Healthy Life Ad
Health Tips

ခွဲစိတ်ကုသပြီးချိန်မှာ . . .

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကျန်းမာရေးအခြေအနေတစ်ရပ်ကြောင့် ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာ နာကျင်မှုကို ခံစားရနိုင်သလို ခွဲစိတ်ကုသထားတဲ့နေရာတဝိုက်မှာ ရောင်ရမ်းမှုနဲ့ တောင့်တင်းမှုတို့ကိုပါ ခံစားရနိုင်ပါတယ်။ ခွဲစိတ်ပြီးချိန်မှာ ခံစားရတဲ့ နောက်ဆက်တွဲပြဿနာတွေအကြောင်းကို ခွဲစိတ်ကုဆရာဝန်က မခွဲစိတ်ခင်ကတည်းက ရှင်းပြပြီး ဖြစ်ပါလိမ့်မယ်။ ခွဲစိတ်ကုသပြီးချိန်မှာ သင်ခံစားရတဲ့ ဝေဒနာတွေပေါ်မူတည်ပြီး ဆရာဝန်ကို သင်သိလိုတဲ့ အောက်ပါမေးခွန်းတွေ မေးနိုင်ပါတယ်။

• ဆေးရုံမှာ ဘယ်လောက်ကြာကြာ နေရဦးမှာလဲ၊

• သင်အိမ်ပြန်ရောက်တဲ့အခါ ခွဲစိတ်ထားတဲ့ဒဏ်ရာကို ဘယ်လိုကျန်းမာရေး အသုံးအဆောင်တွေနဲ့ ဆက်လက်လုပ်ဆောင်ရမှာလဲ၊

• အလုပ်ကို ဘယ်အချိန်ပြန်တက်လို့ရမှာလဲ၊

• လေ့ကျင့်ခန်းကို ဘယ်အချိန်ပြန်လုပ်သင့်သလဲ၊

• ရှောင်သင့်တဲ့ အပြုအမူတွေရှိသလား

ဒီအချက်တွေကို ခွဲစိတ်ဆရာဝန်ထံ မေးမြန်းပြီး ဆရာဝန်ရဲ ့ ညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်မယ်ဆိုရင် မြန်မြန်သက်သာလာပါလိမ့်မယ်။

alignnone size-medium wp-image-62800
ခွဲစိတ်ကုသမှုပြီးချိန်တွင်

ခွဲစိတ်ကုသမှုပြီးချိန်မှာ ခွဲစိတ်မှုအကြီး၊ အသေးနဲ့ အသုံးပြုတဲ့ မေ့ဆေး၊ ထုံဆေးတို့အပေါ်မူတည်ပြီး ဆေးရုံမှာနေဖို့ လိုအပ်နေတာမျိုး၊ အထူးကြပ်မတ်ကုသဆောင်(ICU)မှာ နေရတာမျိုးနဲ့ အိမ်ပြန်လို့ရတာမျိုးဆိုပြီး အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။ ကြီးမားတဲ့ခွဲစိတ်ကုသမှု ပြီးသွားရင်တော့ တချို့လူတွေဟာ မေ့ဆေးဒဏ်ကြောင့် မူးနောက်နောက် ခံစားရတာမျိုး၊ ပျို ့ချင်အန်ချင်ဖြစ်တာမျိုးနဲ့ အအေးမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။

alignnone size-medium wp-image-62799
ခွဲစိတ်ပြီးချိန်တွင် အိမ်ပြန်နိုင်သောအချက်များ

လူနာအနေနဲ့ အောက်ပါအချက်အလက်တွေနဲ့ ကိုက်ညီပါက အိမ်ပြန်နိုင်ပြီဖြစ်ပါတယ်။

• ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား တွေးခေါ်နိုင်စွမ်းရှိရပါမယ်။

