Healthy Life Ad
Health Tips

ကြက်သွန်ဖြူစားခြင်းဖြင့် ဦးနှောက်ကို ရောဂါမဖြစ်စေရန် ကာကွယ်နိုင်

———၊ ကိုထက် ၊———

ကြက်သွန်ဖြူမှာပါဝင်တဲ့ အာဟာရဓာတ်တစ်မျိုးက ဦးနှောက်ကို အိုမင်းမှုနဲ့ ရောဂါမဖြစ်အောင် ကာကွယ်နိုင်ကြောင်း၊ အသက်ကြီးခြင်းနဲ့ ဆက်စပ်နေတဲ့ အာရုံကြောဆိုင်ရာ ရောဂါများ (အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန်ရောဂါ)တို့ မဖြစ်အောင် ကာကွယ်နိုင်ကြောင်း လေ့လာသူတို့က ဆိုပါတယ်။

“ကြက်သွန်ဖြူကို စူပါအစာလို့ တင်စားကြပါတယ်။ အကြောင်းကတော့ ကြက်သွန်ဖြူမှာပါတဲ့ ဆာလဖာဒြပ်ပေါင်းက အင်တီအောက်ဆီးဒင့်နဲ့ ရောင်ရမ်းမှုဟန့်တားတဲ့ အစွမ်းအများအပြား ပါဝင်လို့ပါ”လို့ မစ်ဆိုရီတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဇီဇန်ဂူးက ပြောကြားခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေက ကြက်သွန်ဖြူမှာပါဝင်တဲ့ ကာဗိုဟိုက်ဒရိတ် အရင်းအမြစ်တစ်မျိုး FruArg ကို အခြေခံထားပြီး ထိုအာဟာရဓာတ်ရဲ့ ကာကွယ်နိုင်စွမ်းကို လေ့လာခဲ့ရာ ပတ်ဝန်းကျင်ဖိစီးမှုကြောင့်ဖြစ်တဲ့ ဦးနှောက်ဆဲလ်ထိခိုက်မှုကို ပြောင်းပြန်လှန်ပစ်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

ပတ်ဝန်းကျင်ဖိစီးမှုဆိုတာ အိုမင်းမှုဖြစ်စဉ်၊ ဆေးလိပ်သောက်ခြင်း၊ လေထုညစ်ညမ်းမှုဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာကြောင့် ဦးနှောက်ထိခိုက်မှုဖြစ်ခြင်းနဲ့ အရက်အလွန်အမင်း သောက်ခြင်းတို့ကြောင့် ထိခိုက်မှုကို ဆိုလိုခြင်း ဖြစ်ပါတယ်။

“မိုက်ခရိုဂလီးယားတွေက ဦးနှောက်နဲ့ အာရုံကြောမှာရှိတဲ့ ကိုယ်ခံအားဆဲလ်တွေ ဖြစ်ပါတယ်။ ဒီဆဲလ်တွေက ရောင်ရမ်းမှုနဲ့ ပတ်ဝန်းကျင်ဖိစီးမှုတွေကို တုံ့ပြန်တဲ့နည်းနဲ့ ဦးနှောက်ဆဲလ်တွေကို ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ ဒီဆဲလ်ပမာဏ တိုးလာရင် အသက်ကြီးတဲ့အခါ ဦးနှောက်ကို ကာကွယ်နိုင်စွမ်း မရှိတော့ပါဘူး။ အဲဒီအခါ အကောင်းထက် အဆိုးကို ပိုဖြစ်စေနိုင်ပြီး ဦးနှောက်ထဲမှာ နိုက်ထရစ်အောက်ဆိုဒ် အလွန်အမင်း ထွက်စေနိုင်ပါတယ်။ နိုက်ထရစ်အောက်ဆိုဒ် အလွန်အမင်းထွက်တာကြောင့် ဦးနှောက်ဆဲလ်တွေ ထိခိုက်ပြီး ပါကင်ဆန်ရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါတို့လို အာရုံကြောယိုယွင်းမှုဆိုင်ရာ ရောဂါတွေ ဖြစ်နှုန်းတိုးလာပါတယ်” လို့ လေ့လာသူတို့က ဆိုပါတယ်။

ကြက်သွန်ဖြူမှာပါတဲ့ FruArg ကမူ နိုက်ထရစ်အောက်ဆိုက်ပမာဏကို လျော့ကျစေပြီး အင်တီအောက်ဆီးဒင့်ထွက်နှုန်း တိုးစေကာ ဦးနှောက်ဆဲလ်တွေကို ကာကွယ်ပေးခြင်းနဲ့ အနာကျက်စေခြင်းတို့လို ကောင်းကျိုးတွေ ရရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ နောင်ကာလမှာ လေ့လာသူတွေက နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါတို့လို ခန္ဓာကိုယ်ရှိ တခြားဆဲလ်တွေပေါ်မှာ အခြေခံပြီး FruArg ရဲ့ ကောင်းကျိုးကို ဆက်လက်လေ့လာဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top