Healthy Life Ad
Health Tips

ဦးနှောက်အတွင်းသား နှိုးဆွလှုံ့ဆော်ကုထုံး

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ၊—–

သတင်းစာထဲမှာ စိတ်ဝင်စားစရာသတင်းကို ဖတ်ရရင် စာရေးသူရဲ ့မိတ်ဆွေကိုတာက စာရေးသူနဲ့ တွေ့ဆုံမေးမြန်းလေ့ရှိပါတယ်။

“လွန်ခဲ့တဲ့ တစ်လလောက်က တရုတ်ပြည်မှာ ကုသမှုအသစ် စမ်းသပ်တီထွင်တယ်ဆိုတာ ခင်ဗျား ဖတ်လိုက်ရသလား”

“ဘာသတင်းလဲဗျ”

“စိတ်ကြွမူးယစ်ဆေးစွဲနေတဲ့ လူနာတစ်ယောက်ကို ဦးနှောက်ထဲမှာ လျှပ်စစ်ဓာတ်လှုံ့ဆော်ပေးတဲ့ ကုထုံးနဲ့ အောင်မြင်စွာကုသနိုင်တယ်ဆိုတဲ့ သတင်းပါ”

“အဲဒီကုသမှုက တရုတ်ပြည်မှာ စတင်တီထွင်တဲ့ ကုထုံးမဟုတ်ပါဘူး။ တရုတ်ပြည်မှာ စတင်စမ်းသပ်ကုသနိုင်တာကို ပြောတာပါ”

“အဲဒါ ဘယ်လိုကုထုံးလဲ ကိုအုန်းကျော်”

“ဦးနှောက်အတွင်းသား နှိုးဆွလှုံ့ဆော်ကုထုံး (Deep Brain Stimulation) (DBS)လို့ ခေါ်ပါတယ်”

“နည်းနည်းရှင်းပြဗျာ”

DBS ကုထုံးက ဦးနှောက်အတွင်းသား တစ်နေရာကိုကွက်ပြီး လျှပ်စစ်ဓာတ်နဲ့ နှိုးဆွပေးတဲ့ ကုထုံးဖြစ်ပါတယ်။ အဲဒီလို ပြုလုပ်နိုင်ဖို့ ဦးနှောက်ထဲကို လျှပ်စစ်ခဲသီးကလေး (Electrode) ထည့်သွင်းပေးရတယ်။ လျှပ်စစ်ခဲသီးကလေးရဲ့ အရွယ်ပမာဏက ၁ ဒသမ ၃ မီလီမီတာလာက်ပဲရှိတယ်”

“ဦးနှောက်အတွင်းသားထဲကို ဘယ်လိုထိုးသွင်းတာလဲ”

“လျှပ်စစ်ခဲသီးကလေး လိုအပ်တဲ့နေရာမှာ ချထားပေးနိုင်ဖို့ လေးဘက်လေးတန်ကနေပြီး ဦးနှောက်ပုံရိပ်ပြဓာတ်မှန်(Imaging)နည်းနဲ့ လမ်းညွှန်ပေးတယ်။ နောက်ပြီး ရင်ဘတ်အရေပြားအောက်မှာ ဘတ္ထရီစက်အသေးလေးတစ်ခုကို ထည့်ပေးရတယ်။ အဲဒီဘတ္ထရီစက်လေးနဲ့ လျှပ်စစ်ခဲသီးလေးတစ်ခုကို ထည့်ပေးရတယ်။ အဲဒီဘတ္ထရီစက်လေးကို ညှိပေးရင် လိုအပ်တဲ့လျှပ်စစ်ဓာတ် စွမ်းအင်ပုံသဏ္ဍာန်နဲ့ ပမာဏကို ထုတ်လုပ်ပေးနိုင်တယ်။ ဘတ္ထရီစက်လေးက လျှပ်စစ်ဓာတ်အားလွှတ်လိုက်ရင် ဦးနှောက်အတွင်းသားထဲမှာရှိတဲ့ လျှပ်စစ်ခဲသီးလေးကတဆင့် အဲဒီဦးနှောက်ပိုင်းကို ကွက်ပြီး လှုံ့ဆော်နှိုးဆွပေးနိုင်ပါတယ်။

“အဲဒီဘတ္ထရီလေးက နှလုံးရောဂါကုသဖို့ အသုံးပြုတဲ့ နှလုံးခုန်နှုန်းထိန်းစက် Pacemaker လိုလား”