• ပုံမှန်သဘာဝအတိုင်း အသက်ရှူသွင်း/ ရှူထုတ်လုပ်နိုင်ရပါမယ်။

• အရည်တွေကို သောက်နိုင်စွမ်းရှိရပါမယ်။

• ပုံမှန်အတိုင်း ဆီးသွားနိုင်ရပါမယ်။

• လမ်းကောင်းကောင်း လျှောက်နိုင်ရပါမယ်။

• ပြင်းထန်တဲ့ နာကျင်မှု ကင်းဝေးရပါမယ်။

• ခွဲစိတ်ထားတဲ့နေရာမှ သွေးထွက်ခြင်းကင်းဝေးပြီး ရောင်ရမ်းမှုလည်း မရှိရပါဘူး။

လူနာအနေနဲ့ စိတ်ငြိမ်ဆေးသောက်ထားပါက ကားမောင်းပြီး အိမ်မပြန်သင့်ပါ။

alignnone size-medium wp-image-62801
ခွဲစိတ်ပြီး လူနာအတွက် အာဟာရ

ခွဲစိတ်ပြီး လူနာတွေမှာ မြန်မြန်အနာကျက်စေဖို့နဲ့ ကူးစက်ပိုးဝင်နိုင်ခြေ လျော့ကျစေဖို့ရာအတွက် ကောင်းမွန်တဲ့အာဟာရ လိုအပ်ပါတယ်။ ကြီးမားတဲ့ ခွဲစိတ်မှုပြီးဆုံးချိန်မှာ အာဟာရလိုအပ်ချက်က မြင့်တက်လာနိုင်ပါတယ်။ လူနာရဲ ့ ခွဲစိတ်မှုအမျိုးအစားပေါ်မူတည်ပြီး စားသောက်သင့်တဲ့ အစားအသောက်တွေကို ခွဲစိတ်ဆရာဝန်က အသေးစိတ်ပြောပြပါလိမ့်မယ်။ ထိုအစားအသောက်တွေကို လူနာရှင်အနေနဲ့ စာအုပ်ထဲမှာ အသေးစိတ်ရေးမှတ်ပြီး လိုက်နာဖို့ လိုအပ်ပါတယ်။

ခွဲစိတ်ပြီးချိန်တွင် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲပြဿနာများ

ဖျားခြင်း၊ သွေးခဲခြင်း၊ ခွဲစိတ်ထားတဲ့ အနာထဲ ပိုးဝင်ခြင်း၊ ဆီးသွားရခက်ခြင်း၊ ဝမ်းသွားရခက်ခြင်း၊ ကြွက်သားထုထည် ဆုံးရှုံးခြင်းနဲ့ မူးဝေခြင်း စတဲ့ နောက်ဆက်တွဲ ပြဿနာတွေဟာ ခွဲစိတ်ကုသမှုခံယူပြီး ရက်အနည်းငယ်အတွင်း ဖြစ်ပေါ်နိုင်ပါတယ်။

alignnone size-medium wp-image-62797

ဖျားခြင်း- ခွဲစိတ်ကုသမှုကြောင့်ဖြစ်တဲ့ ထိခိုက်ဒဏ်ရာကို တုံ့ပြန်မှုအနေနဲ့ ရောင်ရမ်းမှုအပါအဝင် ဖျားခြင်းကိုလည်း ခံစားရနိုင်ပါတယ်။ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ ခွဲစိတ်ထားတဲ့ နေရာမှာ ပိုးဝင်ခြင်း စတဲ့ ပိုးဝင်မှုတွေလည်း ဖြစ်နိုင်ပါတယ်။

သွေးခဲခြင်း – ခွဲစိတ်ချိန်နဲ့ ခွဲစိတ်ပြီးချိန်တွေမှာ မလှုပ်ရှားဘဲ လဲလျောင်းနေရတာကြောင့် ခြေထောက် ဒါမှမဟုတ် ခန္ဓာကိုယ်အောက်ပိုင်း သွေးကြောတွေမှာ သွေးခဲခြင်းဖြစ်နိုင်ပါတယ်။

alignnone size-medium wp-image-62796

အနာဖြစ်ခြင်း – ခွဲစိတ်ထားတဲ့နေရာမှာ ပိုးဝင်ကာ အနာဖြစ်နိုင်ပါတယ်။ ပိုးဝင်ခြင်းလျော့နည်းအောင် ခွဲစိတ်ကုသပြီးချိန်မှာ ပိုးသတ်ထားတဲ့ ပတ်တီးစနဲ့ စည်းနှောင်ထားဖို့လိုပါတယ်။ ပတ်တီးစကို အချိန်မှန် လဲလှယ်ပေးရပါမယ်။

