မိမိဘာသာ ကာမစိတ်ဖြေဖျောက်ရင်၊ သုကတ်ရည်ခြောက်ခန်းပြီး ယောကျာ်းမြုံခြင်းဖြစ်တတ်တယ်လို့ ထင်မြင်ယူဆသူတွေလည်းရှိပါတယ်။ သုတ်လွှတ်ပြီးရင် ၂ ရက်-၃ ရက် အတွင်း သုက်ရည်ပမာဏနဲ့ သုက်ကောင်အရေအတွက်က ပြန်လည်ပြည့်ဝလာပါတယ်။ တချို ့ယောကျာ်းတွေမှာ ၂၄ နာရီအတွင်း သုက်ရည်ပြန်လည် ပြည့်ဝလာတယ်။ သုက်ကောင်သန်သန်မာမာ လှုပ်ရှားသွားလာနိုင်တာလည်း တွေ့ရှိရတယ်။ ဒါကြောင့် မိမိဘာသာ ကာမစိတ်ဖြေဖျောက်ရင် ယောကျာ်းမြုံခြင်းဖြစ်တတ်တယ်ဆိုတဲ့ အယူအဆကို လက်မခံပါဘူး။

မိမိဘာသာ ကာမစိတ်ဖြေဖျောက်တဲ့ အလေ့အထကြောင့် စိတ်ဖောက်ပြန်တတ်တယ်ဆိုတဲ့ အယူအဆလည်း ရှိသေးတယ်။ စိတ်ကစဉ့်ကလျားရောဂါ ဒါမှအဟုတ် စိတ်ကြွရောဂါရှိတဲ့ လူနာတွေထဲမှာ မိမိဘာသာ ကာမစိတ်ဖြေဖျောက်တဲ့ အပြုအမူကို တွေ့မြင်ဖူးလို့ဖြစ်မှာပါ။ ဒါက စိတ္တဇရောဂါကြောင့် လူမြင်သူမြင် ပြုမူမိတာပါ။ အဲလို အလေ့အထရှိလို့ စိတ္တဇရောဂါရရှိလာတာ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုရှိရင်၊ စိတ်သောကဝေဒနာကို ဖြေဖျောက်ချင်လို့ မိမိဘာသာ ကာမစိတ်ဖြေဖျောက်တတ်သူလည်း ရှိပါတယ်။ စိတ်ဝေဒနာကြောင့် အရက်စွဲရောဂါ ရရှိလာသလိုပေါ့။

ဒါပေမဲ့ မိမိဘာသာ ကာမစိတ်ဖြေဖျောက်ခြင်းနဲ့ ပတ်သတ်ပြီး ယုံကြည့်လက်ခံထားတဲ့ အယူအဆမှားတစ်ခုကြောင့် စိတ်ဝေဒနာဖြစ်တတ်တာ ရှိပါတယ်။ သုက်ရည်ထဲမှာ ခန္ဓာကိုယ်က အားအင်တွေပါရှိတယ်။ သုက်ရည်တစ်စက်က သွေးတစ်ခွက်နဲ့ညီမျှတယ်ဆိုတဲ့ အယူမှားမျိုးပါ။ ဒါကြောင့် သုတ်လွှတ်ပြီးတိုင်း မိမိကိုယ်မိမိ အပြစ်တင်စိတ်နဲ့ နှောင်တရပြီး စိတ်မကြည့်မသာ ခံစားရတယ်။ ဥပါဒါန်ကြောင့် ဥပဒ်ဘေးဖြစ်ပေါ်လာတာဖြစ်တယ်။