“မှန်ပါတယ်။ အဲဒီရင်ဘတ်အရေပြားအောက်ပါတပ်ပေးထားတဲ့ ဘတ္ထရီလေးကို “လျှပ်စစ်လှိုင်းလွှင့်စက်” (Pulse Generator) ဒါမှမဟုတ် “ဦးနှောက်လှုံ့ဆော်မှုထိန်းစက်”(Brain Pacemaker) လို့ ခေါ်ပါတယ်။ ကုသချင်တဲ့ ရောဂါပေါ်မှာ မူတည်ပြီး ဦးနှောက်အတွင်းသားနေရာအမျိုးမျိုးမှာ လျှပ်စစ်ခဲသီးလေးကို ချထားပေးပါတယ်။ ဦးနှောက်နှစ်ဖက်စလုံးမှာ ပြိုင်တူချထားပေးတယ်”

ကိုတာက စူးစမ်းမေးမြန်းတယ်။

“အောင်မြင်မှုရရှိတဲ့ ရောဂါတစ်ခုကတော့ ‘အစွဲအလမ်းကြီး ထပ်တလဲလဲပြုမူရောဂါ (Obscessive compulsive Disorder) ဖြစ်ပါတယ်။ OCD ရောဂါမှာ တစ်ခုခုအန္တရာယ်ဖြစ်မှာကို ကြိုတင်စိုးရိမ်စိတ် မကြာခဏ ပေါ်ပေါက်လာတယ်။ ဥပမာ- ‘ငါ့လက်တွေက ညစ်ပတ်နေပြီ၊ ရောဂါပိုးတွေ ကပ်နေပြီ’ဆိုတဲ့ မယုံတဝက် ယုံတဝက်အတွေးမျိုး” . . .

DBS ကုထုံးကို ဘယ်လိုရောဂါတွေမှာ အသုံးပြုသလဲ”

DBS ကုထုံးနဲ့ ကုသရင် အောင်မြင်မှုရရှိတဲ့ ဦးနှောက်ရောဂါကတော့ ပါကင်ဆန်အကြောဆွဲရောဂါ (Parkinson’s Disease) ဖြစ်ပါတယ်။ ဒီရောဂါကို ကုသဖို့အတွက် လျှပ်စစ်ခဲ့သီးလေးကို (Substatia Nigra)လို့ခေါ်တဲ့ ဦးနှောက်ပိုင်းထဲမှာ မြှုပ်ထားပေးပါတယ်။ အဲဒီဦးနှောက်ပိုင်းက ခြေလက်ကြွက်သားလှုပ်ရှားမှု အချိန်အဆကို ထိန်းချုပ်ပေးတဲ့ အင်္ဂါပိုင်းဖြစ်တယ်။ DBS ကုထုံးနဲ့ ကုသရင် ပါကင်ဆန်ရောဂါလက္ခဏာတွေဖြစ်တဲ့ ခြေလက်ကြွက်သားတုန်ယင်ခြင်း၊ တင်းကျပ်ခြင်း၊ လမ်းလျှောက်ရင် နှေးကွေးလေးလံခြင်း၊ ရှပ်တိုက်လျှောက်ခြင်း စတဲ့ လက္ခဏာတွေကို ချက်ချင်းသက်သာစေတာ တွေ့ရှိရပါတယ်”
DBS ကုထုံးကို စိတ်ရောဂါတွေမှာ အသုံးပြုနိုင်သလား”

“စမ်းသက်ကုသသုတေသနပြုထားတာ ရှိပါတယ်”

“အောင်မြင်မှုရရှိတဲ့ ရောဂါတစ်ခုကတော့ “အစွဲအလမ်းကြီး ထပ်တလဲလဲပြုမူရောဂါ (Obscessive compulsive Disorder) ဖြစ်ပါတယ်။ OCD ရောဂါမှာ တစ်ခုခုအန္တရာယ်ဖြစ်မှာကို ကြိုတင်စိုးရိမ်စိတ် မကြာခဏ ပေါ်ပေါက်လာတယ်။ ဥပမာ- “ငါ့လက်တွေက ညစ်ပတ်နေပြီ၊ ရောဂါပိုးတွေကပ်နေပြီ”ဆိုတဲ့ မယုံတဝက် ယုံတဝက်အတွေးမျိုး။ အဲဒီအတွေးနဲ့ ကြောက်စိတ်တွေ ပြေပျောက်သွားအောင် တစ်ခုခုကို ပြုလုပ်လိုက်ရတယ်။ ဥပမာ-အချိန်ကြာကြာ သေသေချာချာ လက်ဆေးတာမျိုးပါ။ ဒီတော့ညစ်ပတ်နေတယ်လို့ထင်ပြီး ကြောက်စိတ်ပေါ်လိုက်၊ လက်ဆေးလိုက်နဲ့ တစ်နေ့လုံး အချိန်နေတဲ့အကျင့်ဖြစ်လာပါတယ်။ OCD ရောဂါက လူထုအတွင်းမှာ လူတစ်ရာ ၂ ယောက်နှုန်းလောက် ဖြစ်ပွားတတ်တယ်။ ဆိုးရွားပြင်းထန်ပြီး ကုသဖို့ခက်ခဲတဲ့ OCD ရောဂါတွေမှာ DBS ကုထုံးကို စမ်းသပ်သုံးစွဲပါတယ်”

