Healthy Life Ad
Health Tips

အစာခြေလမ်းကြောင်းစနစ် ကျန်းမာရေး

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အစားအသောက်တွေကို အရသာခံပြီး မစားသောက်နိုင်လောက်အောင် အလုပ်တွေများနေသလား။ အစားအသောက်ကို လေရှူသွင်းသလို မျိုချမိနေပြီလား။ ဒီလိုလုပ်တဲ့ နည်းလမ်းတွေက အစာမကြေဖြစ်စေတာကြောင့် အစာကြေစေမယ့် နည်းလမ်းတွေကို အကြံပြုလိုက်ရပါတယ်။

(၁) အစာကို ကြိတ်ဝါးပါ

ထမင်းအလုတ်သေးသေးလေးကိုပဲစားပါ။ အစာတစ်လုတ်နဲ့ တစ်လုတ်ကြားမှာ ဇွန်းကိုချထားပါ။ တူနဲ့စားပေးတာက အစာစားနှုန်းကို နှေးစေပါတယ်။ အစာတစ်လုတ်ချင်းကို ဖြည်းဖြည်းချင်း ကြိတ်ဝါးပေးပါ။ ကောက်နှံစာလို ကာဗိုဟိုက်ဒရိတ်အစာကို ကြေညက်အောင် ဝါးစားတာကြောင့် တံတွေးထဲမှာ အစာခြေအင်ဇိုင်း Amylase ထွက်လာပြီး ကောက်နှံစာကို ကောင်းကောင်းကြေညက်စေပါတယ်။

(၂) ရေကို အလုံအလောက်သောက်ပါ

ရေကို လုံလောက်အောင် မသောက်တာက ဝမ်းချုပ်တာရဲ ့ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။ ဝမ်းချုပ်တာကြောင့် ခန္ဓာကိုယ်ထဲက အူနံရံရောင်ရမ်းတာကို ဖြစ်စေပြီး နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

(၃) အစားအသောက်ထဲတွင်ပါသော အမျှင်ဓာတ်ကို စားပါ

အမျှင်ဓာတ်ကောင်းကောင်း ပါဝင်တဲ့ အစားအစာတွေကတော့ –

• စွန်ပလွံသီး၊ သဖန်းသီးနဲ့ ဆီးသီးခြောက် စတဲ့ သစ်သီးခြောက်တွေ၊

• ပဲအမျိုးမျိုးနဲ့ ပဲသီး၊

• ပန်းသီး၊ သစ်တော်သီး စတဲ့ သစ်သီးတွေပဲ ဖြစ်ကြပါတယ်။ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေဟာ အစာကို ကြေညက်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

(၄) အစာကို သတိထားပြီး စားပါ

အစားအသောက်စားရာမှာ အနံ့၊ အရသာ စတာတွေကို သတိထားပြီး စားပေးရင် ဘယ်အချိန်မှာ လုံလောက်ပြီလဲဆိုတာကို သတိထားမိသွားတာကြောင့် လိုတာထက် ပိုစားမိတာမျိုး မဖြစ်စေတော့ပါဘူး။ ထမင်းစားရာမှာ တစ်လုတ်စားပြီးတိုင်း နောက်တစ်လုတ်ကို ပိုသေးငယ်တဲ့ အရွယ်အစားကိုပဲ ယူပြီးစားပါ။

(၅) အစာနှင့် ဓာတ်မတည့်မှုရှိ၊ မရှိ သတိထားပါ

တချို ့အစာနဲ့ မတည့်လွယ်တာက အစာခြေစနစ် ကျန်းမာရေးပြဿနာအများစုနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဥပမာပြောရရင် ဝမ်းလျှောလိုက်၊ ဝမ်းပျက်လိုက် တစ်လှည့်စီ မကြာခဏခံစားနေရတဲ့ IBS ဝေဒနာရှင်တွေရဲ့ ၃၃ နဲ့ ၆၆ ရာခိုင်နှုန်းကြားဟာ အစာတစ်မျိုးမျိုးနဲ့ မတည့်တာကြောင့် လေပွတာ၊ လေထတာနဲ့ ဗိုက်အောင့်တာတွေ အဖြစ်များတတ်ပါတယ်။ သူတို့နဲ့ မတည့်လွယ်တဲ့အစာတွေက ကောက်နှံစာတချို ့၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

(၆) ကောင်းသော ဘက်တီးရီးယားကို တိုးမြှင့်ပါ

ဘက်တီးရီးယားဆိုတိုင်း မကောင်းဘူးလို့ ပြောလို့မရပါဘူး။ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းအောင်ထိန်းထားနိုင်တဲ့ Lactobacillus acidophillus နဲ့ Bifidobacterium bifidum တို့က အကျိုးပြုဘက်တီးရီးယားတွေပဲ ဖြစ်ပါတယ်။ အကျိုးပြုဘက်တီးရီးယားကို ရရှိစေဖို့အတွက် ဒိန်ချဉ်ကို စားပေးသင့်ပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေက ဝမ်းလျှောတာ၊ လေပွလေထတာ၊ လေချဉ်တက်တာ၊ အမျိုးသမီးတွေမှာ မိန်းမကိုယ်မှိုစွဲတာနဲ့ ခံတွင်းအနံ့နံတာတွေကို သက်သာစေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top