စာရေးသူတွေ့ဖူးတဲ့ လူနာမူတူးလိုပေါ့။ မလေးရှားနိုင်ငံ စိတ်ကျန်းမာရေးဌာန၊ အပြင်လူနာဆေးခန်းမှာ ဖြစ်ပါတယ်။ မူတူးက အသက် ၃၀ ပတ်ဝန်းကျင် လူပျို၊ ရော်ဘာခြံအလုပ်သမားတစ်ယောက် ဖြစ်ပါတယ်။ ရှေးရိုးအယူအဆရှိတဲ့ အိန္ဒိယလူမျိုးဖြစ်တယ်။ မိမိဘာသာ ကာမစိတ်ဖြေဖျောက်ခြင်းနဲ့ သက်ဆိုင်တဲ့ အယူမှားတွေကို လက်ခံတယ်။ မူတူးနဲ့အတူနေတဲ့ မိဘကလည်း၊ ဒီလိုအပြုအမူက အကျင်ပျက်တဲ့ အပြုအမူလို့ ဆုံးမတတ်တယ်။ ဒါပေမဲ့ သဘာဝစေ့ဆော်မှုကို မလွန်ဆန်နိုင်တဲ့အခါ၊ မူတူးက မိမိဘာသာ ကာမစိတ်ဖြေဖျောက်တဲ့ အလေ့အထရှိလာပါတယ်။ မိမိဘာသာ ကာမစိတ်ဖြေဖျောက်ပြီးရင် မူတူးစိတ်ဝေဒနာ ခံစားလာရတယ်။ နောင်တရလာတယ်။ မိမိကိုယ်မိမိ အပြစ်တင်မိတယ်။ စိုးရိမ်စိတ် ကြောက်စိတ် ဖြစ်ပေါ်လာတယ်။ အားအင်ကုန်ခန်းခြင်း၊ မောပန်းလွယ်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ နှလုံးခုန်ရင်တုန်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေလက်ကိုက်ခဲခြင်း စတဲ့ လက္ခဏာမျိုးစုံကို ခံစားလာရတယ်။ အဲ့လိုလက္ခဏာမျိုးစုံကို မိမိဘာသာ ကာမစိတ်မဖြေဖျောက်တဲ့ နေ့ရက်တွေမှာပါ ခံစားရတယ်။ ပြင်ပဆေးခန်းမှာ စမ်းသပ်စစ်ဆေးတယ်။ ဆရာဝန် ၂ ယောက်-၃ ယောက်ပြောင်းပြီး ပြသတယ်။ ဘာရောဂါမှ ရှာလို့မရဘူး။ မူတူးနဲ့ သူမိဘကတော့ ဒီလိုဖြစ်ရတာက မိမိဘာသာ ကာမစိတ်ဖြေဖျောက်တဲ့ အကျင့်ကြောင့်ဖြစ်တာ။ သုက်ရည်ထဲမှာ ခန္ဓာကိုယ်က အားအင်တွေ စုပ်ယူသွားလို့ဖြစ်တာလို့ အယူသီးနေကြပါတယ်။ အချက်အလက်အားလုံးကို ခြုံငုံသုံးသပ်ကြည့်တော့ မူတူးရဲ ့ရောဂါကို “DHAT” (ဓာတ်ရောဂါ) လို့ မှတ်ချက်ချနိုင်ပါတယ်။

စိတ်ကျန်းမာရေး လက်တွေ့သင်တန်းသား၊ မလေးလူမျိုး ဆေးကျောင်းသူကက်စမီက မေးမြန်းတယ်။

“DHAT ရောဂါဆိုတာ ဘာလဲဒေါက်တာအုန်း”

“DHAT ရောဂါက ယဉ်ကျေးမှုဓလေ့ထုံးတမ်းနဲ့ ဆက်နွှယ်နေတဲ့ စိတ်ဝေဒနာ (Culture-Bound Syndrome) တစ်မျိုးဖြစ်တယ်။ အာရှတိုက်တောင်ပိုင်းနိုင်ငံတွေမှာ တွေ့ရှိရတယ်။ အထူးသဖြင့် အိန္ဒိယတိုက်ခွဲနိုင်ငံတွေမှာ ဖြစ်ပွားမှုများပြားတယ်။ DHATဆိုတာ အိန္ဒိယနိုင်ငံရှေးဟောင်း Sanskrit ဘာသာစကားမှာ “ဓာတုပစ္စည်း” လို့ အဓိပ္ပါယ်ရတယ်။ သုက်ရည်ပါဓာတ်ပစ္စည်းဆုံးရှုံးလို့ ဖြစ်ပွားတဲ့ရောဂါလို့ယူဆပြီး DHAT ရောဂါလို့ခေါ်တယ်။ ဆေးပညာစာပေတွေမှာ (Semen-Loss Anxiety) “သုက်ရည်ဆုံးရှုံး စိတ်သောကဝေဒနာ” လို့ ရေးသားတာတွေ့ရှိရတယ်။

အိန္ဒိယနိုင်ငံ ယောကျာ်းတွေထဲမှာ ၈၀ ရာခိုင်နှုန်းက သုက်ရည်ဆုံးရှုံးရင် ကျန်းမာရေးကိုထိခိုက်တယ်လို့ ယူဆတယ်။ အမျိုးသမီးတွေထဲမှာ ၅၀ ရာခိုင်နှုန်းကျော်က လိင်အင်္ဂါက အဖြူရည်စီးဆင်းရင် အားအင်ကုန်ခန်းတယ်လို ့ ယုံမှားမှုရှိတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် အဖြူရည်ဆင်းခြင်းရှိတဲ့ မိန်းကလေးတွေထဲမှာ DHAT ရောဂါဖြစ်ပွားနိုင်တယ်။

အိန္ဒိယလူမျိုးဆေးကျောင်းသား မားနီးယားက မိမိဘာသာ ကာမစိတ်ဖြေဖျောက်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးရှိနိုင်သလဲလို့ ကြားဖြတ်မေးပါတယ်။

