Healthy Life Ad
Life Style

သင့်သူငယ်ချင်း အကူအညီလိုအပ်နေကြောင်း သင်္ကေတများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သင့်သူငယ်ချင်းက ပြောင်းလဲနေတယ်လို့ သင် သတိပြုမိနေပြီလား . . သူရဲ့အပြုအမူ၊ စိတ်ခံစားမှု တွေပြောင်းလဲပြီး သူအရင်က ပျော်ခဲ့တဲ့အရာတွေမှာ ပျော်ရွှင်မှုမရှိတော့ဘူးလား။ ဒါဆိုရင် သင့်သူငယ်ချင်းက စိတ်ဓာတ်ကျတဲ့ ရောဂါလက္ခဏာတွေ ခံစားနေရပြီး အကူအညီလိုအပ်နေပြီဖြစ်လို့ သူ့ကို လျစ်လျူရှုမထားသင့်ပါဘူး။

(၁) သင့်သူငယ်ချင်းက အကြောင်းပြချက်မရှိဘဲ စိတ်ဆိုးနေတယ်
စိတ်ဓာတ်ကျတာက ကြာရှည်ဖြစ်ပေါ်တဲ့ ဝမ်းနည်းမှုလို့ လူအများက ထင်မြင်ထားပါတယ်။ စိတ်ဓာတ်ကျနေတဲ့ လူတွေက မျှော်လင့်ချက်မဲ့တဲ့ ခံစားချက်ထက် မကြာခဏ ဒေါသထွက်တတ်ပြီး စိတ်တိုနေတတ်ပါတယ်။

(၂) သင့်သူငယ်ချင်းက အိပ်စက်မှုဝေဒနာရှိနေတယ်
တစ်ည ဒါမှမဟုတ် နှစ်ညလောက် အိပ်ရေးပျက်တာ၊ ညတိုင်း ကောင်းကောင်း အိပ်မပျော်တာတွေက လူအများစု ကြုံတွေ့နေရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နာတာရှည် အိပ်မပျော်တဲ့ ဝေဒနာ ကတော့သတိပေးလက္ခဏာပါ။ အမြဲတမ်း မနက်ပိုင်းမှာအိပ်ရာထဖို့ ခက်ခဲနေရင်၊ တစ်နေ့လုံး အိပ်ငိုက်နေရင် စိတ်ဓာတ်ကျတဲ့ဝေဒနာ ဖြစ်နိုင်ခြေရှိပါတယ်။

(၃) ကြာရှည်ကိုက်ခဲနာကျင်နေတယ်
စိတ်နဲ့ ခန္ဓာအကြား ဆက်သွယ်ချက်ကောင်းကောင်းရှိပါတယ်။ သင့်ခန္ဓာကိုယ်က စိတ်ကျန်းမာ ရေးကောင်းအောင် ကြိုးစားနေချိန်မှာကြွက်သား ကိုက်ခဲနာကျင်တာ၊ ခါးနာတာနဲ့ ခေါင်းကိုက်တာတွေကို အဆက်မပြတ် ခံစားရတတ်ပါတယ်။

(၄) စွမ်းအင်နည်းနေတယ်
စွမ်းအင်နည်းတာ၊ ပင်ပန်းတာနဲ့နုံးချည့်ညောင်းညာတာတွေက စိတ်ဓာတ်ကျရင် အတွေ့ရများတဲ့ လက္ခဏာတွေပါ။ သေးငယ်တဲ့ လုပ်ဆောင်မှုတွေမှာတောင် လိုအပ်တာထက် ပိုအချိန်ယူနေရရင် ဒါက စိတ်ဓာတ်ကျနေပြီလားလို့ သတိပြုစရာပါ။

(၅) အပြစ်ရှိသလို ခံစားနေရတယ်
စိတ်ဓာတ်ကျတဲ့သူတွေက ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမရှိသလို ခံစားရပြီး အပြစ်တင်နေတတ်ပါတယ်။ ကူရာကယ်ရာမဲ့သလိုလည်း ခံစားရတတ်ပါတယ်။

(၆) မျှော်လင့်မထားတဲ့ စံလွဲအပြုအမူတွေ လုပ်ဆောင်နေတယ်
အန္တရာယ်များတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေ လုပ်တာ၊ ဂနာမငြိမ်တာနဲ့ ပုံမမှန်တဲ့ လုပ်ဆောင်မှုတွေ လုပ်တာတွေက စိတ်ဓာတ်ကျပြီး ဝမ်းနည်းနေတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။

(၇) အာရုံစိုက်နိုင်ဖို့နဲ့ မှတ်မိနိုင်ဖို့ ခက်ခဲနေတယ်
စိတ်ဓာတ်ကျတဲ့အခါအာရုံစိုက်နိုင်ဖို့နဲ့ အလေးထားနိုင်ဖို့ ခက်ခဲသွားပြီး ပိုပြီး ဇဝေဇဝါ ဖြစ်တတ်ပါတယ်။ ဒါက အလုပ်ကိစ္စတွေ ဆောင်ရွက်နိုင်စွမ်း လျော့ကျသွားပါတယ်။ မှတ်ဉာဏ်လည်း မကောင်းတော့ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top