Healthy Life Ad
Health Tips

သင့်မှာ ဗီတာမင်ချို့တဲ့တဲ့ လက္ခဏာခံစားနေရပြီလား

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

သင့်ခန္ဓာကိုယ်က သင့်အနေနဲ့ ဗီတာမင်ဓာတ်တွေချို့တဲ့နေတာက သင့်တော်မှန်ကန်တဲ့ အစားအသောက်တွေကို အလုံအလောက်မစားတာနဲ့ အစာခြေလမ်းကြောင်း ဝေဒနာကြောင့် အစားအသောက်တွေကို ကောင်းကောင်း မစုပ်ယူနိုင်တာတို့ကြောင့် ဖြစ်တတ်ပါတယ်။ ရောဂါဝေဒနာတစ်ခုခု ခံစားရရင်လည်း ကိုယ်တွင်းလုပ်ငန်းဆောင်တာ ပျက်ယွင်းပြီး ဗီတာမင်ချို့တဲ့တတ်ပါတယ်။ သင့်အနေနဲ့ ဗီတာမင်ချို့တဲ့နေရင် အောက်ပါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။

သဲလွန်စ (၁) ကျီးကန်းပါးစပ်ဖြစ်ခြင်း

နှုတ်ခမ်းထောင့်နေရာတွေမှာ အက်ကွဲရာဖြစ်နေတာကို ကျီးကန်းပါးစပ်လို့ ခေါ်ပါတယ်။

ချို့တဲ့သော ဓာတ်များ – သံဓာတ်၊ ဇင့်(သွပ်) ဓာတ်နှင့် နိုင်ယာစင် (B3) ၊ ရိုင်ဘိုဖလေဗင် (B2) နဲ့ (B12)။ သက်သတ်လွတ်စားသူဖြစ်ရင် ပရိုတင်းဓာတ်အပြင် သံဓာတ်၊ ဇင့်ဓာတ်နဲ့ ဗီတာမင် B12 ချို့တဲ့မှု အဖြစ်များတတ်ပါတယ်။

အားဖြည့်ပါ – ဆယ်လ်မွန်ငါး၊ တူနာငါး၊ ဥအမျိုးမျိုး၊ ကမာကောင်၊ ဂဏန်း၊ ခရမ်းချဉ်သီး၊ မြေပဲနဲ့ ပဲနီလေးလို ပဲအမျိုးမျိုးကို များများစားပေးပါ။ ဗီတာမင်စီက သံဓာတ်စုပ်ယူမှုကို အားကောင်းစေတဲ့အတွက် ဒီအစာတွေကို ပန်းဂေါ်ဖီစိမ်း၊ အနီရောင်ငရုတ်သီး၊ ကိုက်လန်နဲ့ပန်းဂေါ်ဖီတို့လို ဟင်းသီးဟင်းရွက်တွေနဲ့ ပေါင်းစပ်စားပေးပါ။

သဲလွန်စ (၂) ပါးပြင်၊ လက်မောင်း၊ ပေါင်နှင့် တင်ပါးတို့တွင် ဝက်ခြံဖုများ ပေါက်ခြင်း

ချို့တဲ့သော ဓာတ်များ – မရှိမဖြစ် ဖက်တီးအက်စစ်နှင့် ဗီတာမင်အေ၊ ဒီ။

အားဖြည့်ပါ – ပြည့်ဝဆီနဲ့ ထရန့်စ်ဖက်စ်တွေကိုရှောင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို တိုးမြှင့်စားသုံးပါ။ ကောင်းတဲ့အဆီတွေက ဆယ်လ်မွန်ငါးနဲ့ ဆာဒင်းငါးလို အဆီများတဲ့ ငါး၊ သစ်ကြားသီးလို အခွံမာတဲ့ အစေ့အဆန်တွေထဲမှာ ပါဝင်ပါတယ်။ ဗီတာမင်အေရရှိစေဖို့ မုန်လာဥနီ၊ ကစွန်းဥနဲ့ အနီရောင်ငရုတ်ပွသီးတို့လို ရောင်စုံဟင်းသီးဟင်းရွက်တွေကို စားပေးသင့်ပါတယ်။ ဗီတာမင်ဒီကို တစ်နေ့ ၂၀ဝ၀ အိုင်ယူလောက် မှီဝဲသင့်ပါတယ်။

