Healthy Life Ad
Life Style

အူကျ၍ နာကျင်ခြင်းအား ခွဲစိတ်ကုသမှု မခံယူလေလေ အူပိတ်နိုင်ခြေ မြင့်တက်လေလေ

ပါမောက္ခဦးအေးမွန် ခွဲစိတ်ဆရာဝန်ကြီး

အူကျချိန်တွင် ပြန်ဝင်သွားသည့်အတွက် မခွဲဘဲမနေသင့်ကြောင်း၊ မခွဲဘဲထားချိန်ကြာလေလေ အူပိတ်နိုင်ခြေက မြင့်တက်လာလေလေဖြစ်ကြောင်း ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးအေးမွန်က ဆိုသည်။

“အူကျတဲ့အချိန်က ကြာလေလေ၊ အူပိတ်နိုင်ခြေ များလေလေဖြစ်ပါတယ်။ အူကျတာကို ခွဲတာက အရေးပေါ်ခွဲရတာလည်း ရှိပါတယ်။ အေးအေးဆေးဆေးခွဲရတဲ့ အခြေအနေလည်းရှိပါတယ်။ အူကျတဲ့ အဆင့်အနေအထားတွေကလည်း အမျိုးမျိုးရှိပါတယ်။ တစ်မျိုးက ဝမ်းဗိုက်ဖိအားများလာပြီး လမ်းကြောင်းပွင့်သွားတယ်၊ပေါင်ခြံဖောင်းလာတယ်၊ ပြီးတော့အူကျွံသွားပါတယ်၊တစ်ခါတလေ ပေါင်ခြံဘယ်လောက်ဖောင်းဖောင်း၊ ပြန်ဝင်သွားနိုင်တာမျိုးရှိပါတယ်။ အဲဒါကိုတော့ ပထမအဆင့်လို့သတ်မှတ်ပြီး အေးအေးဆေးဆေး မှခွဲပါတယ်”ဟု ပါမောက္ခဦးအေးမွန်က ပြောသည်။

အူကျွံနှုန်းများသွားသည့်အခါ ပြန်မဝင်နိုင်တော့ဘဲ တစ်ခါတလေကျတော့ အူကနည်းနည်းစီကျွံနေပြီး အသား ကပ်သွားသည့်အခါတွင်မူ ပြန်မဝင်နိုင်တောပေ။ ထိုအခြေအနေမျိုးတွင် အလွန်အမင်းနာပြီး ခြောက်နာရီအတွင်း အူပြန်မဝင်ပါက အူပုပ်သွားတတ်ကြောင်း၊ အူပုပ်သွားလျှင်တော့ အသက်အန္တရာယ်ရှိကြောင်း သိရသည်။

“တတိယအဆင့်ကတော့ အူကျွံရုံတင် မဟုတ်တော့ဘဲ အူလမ်းကြောင်း တစ်ခုလုံးပါ ပိတ်သွားတတ်ပါတယ်။ အဲဒီအခါ ဗိုက်ဖောင်းလာမယ်၊ အန်မယ်၊ အရမ်းနာမယ် . . အစရှိတာတွေ ဖြစ်နိုင်ပါတယ်။ရောဂါပထမအဆင့်ဆိုရင် အေးအေးဆေး ဆေး ရက်ပြန်ချိန်းပြီးမှ ခွဲပေးလို့ရပါတယ်”ဟု ပါမောက္ခ ဦးအေးမွန်က ဆိုသည်။

ငယ်ရွယ်ချိန်၌ အူကျခြင်းက ရောဂါပထမ အဆင့်တွင်ဖြစ်ပါက ခွဲစိတ်မှုကို သက်သောင့် သက်သာခံယူနိုင်ကြောင်း၊ အသက်ကြီးမှ အူကပ်ခြင်း၊ အူပိတ်ခြင်းတို့ဖြစ်ခါမှ ခွဲမည်ဆိုလျှင် ခွဲစိတ် ရခြင်းကလည်း ပိုပြီးခက်ခဲသည့်အပြင် ခံစားရသော ဝေဒနာကလည်း ပိုများတတ်ကြောင်း၊ ထို့ပြင် ပေါင်ခြံဖောင်းလွန်းခြင်းနှင့် ဘောင်းဘီဝတ် မရခြင်းတို့ကဲ့သို့ အမြင်မတော်ခြင်းများလည်း ဖြစ်နေနိုင်ကြောင်း သိရသည်။“ဒုတိယအဆင့်ဆိုရင် ၆ နာရီအတွင်း အူဝင်သလားဆိုတာ စောင့်ကြည့်ပါတယ်။ မဝင်ရင်တော့ ချက်ချင်းခွဲရပါတယ်။

တတိယအဆင့်ဆိုရင်တော့ ချက်ချင်းကို ခွဲစိတ်ကုသမှုပေးရပါတယ်။ တတိယအဆင့်မှာလည်း အူလမ်းကြောင်း ပိတ်သွားတဲ့အတွက် အူတွေပုပ်သွားနိုင်ပါတယ်။ ခွဲတဲ့အချိန်မှာ အူတွေ မပုပ်သေးဘူးဆိုရင်တော့ လွယ်ကူပါတယ်။ အူတွေပုပ်နေပြီဆိုရင်တော့ ဖြတ်ထုတ်ရတာတွေပါ လုပ်ရမှာဖြစ်ပါတယ်။

ဖြတ်ထုတ်ရတဲ့အခါမှာတော့ နည်းနည်း အခက်အခဲတွေရှိနိုင်ပါတယ်။ ပြဿ နာတွေရှိနိုင်ပါတယ်။ အူကျရင် အမြန်ခွဲရတဲ့ အကြောင်းရင်းကတော့ အဲဒီလိုအူပိတ်သွားတာတွေ၊ ပုပ်တာတွေမဖြစ်အောင် ခွဲခိုင်းရတာဖြစ်ပါတယ်” ဟု ပါမောက္ခဦးအေးမွန်က ပြောကြားခဲ့သည်။

Most Popular

Healthy Life Ad
To Top