Healthy Life Ad
Health Tips

ကိုယ်နံ့ကင်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေမည့် အလွယ်ဖြေရှင်းနည်းများ

ငွေကြယ်စင်ယံ

သင့်မှာ ကိုယ်နံ့ နံတဲ့ ပြဿနာ ရှိနေလို့ စိတ်အနှောင့်အယှက် ဖြစ်နေပါသလား။ ကိုယ်နံ့နံတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ လေးစားစိတ် လျော့ကျစေတဲ့အတွက် ကိုယ်နံ့ကင်းအောင် အလွယ်နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) ပုံမှန် ရေချိုးပါ
ကိုယ့်ကိုယ်ကိုယ် သန့်စင်အောင် လုပ်ဆောင်တာက ကိုယ်နံ့ထွက်တဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ ပထမဆုံးနည်းလမ်းပါ။ တစ်နေ့ အနည်းဆုံး တစ်ကြိမ် ရေချိုးပေးတာက ချွေးထွက်တာကို သက်သာစေပြီး အရေပြားပေါ်က ဘက်တီးရီးယားပိုး ပမာဏကို လျော့ကျစေပါတယ်။ ချွေးထွက်များတဲ့ နေရာတွေကို သန့်စင်ပေးတာကြောင့် ကိုယ်နံ့ဆိုးထွက်တာကို လျော့ပါးစေပါတယ်။

(၂) ဘက်တီးရီးယား ပိုးသတ်ဆပ်ပြာ သုံးပါ
ဘက်တီးရီးယား ပိုးသတ်ဆပ်ပြာနဲ့ ရေချိုးတာကြောင့် ဘက်တီးရီးယားပိုးသာမက ကိုယ်နံ့ဆိုးထွက်တာပါ လျော့ကျစေပါတယ်။

(၃) လုံးဝ ခြောက်သွေ့အောင် သုတ်ပါ
ရေချိုးပြီးနောက် ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းတဲ့ တဘက်နဲ့ ခြောက်အောင် သုတ်လိုက်ပါ။ အရေပြား ခြောက်သွေ့နေရင် ဘက်တီးရီးယားပိုး ပေါက်ပွားဖို့ ခက်ပါတယ်။ ချွေးထွက်ရင်လည်း တစ်ရှူးနဲ့ သုတ်ပေးပါ။

(၄) မှန်ကန်သော ချွေးနံ့ထိန်းတောင့် သုံးပါ
ချွေးထွက်မများရင် ချွေးတိတ်ဆေး မသုံးဘဲ ချွေးနံ့ထိန်းတောင့်လိမ်းပေးပါ။ ချွေးနံ့ထိန်းတောင့် ( Deodorant )က အရေပြားမှာ ဘက်တီးရီးယားကြောင့် ထွက်လာတဲ့ အနံ့ဆိုးကို ဖုံးအုပ်ပေးနိုင်ပြီး ချွေးတိတ်ဆေး ( Antiperspirant ) က ချွေးထွက် များတာကို လျော့ကျစေပါတယ်။ ချွေးနံ့ထိန်းတောင့် နဲ့ ချွေးတိတ်ဆေးကို တစ်နေ့ နှစ်ကြိမ် သုံးပါ။

(၅) သန့်ရှင်းခြောက်သွေ့သည့် အဝတ်အစားများ ဝတ်ဆင်ပါ
နေ့တိုင်း အဝတ်အစားလဲပါ။ အထူးသဖြင့် ချွေးထွက်များတဲ့အခါမှာ သန့်ရှင်းခြောက်သွေ့တဲ့ အဝတ်အစားကို လဲဝတ်ပေးပါ။ ဒီလို လုပ်တာကြောင့် ကိုယ်နံ့ နံတာကို သက်သာစေပါတယ်။ ခြေထောက်အနံ့ဆိုး ထွက်နေရင် ခြေအိတ်ကို ပြောင်းဝတ်ပါ။ရှူးဖိနပ်ထဲ ပေါင်ဒါမှုန့်ထည့်ပြီး ခြေအိတ်ကို တစ်ကြိမ်ဝတ် ပြီးတိုင်း လျှော်ပါ။ ဒါဆိုရင် ခြေသည်းဝဲစွဲတာနဲ့ တခြား အရေပြားရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၆) ဆော်ဒါမှုန့် သုံးပါ
ဆော်ဒါမှုန့်က ကိုယ်နံ့ပျောက်စေတဲ့ အရာပါ။ ချိုင်းအောက်မှာ ဆော်ဒါမှုန့်အနည်းငယ်ကို ရေနဲ့ ရောပြီး သုတ်လိမ်းတာကြောင့် ချွေးထွက်နည်းစေပါတယ်။

(၇) စားသမျှ စောင့်ကြည့်ပါ
သင်စားတဲ့ အစာက ချိုင်းချွေးနံ့အပေါ် ဆက်စပ်နေပါတယ်။ ငရုတ်သီးနဲ့ တခြား ပူစပ်တဲ့ အစာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတာတွေကလည်း ချွေးထွက်များစေသလို အနံ့ နံစေပါတယ်။ ကဖင်းဓာတ်ပါတဲ့ ဖျော်ရည်နဲ့ အရက်တွေကို မသောက်ပါနဲ့။ ဒီအရည်တွေက ချွေးပိုထွက်စေပါတယ်။

(၈) ချိုင်းမွှေးကို ပုံမှန် ရိတ်ပေးပါ
ချိုင်းမွှေးကို ပုံမှန်ရိတ်ပေးတာကြောင် ့ဘက်တီးရီးယားပိုးတွေ ခိုအောင်းမှု မဖြစ်စေတော့ပါဘူး။ ဒါ့အပြင် ချွေးထွက်နည်းပြီး အနံ့ဆိုးထွက်တာ ကင်းစင်စေပါတယ်။

(၉) အခြားသူနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ မျှ မသုံးပါနှင့်
မျက်နှာသုတ်ပဝါ၊ ရှူးဖိနပ်၊ ခြေအိတ်၊ အဝတ်အစား စတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို တခြား သူနဲ့အတူ မျှဝေမသုံးပါနဲ့။

Most Popular

Healthy Life Ad
To Top