သဲလွန်စ (၃) မျက်နှာနီမြန်းရောင်ရမ်းခြင်းနှင့် ဆံပင်ကျွတ်နှုန်းများခြင်း

ချို့တဲ့သော ဓာတ်များ – ဘိုင်အိုတင် (B7)၊ ခန္ဓာကိုယ်က ဆီပျော်ဗီတာမင်တွေဖြစ်တဲ့ အေ၊ ဒီ၊ အီး၊ ကေကိုပဲ သိုလှောင်ထားနိုင်ပြီး ရေမှာပျော်တဲ့ ဗီတာမင်ဘီအုပ်စုကို သိုလှောင်မထားနိုင်ပါဘူး။

အားဖြည့်ပါ – ကျက်ပြီးသား ကြက်ဥ၊ ဘဲဥ၊ ဆယ်လ်မွန်ငါး၊ ထောပတ်သီး၊ မှို၊ ပန်းဂေါ်ဖီပွင့်၊ ပဲပုပ်စေ့၊ အခွံမာတဲ့အစေ့အဆန်နဲ့ ငှက်ပျောသီးတို့ကို စားသင့်ပါတယ်။

သဲလွန်စ (၄) လက်၊ ခြေ ထုံခြင်း၊ ကျဉ်ခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း

ချို့တဲ့သော ဓာတ်များ – ဖောလိတ် (ဗီတာမင် B9)၊ B6 နဲ့ B12 လို ဗီတာမင်ဘီအုပ်စု။ ဒါက ခန္ဓာကိုယ်အစွန်အဖျား နာ့ဗ်ကြောတွေမှာ ဖြစ်တဲ့ပြဿနာဖြစ်ပြီး အရေပြားဝေဒနာတွေ ခံစားရတတ်ပါတယ်။ ပူပင်သောကများတာ၊ စိတ်ဓာတ်ကျတာ၊ သွေးအားနည်းတာ၊ နုံးချည့်တာနဲ့ ဟော်မုန်းမမျှတတာတွေကိုလည်း ခံစားရတတ်ပါတယ်။

အားဖြည့်ပါ – ဟင်းနုနယ်ရွက်၊ ကညွတ်၊ မုန်လာဥနီ၊ ပဲမည်း၊ ပဲနီစေ့၊ ဥအမျိုးမျိုး၊ ပြည်ကြီးငါး၊ ကမာ၊ ကဏန်းနှင့် ကြက်၊ ဝက်၊ ဘဲတို့ကို စားပေးပါ။

သဲလွန်စ (၅) ခြေချောင်း၊ ခြေသလုံးနှင့် ခြေထောက်တွင် နာကျင်တောင့်တင်းမှုခံစားရခြင်း

ချို့တဲ့သောဓာတ်များ – မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နှင့် ပိုတက်စီယမ်၊ မကြာခဏ ခြေထောက်တွေတောင့်တင်းနာကျင်နေရင် ဒီဓာတ်တွေ ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ လေ့ကျင့်ခန်းကို အပြင်းအထန်ပြုလုပ်တဲ့အခါ ရေမှာ ပျော်ဝင်တဲ့ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေဟာ ချွေးထွက်များတာကြောင့် ဆုံးရှုံးစေနိုင်ပါတယ်။

အားဖြည့်ပါ – ငှက်ပျောသီး၊ ချယ်ရီသီး၊ ပန်းသီး၊ ဂရိတ်ဖရုသီး၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ကညွတ်စတာတွေကို များများစားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top