Healthy Life Ad
Health Tips

ဒေါက်မြင့်ဖိနပ်စီးခြင်းကြောင့် ဖြစ်သည့် ခြေထောက်နာကျင်မှု

———၊ စူး(ဆေးဝါးတက္ကသိုလ်) ၊———

ဒေါက်မြင့်ဖိနပ်စီးတာက အံဝင်ခွင်ကျ မဖြစ်ရင် ဒါမှမဟုတ် အချိန်ကြာကြာစီးမိရင် ခြေဖနောင့်နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခြေဖနောင့်နာကျင်တဲ့ဝေဒနာ သက်သာစေဖို့ အိမ်တွင်းသဘာဝကုထုံးတွေကို လိုက်နာသင့်ပါတယ်။

သဘာဝဆေး(၁) ရေနွေး

ရေဇလုံကြီးတစ်ခုထဲမှာ ရေနွေးထည့်ပြီး ခြေထောက်တွေကို မိနစ် ၂၀ ကြာ စိမ်ပေးပါ။ ရနံ့သင်းချင်ရင် ပူစီနံဆီ အစက်အနည်းငယ်ထည့်ပြီး စိမ်ပေးပါ၊ ခြေထောက်အနံ့ဆိုးကို ကင်းစင်စေပါတယ်။

သဘာဝဆေး(၂) ဆော်ဒါမှုန့် သို့မဟုတ် ဆားခါး

ရေနွေးဇလုံကြီးထဲကို ဆော်ဒါမှုန့် အကြမ်းပန်းကန်လုံးတစ်ခွက် ဒါမှမဟုတ် ဆားခါးတစ်ခွက် ထည့်မွှေလိုက်ပါ။ ပြီးရင် ခြေထောက်စိမ်လိုက်တဲ့အခါ ခြေသလုံးကြွက်သား ညောင်းညာကိုက်ခဲမှုကို သက်သာသွားစေသလို အနံ့ဆိုးကိုလည်း ကင်းစင်စေပါတယ်။

သဘာဝဆေး(၃) ရေအေး

ခြေထောက်က ဖောရောင်နေရင် ရေနွေးမသုံးပါနဲ့။ ရေနွေးက သွေးကြောကျယ်စေပြီး သွေးစီးဆင်းမှု ပိုကောင်းတာကြောင့် ဖောရောင်မှုမကျစေပါဘူး။ တစ်နေကုန် ဖိနပ်အမြင့်စီးပြီးချိန်မှာ ရေအေးထဲ ရောင်ရမ်းနေတဲ့ ခြေထောက်ကို စိမ်လိုက်ပါ။ ဖောရောင်မှုလျော့ကျပြီး နာကျင်မှုဝေဒနာက ချက်ချင်းသက်သာသွားနိုင်ပါတယ်။

သဘာဝဆေး(၄) ရေခဲဝတ်

ခြေထောက်နာကျင်ရောင်ရမ်းနေရင် ရေခဲဝတ်ကို မိနစ်အနည်းငယ် ကပ်ပေးတာကြောင့် နာကျင်မှုက ချက်ချင်းသက်သာစေပါတယ်။ ရေခဲဝတ်ကပ်ပြီးချိန်မှာ နှလုံးနေရာအထက်ကို ခြေထောက်မြှင့်ထားလိုက်ပါ။ အဲဒီလိုလုပ်တာက ခြေထောက်ရောင်ရမ်းမှုကို ပိုမဆိုးအောင် လုပ်နိုင်စေပါတယ်။

သဘာဝဆေး(၅) ခြေထောက်မြှင့်ထားခြင်း

ခြေထောက်ကို နှလုံးနေရာအထက် မြှင့်ထားတာက ခြေထောက်နာကျင်မှုနဲ့ ရောင်ရမ်းမှုကို သက်သာလျော့ပါးစေပါတယ်။ ဒီအချိန်မှာ အိပ်ရာထဲမှာလှဲနေပြီး စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာ စတာတွေလုပ်ကာ စိတ်ဖိစီးမှုကိုပါ လျှော့ချထားလိုက်ပါ။

သဘာဝဆေး(၆) အုန်းဆီ

ခြေထောက်နာကျင်မှုအတွက် ထိရောက်တဲ့ အိမ်တွင်းကုထုံးက အုန်းဆီပါ။ အုန်းဆီ ထမင်းစားဇွန်း နှစ်ဇွန်းလောက်ကို ခြေသလုံးမှာလိမ်းပြီး နှိပ်နယ်ပေးပါ။ တစ်ယောက်ယောက်က အဲဒီလို လာလုပ်ပေးရင်တော့ ပိုကောင်းတာပေါ့။ အုန်းဆီနဲ့ နှိပ်နယ်ပြီးချိန်မှာ ခြေအိတ်ဝတ်ပြီး အိပ်ရာထဲမှာ လှဲနေရင် နာကျင်မှုနဲ့ ရောင်ရမ်းမှုအပြင် ခြေထောက်ခြောက်သွေ့ အက်ကွဲတာကိုပါ သက်သာစေပါတယ်။

Most Popular

Healthy Life Ad
To Top