Healthy Life Ad
Health Tips

ကြက်သွန်ဖြူကို ဘယ်လိုအသုံးချနိုင်သလဲ

၊ ငွေကြယ်စင်ယံ ၊

မီးဖိုချောင်ထဲက ကြက်သွန်ဖြူဟာ ဟင်းလျာထဲချက်ပြုတ်စားနိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင် အဖြစ်သာမက မမျှော်လင့်တဲ့ ကျန်းမာရေးအကျိုး ကျေးဇူးတွေ၊ အလှအပအတွက် အသုံးဝင်ပုံတွေ အများကြီး ရှိနေပါတယ်။

– ဆံပင်သန်စွမ်းလှပစေခြင်း

ကြက်သွန်ဖြူမှာ ဆာလဖာဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ အဲလစ်စင်ပါဝင်မှုမြင့်မားတာကြောင့် ဆံပင်ကျွတ်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကိုပါးပါးလှီးပြီး ဦးရေပြားပေါ်ပွတ်ပေးပါ၊ ကြက်သွန်ဖြူအရည်ကို ဦးရေပြားပေါ်သုတ်လိမ်းပေးပါ၊ ပြီးရင် ဦးရေပြားကို နှိပ်နယ်ပေးကာ ခဏကြာမှ ခေါင်းလျှော်လိုက်ရမှာဖြစ်ပါတယ်။

– ဝက်ခြံ ကင်းစင်စေခြင်း

ကြက်သွန်ဖြူဟာ မျက်နှာအသားအရေပေါ်က အပြစ်အနာအဆာတွေကို ကင်းစင်စေပါတယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က ဘက်တီးရီးယားပိုးတွေကို သေစေလို့ပါ။ ဝက်ခြံဖုပေါ်မှာ ကြက်သွန်ဖြူတစ်ဥကို ပွတ်လိမ်းပေးတာကြောင့် ဝက်ခြံသက်သာစေမှာဖြစ်ပါတယ်။

– အအေးမိဝေဒနာ ကာကွယ်ကုသပေးခြင်း

အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ ကြက်သွန်ဖြူကိုစွပ်ပြုတ်ထဲ ထည့်သောက်တာကြောင့် ကိုယ်ခံအား စနစ်ကို ကောင်းမွန်စေပါတယ်။ အအေးမိဝေဒနာ ဖြစ်နေရင် ရေနွေးပူပူထဲ လှီးထားတဲ့ကြက် သွန်ဖြူကို မိနစ်အနည်းငယ်ကြာ ထည့်စိမ်ပြီး သောက်ပေးပါ။ အရသာကောင်းချင်ရင် ပျားရည် ဒါမှမဟုတ် ချင်း(ဂျင်း) ထည့်သောက်နိုင်ပါတယ်။

– ဆိုးရီးယေးစစ်ရောဂါကို သက်သာစေခြင်း

ကြက်သွန်ဖြူမှာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိတာကြောင့် ဆိုးရီးယေးစစ်ရောဂါဝေဒနာကို သက်သာ စေပါတယ်။ ဆိုးရီးယေးစစ်ဖြစ်နေတဲ့ အရေပြားမှာ ကြက်သွန်ဖြူဆီပွတ်လိမ်းပေးရင် ချောမွေ့ပြီး နီမြန်းမှုကင်းစင်တဲ့ အရေပြားကို ပိုင်ဆိုင်ပါလိမ့်မယ်။

– ကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးခြင်း

ကြက်သွန်ဖြူများများပါတဲ့ အစာစားတဲ့ ကြွက်တွေမှာ ကိုယ်အလေးချိန်နဲ့ အဆီသိုလှောင်မှု လျော့ကျတာကို လေ့လာတွေ့ရှိခဲ့ရတာကြောင့် ကြက်သွန်ဖြူက ကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးနိုင်တယ်လို့ အာဟာရ ပညာရှင် ဆိုင်သီယာက ဆိုပါတယ်။ နေ့တိုင်းကြက်သွန်ဖြူထည့်ပြီး ဟင်းချက်စားကာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

– ခြေထောက်မှိုစွဲမှုကို ကုသပေးခြင်း

ကြက်သွန်ဖြူမှာ ဖန်းဂတ်စ်မှိုစွဲတာကို တွန်းလှန်ပေးနိုင်စွမ်းရှိတဲ့အတွက် ယားယံနေတဲ့ခြေထောက် မှိုစွဲဝေဒနာကို သက်သာစေပါတယ်။ ကြက်သီးနွေး ရေထည့်ထားတဲ့ ရေစိမ်ကန်ထဲ ခြေထောက်ကိုစိမ်ပြီး ကြက်သွန်ဖြူနဲ့ ပွတ်တိုက်ပေးရမှာပါ။

– ခြင်ပြေးစေခြင်း

ခြင်တွေက ကြက်သွန်ဖြူကို မကြိုက်ရတဲ့ အကြောင်းရင်းကို သိပ္ပံပညာရှင်တွေ သေချာမပြောနိုင်သေးပါဘူး။ အိန္ဒိယလေ့လာမှုတစ်ခုအရ လက်နဲ့ခြေထောက်မှာ ကြက်သွန်ဖြူပွတ်လိမ်းပေးတဲ့သူတွေဟာ ခြင်အကိုက် မခံရကြောင်း တွေ့ရှိခဲ့ရပါတယ်။ ခြင်အကိုက်မခံရအောင် ကြက်သွန်ဖြူကို သင့်အနားမှာထားပါ။

– ပါးစပ်အနာကို ပျောက်စေခြင်း

ကြက်သွန်ဖြူကိုထောင်းပြီး ပါးစပ်အနာပေါ် တိုက်ရိုက်တင်ပေးတာကြောင့် ရောင်ရမ်းမှုကိုလျော့ကျစေကာ နာကျင်မှု သက်သာစေပါတယ်။ ကြက်သွန်ဖြူ အားဆေးစားတာကြောင့် အနာကျက်နှုန်းကို မြန်ဆန်စေပါတယ်။

– သဘာဝကော်အဖြစ် သုံးနိုင်ခြင်း

ကြက်သွန်ဖြူလှီးပြီးချိန်မှာ လက်တွေ စေးကပ်နေတာကို သတိပြုမိပါသလား။ ကြက်သွန်ဖြူမှာ စေးကပ်စေတဲ့ သဘာဝအာနိသင်ရှိလို့ပါ။ ဖန်ခွက်ရဲ့အက်ရာကို ဆက်သွားအောင် ကြက်သွန်ဖြူသုံးပါ။ ကြက်သွန်ဖြူကို ထောင်းပြီး အက်ကွဲရာမှာ ပွတ်လိမ်းပေးရမှာဖြစ်ပါတယ်။

– သစ်ပင်ပန်းပင်များကို ကာကွယ်နိုင်ခြင်း

ကြက်သွန်ဖြူမှာ သဘာဝ ပိုးသတ်ဆေးအစွမ်းရှိတာကြောင့် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ရေ၊ ဆပ်ပြာရည်တို့ကိုရောပြီး ဖျန်းတဲ့ပုလင်းထဲထည့်ကာ သစ်ပင်တွေပေါ် ပက်ဖျန်းပေးရမှာပါ။

(Ref;RD)

Most Popular

Healthy Life Ad
To Top