မူးဝေခြင်း – မူးဝေခြင်းဟာ အသက်ကြီးတဲ့သူတွေမှာ အဓိကဖြစ်ပေါ်တတ်ပါတယ်။ မူးဝေတာဟာ သွေးထဲမှာ အောက်ဆီဂျင်ပမာဏနည်းနေတာကြောင့် ဖြစ်နိုင်သလို ဆေးဝါးတွေရဲ ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဆီးသွားနည်းခြင်းနှင့် ဝမ်းချုပ်ခြင်း – ခွဲစိတ်ပြီးချိန်မှာ အဖြစ်များတဲ့ ပြဿနာနှစ်ရပ်ပါ။ ဆေးဝါးတွေရဲ ့ဘေးထွက်ဆိုးကျိုးကြောင့်နဲ့ အစားအသောက်ကို ကောင်းကောင်းမစားဖြစ်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဆီးသွားနည်းခြင်းနဲ့ ဝမ်းသွားနည်းခြင်း ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။

ကြွက်သားထုထည်လျော့နည်းခြင်း – အိပ်ရာထဲမှာ ကြာကြာနားနေရတာကြောင့် ကြွက်သားထုထည် ဆုံးရှုံးသွားနိုင်ပါတယ်။ အိပ်ရာထဲမှာ တစ်နေ့တာ အပြည့်အဝအနားယူလိုက်တာနဲ့ လူငယ်တွေမှာ ကြွက်သားထုထည် တစ်ရာခိုင်နှုန်း၊ သက်ကြီးရွယ်အိုတွေမှာ ငါးရာခိုင်နှုန်းဆုံးရှုံးသွားနိုင်ပါတယ်။ အကြောင်းကတော့ သက်ကြီးရွယ်အိုတွေမှာ ကြွက်သားတစ်သျှူးတွေကို အထောက်အပံ့ပေးနေတဲ့ ကြီးထွားဟော်မုန်းပမာဏ လျော့နည်းသွားတာကြောင့်ပါ။ ကြွက်သားထုထည် မလျော့နည်းအောင် အိပ်ရာထဲမှာ တစ်ချိန်လုံးလှဲမနေဘဲ ထထိုင်တာ၊ မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာမျိုးတွေကို ပြုလုပ်ပေးသင့်ပြီး ဆရာဝန်က ခွင့်ပြုပါက လေ့ကျင့်ခန်းကိုပါ အသင့်အတင့် ပြုလုပ်ပေးပါ။

ဆေးရုံမှ မဆင်းခင်

ဆေးရုံမှမဆင်းခင်မှာ ဆရာဝန်ကို ဘယ်အချိန် ထပ်မံပြသင့်သလဲ၊ ဘယ်ဆေးမှီဝဲသင့်သလဲ၊ ရှောင်ရှားသင့်တဲ့အပြုအမူ၊ လိုက်နာသင့်တဲ့ အပြုအမူ စတာတွေကို ဆရာဝန်ထံ သေချာမေးမြန်းပါ။

လှေကားတက်ခြင်း၊ ကားမောင်းခြင်း၊ လေးလံတဲ့ပစ္စည်းတွေကို မ,ခြင်း၊ လိင်ဆက်ဆံခြင်း စတဲ့ အပြုအမူတွေကိုတော့ ယာယီရှောင်ရှားဖို့ လိုပါတယ်။ ခွဲစိတ်ပြီးနောက် ပုံမှန်အတိုင်း ပြန်ကောင်းဖို့ရာအတွက် ဂရုစိုက်လိုက်မယ်ဆိုရင် တဖြည်းဖြည်းချင်း ပြန်ကောင်းလာမှာဖြစ်ပါတယ်။

alignnone size-medium wp-image-62795

Most Popular

Healthy Life Ad
To Top