Healthy Life Ad
Life Style

မကြာခဏနာမကျန်း ဖြစ်တတ်သူတို့ ဒေါင်ဒေါင်မြည် ကျန်းမာစေမည့် နည်း ၆ သွယ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကျန်းမာရေး ကောင်းဖို့ပြင်းထန်တဲ့ နည်းလမ်းတွေကို လိုက်နာစရာမလိုဘဲ ကျန်းမာရေး ပိုကောင်းမွန်လာစေဖို့လိုက်နာသင့်တဲ့ အလွယ်နည်းတွေကို အကြံပြုလိုက်ပါတယ်။

(၁) တစ်နာရီထိုင်ပြီးတိုင်း ငါးမိနစ် လမ်းလျှောက်ပါ
အချိန်တစ်နာရီကြာထိုင်ပြီးတိုင်း ခြေသလုံး သွေးလွှတ်ကြောတွေရဲ့ ကျယ်ပြန့်နိုင်စွမ်းက ၅၀ ရာခိုင်နှုန်း လျော့ကျမှုရှိတယ်လို့ အင်ဒီယားနား တက္ကသိုလ်လေ့လာသူတွေက လတ်တလော တွေ့ရှိခဲ့ပါတယ်။ အဲဒီလို ဖြစ်တာကြောင့် နှလုံး သွေးကြောဆိုင်ရာ ပြဿနာဖြစ်နိုင်ခြေမြင့်တက်နိုင်ပါတယ်။ တစ်နာရီကြာတိုင်း ငါးမိနစ်လမ်းလျှောက်လေ့ရှိသူတွေက သွေးကြောလုပ်ငန်းဆောင်တာပြောင်းလဲမှုမရှိပါဘူး။

(၂) အိပ်ရာကို စနစ်တကျ သိမ်းပါ
အိပ်ရာကို စနစ်တကျ သိမ်းလေ့ရှိသူတွေက မနက်ခင်းမှာ စောင်တွေလုံးထွေးပြီး ထားခဲ့သူတွေထက် ညဘက်မှာနှစ်နှစ်ခြိုက်ခြိုက် အိပ်ရေးဝစေပါတယ်။

(၃) အနှောင့်အယှက်ကင်းကင်း စာဖတ်ပါ
အနည်းဆုံးနာရီဝက်လောက်စာအုပ်ကောင်းတစ်အုပ်ကို ငြိမ်ငြိမ်သက်သက် ဖတ်လေ့ရှိရင် စိတ်ဖိစီးမှုလျော့ပါးပြီး ပိုမိုကြည်လင်အေးချမ်းတဲ့ အတွေးတွေ ထွက်လာစေပါတယ်။ အဲဒီအချိန်မှာ ဖေ့စ်ဘွခ်ပိတ်ထားသင့်ပါတယ်။

(၄) စားပွဲကို ပိုးသတ်အဝတ်ဖြင့် သုတ်ပါ
အရစ်ဇိုးနားတက္ကသိုလ် လေ့လာသူတွေက လုပ်ငန်းခွင် မျက်နှာပြင်ရှိ ဗိုင်းရပ်စ်နမူနာတွေကို ဂွမ်းစနဲ့သုတ်ယူကြည့်ခဲ့တဲ့အခါ လူအထိအတွေ့များတဲ့ အဆောက်အဦမျက်နှာပြင်တွေမှာ ပိုးမွှားကပ်ငြိနိုင်ခြေ ၄၀-၆၀ ရာခိုင်နှုန်း ပိုများတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ စားပွဲ၊ ကီးဘုတ်နဲ့ ဖုန်းကို ပိုးသတ်အဝတ်နဲ့သုတ်ကာ ကိုယ့်လုပ်ငန်းခွင်ကိုသန့်ရှင်းအောင်ထားသင့်ပါတယ်။ ဒီလိုလုပ်တာကြောင့် ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့နိုင်ခြေကို ၉၉ ရာခိုင်နှုန်းနဲ့ အထက်လျော့ကျစေနိုင်ပါတယ်။

(၅) တီဗီကြည့်ချိန်ကို လျှော့ချပါ
အသက်ကြီးလာလေလေ၊ တီဗီကြည့်နှုန်း ပိုများလေလေ ဖြစ်တတ်ပါတယ်။ လတ်တလော လေ့လာမှုစစ်တမ်းတစ်ခုအရ အသက် ၃၀-၄၀ အရွယ်မှာပျမ်းမျှအားဖြင့် တစ်နေ့မှာ တီဗီကြည့်ချိန် ငါးနာရီနီးပါးရှိပြီး အသက် ၅၀-၆၀ အရွယ်မှာ တစ်နေ့တီဗီကြည့်ချိန် ခြောက်နာရီရှိကာ အသက် ၆၅နှစ်နဲ့အထက်ဆိုရင် တီဗီကြည့်ချိန် ခုနစ်နာရီရှိတယ်လို့သိရပါတယ်။ သက်လတ်ပိုင်း အရွယ်မှာ တီဗီကြည့်ရင်း အထိုင်များလွန်းတာကြောင့် အမျိုးအစား (၂) ဆီးချို သွေးချိုရောဂါ၊ နှလုံးရောဂါတို့နဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။

(၆) ချစ်ခင်သော ဆရာဝန် ရွေးချယ်ပါ
ကိုယ်ချစ်ခင်တဲ့ ဆရာဝန်နဲ့ ဆေးကုသမှုခံယူရတဲ့အခါ လူနာတွေဟာ သွေးဖိအား၊ ကိုယ်အလေးချိန်၊ နာကျင်မှုကိုထိန်းချုပ်နိုင်စွမ်း စတာတွေမှာ သိသိသာသာတိုးတက်မှုရှိတယ်လို့ ဟားဗတ်ဆေးကျောင်း သိပ္ပံပညာရှင်တွေရဲ့လေ့လာမှု အရသိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top