Healthy Life Ad
News

အနံ့ပျောက်လူနာများကို မြေပြင်အခြေအနေအရ အိမ်ပြန်လွှတ်နေရကြောင်း Fever Clinic တာဝန်ခံဆရာဝန်တစ်ဦးပြော

———၊ ဟန်တိုးစံ ၊———

ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အနံ့ပျောက်လို့လာပြတဲ့ လူနာတွေကို အိမ်ကိုပြန်မလွှတ်ဖို့ ဖျားနာကုအခမဲ့ဆေးခန်းတွေကို ညွှန်ကြားထားပေမယ့် လူနာတွေကို ထားစရာနေရာမရှိတာကြောင့် အိမ်ပဲပြန်လွှတ်ပြီး မိမိအိမ်မှာ သီးသန့်နေထိုင်ဖို့ကိုသာ ညွှန်ကြားနေရတယ်လို့ Community Fever Clinic -Yangon Network ရဲ့ တာဝန်ခံဆရာဝန် ဒေါက်တာကျော်မင်းထွန်းက စက်တင်ဘာ ၂၅ ရက်နေ့မှာ ပြောပါတယ်။

“အစိုးရကတော့ ကျွန်တော်တို့ကို ညွှန်ကြားတာပဲ။ ဒါပေမဲ့ မြေပြင်အခြေအနေမှာက ဒီလူနာတွေကို ဘယ်မှာသွားထားမလဲ။ ဆေးရုံတွေကလည်း ပြည့်နေတော့ လက်မခံဘူး။ အဲဒီတော့ အိမ်ပဲပြန်လွှတ်ရတယ်။ အိမ်မှာသီးသန့်နေပေါ့။ အဲဒီလိုပဲညွှန်ကြားနေရတယ်” လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

အနံ့ပျောက်လူနာ ၁၀ ဦးမှာ ၉ ဦးလောက်က အတည်ပြုလူနာဖြစ်နေပြီး အိမ်ပြန်လွှတ်တာက အန္တရာယ်များတာကြောင့် အိမ်ပြန်မလွှတ်ဖို့ ဖျားနာကုအခမဲ့ဆေးခန်းတွေကို ညွှန်ကြားထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက အခုလိုပြောပါတယ်။

“အနံ့ပျောက်လို့လာပြတဲ့ ၁၀ ယောက်မှာ ၉ ယောက်က စစ်ကြည့်ရင် Positive တွေ့တယ်။ အဲဒီတော့ သူတို့ကို အိမ်ပြန်လွှတ်ရင် ပထမ သူတို့မိသားစုအတွက် မကောင်းဘူး။ ပြီးရင် ပတ်ဝန်ကျင်အတွက် မကောင်းဘူးလေ။ သူကနေ လူအများကြီးကို ကူးစက်နိုင်တယ်။ အဲ့တာကြောင့် ကျွန်တော်တို့က ဖျားနာကုအခမဲ့ဆေးခန်းတွေကို အနံ့ပျောက်လူနာတွေ အိမ်ပြန်မလွှတ်ဖို့ မှာထားပါတယ်”လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

ဖျားနာကုအခမဲ့ဆေးခန်းတွေမှာ အနံ့ပျောက်လို့ လာပြတဲ့လူနာဦးရေက တစ်နေ့ကို အနည်းဆုံး ၄၀ လောက်ရှိနေတယ်လို့ Community Fever Clinic -Yangon Network ရဲ့ တာဝန်ခံဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။ ဖျားနာကုဆေးခန်းက အိမ်ပြန်လွှတ်လိုက်လို့ ကိုယ့်အဆက်အသွယ်နဲ့ကိုယ် ဆေးရုံသွားတက်တဲ့လူနာတွေလည်း ရှိတယ်လို့ ဒေါက်တာကျော်မင်းထွန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရန်ကုန်၊ စက်တင်ဘာ ၂၅

Most Popular

Healthy Life Ad
To Top