“OCD ရောဂါကုသဖို့ လျှပ်စစ်ခဲသီးလေးကို ဦးနှောက်ဘယ်နေရာမှာ ချထားပေးသလဲ”

“စိတ်ခံစားမှု၊ အတွေးနဲ့ အပြုအမူကို ဆက်သွယ်ညှိနှိုင်း ထိန်းချုပ်ပေးခြင်းနဲ့ သက်ဆိုင်တဲ့ ဦးနှောက်ပိုင်းတွေမှာပါ။ အတိုကောက်(ALIC)(VC/VS)လို့ခေါ်တဲ့ ဦးနှောက်ပိုင်းတွေ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အထိ DBS ကုထုံးနဲ့ စမ်းသပ်ကုသပေးခဲ့တဲ့ လူနာပေါင်း ၁၅၃ ဦးရှိပါတယ်။ လူနာ ၅၀ ရာခိုင်နှုန်းကျော်မှာ ရောဂါလက္ခဏာတွေ သိသိသာသာ သက်သာလာတာကို တွေ့ရှိရတယ်”

“တခြားစိတ်ရောဂါတွေမှာ စမ်းသပ်ကုသတာ ရှိသေးလား”

“ရှိပါတယ်။ စိတ်ကျရောဂါ၊ အစားရှောင်ပိန်ချုံးစိတ်ရောဂါ (Anorexia Nervosa)၊ အရက်စွဲ၊ ဘိန်းဖြူစွဲရောဂါနဲ့ တရုတ်ပြည်မှာလို စိတ်ကြွမူးယစ်ဆေးစွဲ ရောဂါတွေမှာပါ။ ဒါပေမဲ့ အဲဒီရောဂါတွေမှာ DBS ကုထုံးနဲ့ ကုသရင် ထိရောက်မှုရှိတယ်လို့ အခိုင်အမာပြောဆိုလို့ မရသေးပါဘူး”

“အဲဒီရောဂါတွေကို ကုသဖို့ လျှပ်စစ်ခဲသီးလေးကို ဦးနှောက်ဘယ်အပိုင်းမှာ ထည့်သွင်းပေးထားလဲ”

“အရက်စွဲ၊ ဆေးစွဲရောဂါတွေအတွက် အောင်မြင်မှုရရှိဖို့ “ဆုရရင်”စိတ်သာယာကြည်နူးမှုကို ဖြစ်ပေါ်စေတဲ့ ဦးနှောက်ပိုင်းမှာ လျှပ်စစ်ခဲသီးလေးကို ချထားပေးပါတယ်။ Reward Center လို့ခေါ်တဲ့ Nucleus Accumben’s ဦးနှောက်ပိုင်းပါ။ တချို့ သုတေသနဌာနတွေမှာတော့ ငယ်မူပြန်မှတ်ဉာဏ် ချို့ယွင်းအယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease) မှာ DBS ကုထုံးကို အသုံးပြုလေ့လာပါတယ်။ မှတ်ဉာဏ်ပြန်လည် ကောင်းမွန်တိုးတက်မှုရှိ၊ မရှိ စမ်းသပ်တာပါ။ အဲဒီရောဂါအတွက် မှတ်ဉာဏ်သိုလှောင်၊ ဖြန့်ဖြူး၊ ထုတ်ယူခြင်းနဲ့ သက်ဆိုင်တဲ့ ဦးနှောက်ပိုင်းမှာ လျှပ်စစ်ခဲသီးလေးကို မြှုပ်ထားပေးပါတယ်။ အဲဒီဦးနှောက်ပိုင်းတွေက Hippocampuse နဲ့ Fornix စတာတွေပါ။ DBS ကုထုံးကို လေ့လာကြည့်ရင် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုရှိတယ်ဗျ”

“ဘာများလဲ”

“ရုပ်ကြောင့် စိတ်အခြေအနေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ အချက်ပဲ။ ဦးနှောက်ထဲမှာ ရုပ်ပိုင်းအခြေအနေ ပြောင်းလဲမှုရှိရင် . .ဆိုပါတော့ဗျာ။ DBS ကုထုံးကြောင့် လျှပ်စစ်ဓာတ်လှုံ့ဆော်မှုရရှိရင် သက်ဆိုင်ရာ ဦးနှောက်ပိုင်းနဲ့ပတ်သက်တဲ့ စိတ်အခြေအနေ ပြောင်းလဲသွားနိုင်ခြင်းရှိတယ် မဟုတ်လား။ အဲဒါ “ရုပ်” ကြောင့် “စိတ်”ဆိုတာ ဖြစ်ပေါ်လာတာပေါ့”

