Healthy Life Ad
Health Tips

အစာခြေစနစ်ကျန်းမာရေး . . .

စူး ၊ (ဆေးဝါးတက္ကသိုလ်)

အစားအသောက်တွေကို အရသာခံပြီး မစား သောက်နိုင်လောက်အောင် အလုပ်တွေ များနေသလား။ အစားအသောက်ကို လေရှူသွင်းသလို မျိုချမိ နေပြီလား။ ဒီလိုလုပ်တဲ့ နည်းလမ်းတွေက အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်စေတာကြောင့် အစာကြေစေမယ့် နည်းလမ်းတွေကို အကြံပြုလိုက်ရပါတယ်။

(၁) အစာကို ကြိတ်ဝါးပါ

ထမင်းအလုတ် သေးသေးလေးကိုပဲ စားပါ။ အစာတစ်လုတ်နဲ့ တစ်လုတ်ကြားမှာ ဇွန်းကို ချထားပါ။ တူနဲ့ စားပေးတာက အစာစားနှုန်းကို နှေးစေပါတယ်။အစာတစ်လုတ်ချင်းကို ဖြည်းဖြည်းချင်း ကြိတ်ဝါးပေးပါ။ ကောက်နှံစာလို ကာဗိုဟိုက်ဒရိတ်အစာကို ကြေညက်အောင် ဝါးစားတာကြောင့် တံတွေးထဲမှာ အစာခြေအင်ဇိုင်း Amylase ထွက်လာပြီး ကောက်နှံစာကို ကောင်းကောင်းကြေညက်စေပါတယ်။

(၂) ရေကို အလုံအလောက်သောက်ပါ

ရေကို လုံလောက်အောင် မသောက်တာက ဝမ်းချုပ်တာရဲ့ အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။ ဝမ်းချုပ်တာကြောင့် မအီမလည်ဖြစ်စေပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

(၃) အမျှင်ဓာတ်ကို စားပါ

အမျှင်ဓာတ်ကောင်းကောင်း ပါဝင်တဲ့ အစားအစာတွေကတော့ –
* စွန်ပလွံသီး၊ သဖန်းသီးနဲ့ ဆီးသီးခြောက်စတဲ့ သစ်သီးခြောက်တွေ၊
* ပဲအမျိုးမျိုးနဲ့ ပဲသီး၊
* ပန်းသီး၊ သစ်တော်သီးစတဲ့ သစ်သီးတွေပဲ ဖြစ်ကြပါတယ်။ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ ဟာ အစာကို ကြေညက်စေပြီး ဝမ်းမှန်မှန် သွားစေပါတယ်။

(၄) အစာကို သတိထားပြီး စားပါ

အစားအသောက်စားရာမှာ တစ်လုတ်စားတိုင်း အနည်းဆုံး ၇-၈ ကြိမ်ခန့် ကြိတ်ဝါးပြီး စားပေးရင် အစာကြေသလို ဘယ်အချိန်မှာ ဗိုက်ဝပြီလဲဆိုတာကို သတိထားမိသွားတာကြောင့် လိုတာထက ်ပိုစားမိတာမျိုး မဖြစ်စေတော့ပါဘူး။ ထမင်းစားရာမှာ တစ်လုတ်စားပြီးတိုင်း နောက်တစ်လုတ်ကို ပိုသေးငယ်တဲ့ အရွယ်အစားကိုပဲ ယူပြီးစားပါ။

(၅) အစာနှင့် ဓာတ်မတည့်မှုရှိ၊ မရှိ သတိထားပါ

တချို့အစာနဲ့ မတည့်လွယ်တာက အစာခြေ စနစ် ကျန်းမာရေး ပြဿနာအများစုနဲ့ ဆက်စပ်နေ တတ်ပါတယ်။ ဥပမာပြောရရင် ဝမ်းလျှောလိုက်၊ ဝမ်းပျက်လိုက်တစ်လှည့်စီ မကြာခဏခံစားနေရတဲ့ IBS ဝေဒနာရှင်တွေရဲ့ ၃၃နဲ့ ၆၆ရာခိုင်နှုန်းကြားဟာ အစာတစ်မျိုးမျိုးနဲ့ မတည့်တာကြောင့် လေပွတာ၊ လေထတာနဲ့ ဗိုက်အောင့်တာတွေ အဖြစ်များတတ်ပါတယ်။ သူတို့နဲ့မတည့်လွယ်တဲ့အစာတွေက ကောက်နှံစာတချို့၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

(၆) ကောင်းသော ဘက်တီးရီးယားကို စားပါ

ဘက်တီးရီးယားဆိုတိုင်း မကောင်းဘူးလို့ ပြောလို့မရပါ။ အူလမ်းကြောင်း ကျန်းမာရေးကို ကောင်း အောင်ထိန်းထားနိုင်တဲ့ Lactobacillus acidophilus နဲ့ Bifidobacterium bifidum တို့က အကျိုးပြုဘက်တီးရီးယားတွေပဲ ဖြစ်ပါတယ်။
အကျိုးပြုဘက်တီးရီးယား ရရှိစေဖို့အတွက် ဒိန်ချဉ်ကိုစားပေးသင့်ပါတယ်။ အကျိုးပြု ဘက်တီး ရီးယားတွေက ဝမ်းလျှောတာ၊ လေပွလေထတာ၊ လေချဉ်တက်တာ၊ အမျိုးသမီးတွေမှာ မိန်းမကိုယ် မှိုစွဲတာနဲ့ ခံတွင်းအနံ့နံတာတွေကို သက်သာစေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top