Healthy Life Ad
Health Tips

စအိုကွဲခြင်းအတွက် ကျန်းမာရေးနှင့် သဘာဝကုထုံးများ

၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊

စအိုကွဲနာ (AnalFissure)က အလွန် နာကျင်ရတဲ့အပြင် အလွန်စိတ်မသက်မသာ ဖြစ်စရာကောင်းတဲ့ အခြေအနေပါ။ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပြီး ၄-၆ ပတ်အတွင်း စအိုကွဲနာက သူ့အလိုလို အနာကျက်နိုင်ပါတယ်။ စအိုကွဲနာဖြစ်ရင် ဝမ်းသွားပြီးတဲ့အခါ နာကျင်တတ်သလို စအိုတစ်ဝိုက် ယားယံတာနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာတို့ ခံစားရတတ်ပါတယ်။ ဝမ်းချုပ်တာကြောင့်သာမက နာတာရှည် ဝမ်းလျှောတာ၊ အူရောင်ရမ်းတဲ့ ရောဂါ၊ စအိုကင်ဆာ၊ ဆစ်ဖလစ်ကာလသားရောဂါ၊ရေယုန်ရောဂါ၊ HIV ပိုးရှိတာနဲ့ တီဘီရောဂါတွေကြောင့်လည်း စအိုကွဲနာ ဖြစ်တတ်ပါတယ်။ တကယ်လို့ စအိုကွဲနာဖြစ်ပြီး ၄-၆ ပတ်အတွင်း အနာမကျက်ရင် အောက်ပါကျန်းမာရေးကုထုံး ဒါမှမဟုတ် သဘာဝကုထုံးတွေကို အသုံးပြုနိုင်ပါတယ်။

စအိုကွဲခြင်းအတွက် ကျန်းမာရေးကုထုံး

– ဝမ်းပျော့ဆေးသောက်ခြင်း
ဝမ်းပျော့ဆေး (Laxative) သောက်တာကြောင့် ဝမ်းချုပ်တဲ့ပြဿနာကို သက်သာစေပါတယ်။ ဝမ်းချုပ်တာက စအိုကွဲစေတဲ့ အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်တဲ့အပြင် ဝမ်းပျော့ပျော့သွားတာကြောင့် ဝမ်းသွားစဉ် နာကျင်တဲ့ခံစားချက်ကို လျော့ကျစေပါတယ်။

– နိုက်ထရိုဂလစ်ဆရင်းဆေး လိမ်းခြင်း
နိုက်ထရိုဂလစ်ဆရင်းလိမ်းဆေး လိမ်းတာကြောင့် စအိုတစ်ဝိုက်ဆီ သွေးစီးဆင်းမှုကောင်းစေပြီး စအိုကွဲနာရဲ့ အနာကျက်နှုန်းကို မြန်စေပါတယ်။

– စတီးရွိုက်ခရင်မ်
စအိုကွဲနာတစ်ဝိုက်မှာ စတီးရွိုက်ခရင်မ် လိမ်းပေးရင် စအိုနာကျင်မှုနဲ့ မသက်မသာဖြစ်တဲ့ ဝေဒနာတွေ သက်သာသွားပါလိမ့်မယ်။

– ဘိုတော့စ်ထိုးဆေး
မျက်နှာပေါ်က အရေးကြောင်းပါးပါးနဲ့ အရေးကြောင်းကြီးတွေ သက်သာစေဖို့သာမက စအိုကွဲနာအတွက်လည်း ဘိုတော့စ်ထိုးဆေးက အသုံးဝင်ပါတယ်။ စအိုတစ်ဝိုက် ကြွက်သားတွန့်တဲ့
ဝေဒနာကိုလည်း သက်သာစေပါတယ်။

– ခွဲစိတ်ကုသမှု
စအိုကွဲနာဖြစ်နေပြီး အထက်ပါနည်းလမ်းတွေနဲ့ အဆင်မပြေတော့တဲ့ အခြေအနေမှာ ဆရာဝန်က ခွဲစိတ်ကုသမှုခံယူဖို့ အကြံပေးတတ်ပါတယ်။

စအိုကွဲခြင်းအတွက် အိမ်တွင်းကုထုံး

– အမျှင်ဓာတ်များသော အစာစားပါ
အမျှင်ဓာတ်ပါတဲ့ အစာတွေကို များများစားတာကြောင့် ဝမ်းချုပ်တာကို သက်သာစေပါတယ်။ အစာထဲမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များများ ထည့်စားရင် အူလှုပ်ရှားမှုကို ထိန်းချုပ်ပေးပြီး စအိုကွဲတဲ့ ပြဿနာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

– ရေများများ သောက်ပါ
နေ့စဉ် ရေ ၈-၁၂ ဖန်ခွက် သောက်ပါ။
ရေများများ သောက်တာကြောင့် ဝမ်းချုပ်တဲ့ ပြဿနာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

– လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ
လေ့ကျင့်ခန်းကို အလုံအလောက် မလုပ်တဲ့အတွက် ဝမ်းချုပ်စေနိုင်ပါတယ်။ တစ်နေ့အနည်းဆုံး မိနစ် ၃၀ခန့်၊ တစ်ပတ်မှာ ငါးကြိမ်အောက်
လေ့ကျင့်ခန်းလုပ်တာကြောင့် ဝမ်းမှန်မှန်သွားစေပြီး စအိုကွဲတဲ့ ပြဿနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ လမ်းလျှောက်တာ၊ ကခုန်တာနဲ့ ကြက်တောင်ရိုက်တာတို့လို လေ့ကျင့်ခန်းတွေလည်း လုပ်ဆောင်သင့်ပါတယ်။

– စအိုတွင် ရေနံဂျယ်လီ သို့မဟုတ် သံလွင်ဆီ လိမ်းပါ
စအိုတစ်ဝိုက်ကို ရေနံဂျယ်လီ ဒါမှမဟုတ် သံလွင်ဆီအနည်းငယ် လိမ်းပေးတာကြောင့် စအိုကွဲနာရှိနေရင်တောင် ဝမ်းသွားစဉ် နာကျင်တဲ့ဝေဒနာကို သက်သာစေပါတယ်။

– ကြက်သီးနွေးရေ စိမ်ပါ
ဝမ်းသွားပြီးနောက် ကြက်သီးနွေးရေထဲမှာ အချိန် ၁၅ မိနစ်ခန့် စိမ်ပေးရင် စအိုတစ်ဝိုက်ကြွက်သား နာကျင်တဲ့ဝေဒနာကို သက်သာစေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top