“အကျိုးကျေးဇူးတချို ့ရှိပါတယ်။ ဖိုမဆက်ဆံဖို့ အခွင့်အရေးမရရှိတဲ့ အချိန်အခါမှာ လိင်ဆန္ဒစေ့ဆော်မှုကို ပြေပျောက်စေတယ်။ ဆယ်ကျော်သက်အရွယ်မှာ အန္တရာယ်မကင်းတဲ့ လိင်ဆက်ဆံမှုကို ကျူးလွန်မိမယ့်အစား အန္တရာယ်ကင်းတဲ့ မိမိဘာသာ ကာမစိတ်ဖြေဖျောက်နည်းနဲ့ အစားထိုးနိုင်တယ်။ ဒါကြောင့် လိင်ကူးစက်ရောဂါနဲ့ မလိုအပ်ဘဲ ကိုယ်ဝန်ရှိလာမှာကို ကာကွယ်ရာရောက်တယ်။ အမျိုးသမီးတွေမှာ မီးယပ်မပေါ်မီဖြစ်ပွားတဲ့ ဝေဒနာ (Premenstrual Syndrome) မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုကို သက်သာစေတယ်။ မိမိဘာသာ ကာမစိတ်ဖြေဖျောက်ခြင်းအားဖြင့် မိမိခန္ဓာကိုယ်ရဲ ့ ကာမသဘာဝလိုအပ်ချက်ကို ပိုမိုသိရှိနားလည်နိုင်တယ်။ ဒါကြောင့် လိင်ဆက်ဆံတဲ့အခါ အထွတ်အထိပ်ရောက်ဖို့ အလားအလာများပါတယ်။

မိမိဘာသာ ကာမစိတ်ဖြေလို့ အထွတ်အထိပ်ခံစားရရင် ဦးနှောက်ထဲမှာ ဒိုပါမင်ဓာတ် (Dopamine)၊ ဆီရိုတိုနင် ဓာတ် (Serotonin) အင်ဒိုဖင်း(Endorphine) ဓာတ် (သဘာဝဘိန်းဓာတ်) နဲ့ အောက်စီတိုစင်ဓာတ် (Oxytocin) တွေပိုမိုထွက်ရှိလာတယ်။ ဒါကြောင့် စိတ်သာယာကြည်နူးမှု ခံစားရတယ်။ ဖိစီးမှုကို သက်သာစေတယ်။ အိပ်ပျော်ဖို့ အထောက်အကူပြုပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်းဘေးပေါ့။ မိမိဘာသာ ကာမစိတ်ဖြေဖျောက်ခြင်းကို တလွဲအသုံးမပြုမိဖို့တော့ လိုအပ်တယ်”

“တလွဲသုံးတာနဲ့ ပတ်သက်ပြီး ပြောပြပါ”

“ဥပမာဗျာ – အိပ်မပျော်ရင် အိပ်ပျော်အောင် အသုံးပြုတာ။ အခက်အခဲပြဿနာနဲ့ ရင်ဆိုင်ရတိုင်း၊ စိတ်ဖိစီးမှု ခံစားရတိုင်း၊ စိတ်ပြေပျောက်ဖို့ အသုံးပြုတာမျိုးကို ရှောင်ကြဉ်ရမယ်”

“စိတ်ညစ်လို့ အရက်ကိုသောက်တယ်ဆိုတာမျိုးလား”

“မှန်ပါတယ်။ နောက်ပြီး အိမ်ထောင်ရှင်က မိမိအိမ်ထောင်ဖက်ကို လျစ်လျူရှုပြီး မိမိဘာသာ ကာမစိတ်ဖြေဖျောက်တာချည်း လုပ်နေရင်လည်း သဘာဝမကျဘူး။ အိမ်ထောင်ရေးကို ထိခိုက်နိုင်တယ်။ ကိရိယာတွေကို မဆင်မခြင်အသုံးပြုရင် လိင်အင်္ဂါကို ထိခိုက်ဒဏ်ရာရနိုင်တယ်”

တရုတ်လူမျိုး ဆေးကျောင်းသားချင်လီက မေးမြန်းတယ်။

“မူတူးရဲ ့ရောဂါကို ဘယ်လိုကုသပေးမလဲ”

“ပညာပေးရမှာပေါ့။ ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေကို ပြောပြရမယ်။ သုက်ထွက်လို့ အားနည်းရောဂါဖြစ်နိုင်တယ်ဆိုတဲ့ အယူမှားကို တိုက်ဖျက်ရမယ်။ သုက်ရည်ဆုံးရှုံးသွားလို့ ရောဂါဖြစ်လာမှာကို စိုးရိမ်သောကမပွားများအောင် ဖျောင်းဖျပေးရမယ်။ မိမိဘာသာကမစိတ်ဖြေဖျောက်ခြင်းနဲ့ သက်ဆိုင်တဲ့ အယူမှားကို ခြေဖျက်ပေးရမယ်။ စိန်ခေါ်ရမယ်။ အတွေးပြုပြင်ပြောင်းလဲကုထုံး (Congnitive Therapy) နည်းပရိယာယ်တွေကို အသုံးပြုနိုင်ပါတယ်။ ယုံမှားစိတ်ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကို စုံစမ်းမေးမြန်းရမယ်။ အဲဒီလိုအကြောင်းရင်းကို ဆန့်ကျင်တဲ့ ဆေးပညာဗဟုသုတကို ပညာပေးဆွေးနွေးရမယ်”

Most Popular

Healthy Life Ad
To Top