Healthy Life Ad
Health Tips

အာခေါင်ယားယံခြင်း

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတစ်ရံမှာ အာခေါင်မိုး၊ အာခေါင်စတဲ့နေရာတွေ ယားယံတဲ့ဝေဒနာ ခံစားရတတ်ပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်ရပြီး ညဘက်အိပ်ရေးဝ၀ အိပ်မပျော်တာတောင် ဖြစ်တတ်တဲ့အတွက် သဘာဝကုထုံးတွေကို အကြံပြုလိုက်ပါတယ်။

သဘာဝဆေး (၁) ဆားရေနွေးသုံးပြီး ပလုတ်ကျင်းပါ

အာခေါင်ယားယံတဲ့အခါ ဆားရေနွေးနဲ့ ပလုတ်ကျင်းပေးပါ။ ဆားရေနွေးမှာ ပိုးသတ်အာနိသင်ရှိပြီး ယားယံမှုဝေဒနာကို သက်သာစေတဲ့ အစွမ်းရှိပါတယ်။ ရေနွေးတစ်ဖန်ခွက်ထဲ ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်မွှေပြီး အာလုတ်ကျင်းပေးရမှာပါ။

သဘာဝဆေး (၂) ရေအေးတစ်ဖန်ခွက်သောက်ပါ

ရေအေးတစ်ဖန်ခွက်သောက်တာက အာခေါင်ယားယံမှုဝေဒနာကို သက်သာစေပါတယ်။ ဒီနည်းက အာခေါင်ရှိယားယံစေတဲ့ ပိုးမွှားတွေကို ကင်းစင်စေပါတယ်။

သဘာဝဆေး (၃) ရေခဲမုန့်ကို အရသာခံပေးပါ

ရေအေးသောက်သလိုပဲ ရေခဲမုန့်ကိုအရသာခံပြီး တို့စားပေးရင် ထုံသွားတဲ့အတွက် အာခေါင်ယားယံတဲ့ ဝေဒနာကို သက်သာစေပါတယ်။ အခွံမာစေ့၊ သစ်သီးစတာတွေပါတဲ့ ရေခဲမုန့်ကိုရှောင်ပါ။

သဘာဝဆေး (၄) ပျားရည်ထည့်ပြီး နွားနို့သောက်ပါ

နွားနို့နဲ့ ပျားရည် နှစ်မျိုးစလုံးမှာ အနာကျက်အစွမ်းသတ္တိရှိတာကြောင့် အာခေါင်ယားယံတဲ့ဝေဒနာကို ယာယီသက်သာစေပါတယ်။ နွားနို့အေး တစ်ဖန်ခွက်ထဲ ပျားရည်စစ်စစ် ထမင်းစားဇွန်း တစ်ဇွန်းထည့်ဖျော်ကာ သောက်ပေးပါ။

သဘာဝဆေး (၅) ပျားရည်တစ်ဇွန်း သောက်ပါ

ဒါမှမဟုတ် ပျားရည်ထမင်းစားဇွန်း တစ်ဇွန်းသောက်ပေးရင်လည်း အာခေါင်ယားယံတာကိုသက်သာစေပါတယ်။ ပျားရည်ကို အာခေါင်မှာ မိနစ်အနည်းငယ်ကပ်ထားပြီးမှ ရေအေးတစ်ဖန်ခွက် သောက်ပေးရမှာ ဖြစ်ပါတယ်။

သဘာဝဆေး (၆) ယားယံစေသည့်အရာများ ရှောင်ပါ

တစ်ခါတစ်ရံ ဓာတ်မတည့်တုံ့ပြန်မှုကြောင့် အာခေါင်ယားယံတတ်ပါတယ်။ ပန်းဝတ်မှုန်၊ သစ်သီးအပိုင်းအစ စတာတွေနဲ့မတည့်တာ ဖြစ်တတ်တဲ့အတွက် ဆင်ခြင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top