ဧည့်ခန်းဘေးမှာရှိတဲ့ ဘုရားခန်းထဲက ထွက်လာတဲ့ ကိုတာရဲ့ဇနီးဒေါ်မှုန်က ကြားဖြတ်ပြီး မှတ်ချက်ချပါတယ်။

“ကျွန်မကြားလိုက်တယ်နော်။ ဒီခေတ် ဒီကာလမှာ ကွန်မြူနစ်စနစ်တို့၊ ရုပ်ဝါဒီဆိုတာတို့က ခေတ်မစားတော့ဘူး။ အဲဒါ သတိထားကြ”

“ဒေါ်မှုန်ကလဲဗျာ၊ ကျွန်တော်တို့က ဦးနှောက်လုပ်ငန်းနဲ့ စိတ်ဖြစ်စဉ်အကြောင်း ဆွေးနွေးနေတာပါ။ ဝိဉာဉ်လောကနဲ့ တမလွန်ဘဝကိစ္စတွေ မဟုတ်ပါဘူး”

“အိုကေ . .ကျွန်မ လက်ဖက်ရည်ဖျော်ခဲ့မယ်”

ဒေါ်မှုန်ထွက်သွားတော့ ပြုံးစိစိမျက်နှာနဲ့ ကိုတာက မေးမြန်းပါတယ်။

“ခင်ဗျားလူနာတွေထဲမှာ DBS ကုထုံးနဲ့ ကုသပေးခဲ့ဖူးတဲ့ လူနာရှိဖူးလား”

“မရှိခဲ့ပါဘူး။ သြစတြေးလျနိုင်ငံမှာ DBS ကုထုံးကို ပါကင်ဆင်အကြောဆွဲရောဂါကုသဖို့ တရားဝင်ခွင့်ပြုထားပါတယ်။ ဦးနှောက်နဲ့ အာရုံကြောအထူးကု ဆေးရုံကြီးတွေမှာ ကုသပေးခွင့်ရှိတယ်။ စိတ်ရောဂါတွေအတွက်တော DBS ကုထုံးကို သုတေသနအစီအစဉ်အတွင်းမှာသာ သုံးစွဲခွင့်ရှိပါတယ်။ ဥပမာ-ဘုရင်မပြည်နယ် တက္ကသိုလ်-ဦးနှောက်သုတေသနဌာနမှာ စိတ်ကျရောဂါ၊ အရက်စွဲရောဂါနဲ့ ဘိန်းဖြူစွဲရောဂါတွေအတွက် DBS ကုထုံးကို စမ်းသပ်သုတေသနပြုနေတာ ရှိပါတယ်။ လူ့စိတ်ကို လျှပ်စစ်ဓာတ်နဲ့ ထိန်းချုပ်ဖို့ ပြုပြင်ပြောင်းလဲပေးတဲ့ ကုထုံးဆိုတော့ ဆေးပညာ ကိုယ်ကျင့်တရားကိစ္စ (Ethical Issues) နဲ့ ပတ်သက်နေလို့ သတိထားကြရတယ်။ နောက်ပြီး DBS ကုထုံးရဲ့ ဘေးထွက်ဆိုးကျိုးတွေကလည်း ရှိသေးတယ်”

“ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်သလဲ”

“ဦးနှောက်ထဲကို လျှပ်စစ်ခဲသီးလေး ထည့်ပေးတဲ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်။ ဥပမာ-ဦးနှောက်ထဲမှာ သွေးယိုစီးခြင်း (၁ မှ ၂ ရာခိုင်နှုန်း)၊ အတက်ရောဂါဖြစ်ပွားလာခြင်း (၁ ရာခိုင်နှုန်း)၊ ဦးနှောက်ရောင်ရောဂါရရှိခြင်း (၂ မှ ၃ ရာခိုင်နှုန်း) စသဖြင့်ပေါ့။ ဦးနှောက်ကို လျှပ်စစ်ဓာတ်နဲ့ လှုံ့ဆော်နှိုးဆွပေးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိသေးတယ်။ ဥပမာ-ခြေလက်ထုံကျဉ်ခြင်း၊ ကြွက်သားတင်းကျပ်ခြင်း၊ ခန္ဓာကိုယ်လှုပ်ရှားမှု ဟန်ချက်မညီဖြစ်ခြင်း၊ မျက်လုံးထဲမှာ ပစ္စည်းနှစ်ခုထပ်မြင်နေခြင်း စတာတွေ ဖြစ်တယ်။ စိတ်မညစ်တတ်သူက စိတ်ကျရောဂါရရှိခြင်း၊ သဘောကောင်းသူက အမျက်ဒေါသ ကြီးမားခက်ထန်လာခြင်းတို့လည်း ဖြစ်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top