Healthy Life Ad
Health Tips

ပေါင်ခြံနီမြန်းခြင်း သက်သာစေမယ့် အလွယ်ကုထုံးများ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

တချို ့လူတွေက ကိုယ့်ခန္ဓာကိုယ်မှာဖြစ်တဲ့ ပြဿနာတချို ့နဲ့ပတ်သက်ပြီး မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို ပြောပြဖို့ ရှက်ကြတယ်။ အဲဒီပြဿနာထဲမှာ ပေါင်ခြံနီမြန်းခြင်း၊ ယားယံခြင်းလည်း ပါဝင်ပါတယ်။ သင့်အနေနဲ့ ဒီပြဿနာကို ကျိတ်ခံစားနေရတယ်ဆိုရင် ဒီဆောင်းပါးက သင့်အတွက်ပဲ ဖြစ်ပါတယ်။

အရင်ဆုံး ပေါင်ခြံနီမြန်းတာက ဘာကြောင့် ဖြစ်ရသလဲဆိုတာ ရှင်းပြချင်ပါတယ်။

အလွန်အမင်းပူခြင်း

ရာသီဥတုက ပူနေတယ်ဆိုရင်တော့ ပေါင်ခြံနီမြန်းတာက ပူအိုက်မှုကြောင့် ဖြစ်နိုင်ပါတယ်။

ပွတ်တိုက်လွန်းခြင်း

တင်းကျပ်လွန်းတဲ့ ဘောင်းဘီ၊ ဂျင်းဘောင်းဘီတွေကို ဝတ်ထားလို့ ဒါမှမဟုတ် ကိုယ်အလေးချိန်များလို့ ပေါင်တွေပွတ်တိုက်ရာက နီမြန်းတာ ဖြစ်တတ်ပါတယ်။

ကူးစက်ပိုးဝင်ခြင်း

အတွင်းခံဘောင်းဘီ မသန့်ရှင်းတာ၊ တဘတ်တွေမသန့်တာ စတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းသူတွေမှာ ဖန်းဂတ်စ်မှိုပိုးပေါက်ပွားရာကလည်း ပေါင်ခြံအရေပြားနီမြန်းမှု ဖြစ်တတ်ပါတယ်။

ကိုယ်ခံအားစနစ် အားနည်းခြင်း

တခါတလေမှာ ကိုယ်ခံအားစနစ်အားနည်းတာက ပေါင်ခြံနီမြန်းမှု ဖြစ်တတ်ပါတယ်။

ပေါင်ခြံနီမြန်းမှုက ယားယံပြီး ပူစပ်ပူလောင် ခံစားချက်မျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ကုတ်ခြစ်ရင် ပွန်းပဲ့ပြီး ကူးစက်ပိုးဝင်တာကို ပိုဆိုးစေပါတယ်။

ပေါင်ခြံနီမြန်းခြင်း သက်သာစေမည့် အိမ်တွင်းကုထုံးများ

ရေအေးဝတ်

ပေါင်ခြံနီမြန်းနေရင် အမြန်ဆုံးလုပ်နိုင်တဲ့နည်းက ရေအေးဝတ်နဲ့ ကပ်ပေးတာပါ။ ဒါက ယားယံတာကို သက်သာစေပါတယ်။ ရေအေးထဲ ပဝါငယ်လေးစိမ်ပြီး ရေညှစ်လိုက်ပါ။ ပြီးရင် ပေါင်ခြံနေရာမှာ အုပ်ပေးပါ။

ဆော်ဒါမှုန့်

ပေါင်ခြံတွေ ခြောက်သွေ့နေဖို့နဲ့ ချွေးတွေနဲ့ စိုထိုင်းမနေဖို့ အရေးကြီးပါတယ်။ ရေချိုးပြီးချိန်မှာ ပေါင်နေရာမှာပါ ခြောက်အောင်သုတ်ပါ။ ပြီးရင် အဝတ်အစားမဝတ်ခင် ဆော်ဒါမှုန့်လေး နည်းနည်းလိမ်းပေးပါ။ ဒါဆိုရင် ယားယံတာမဖြစ်အောင် ကာကွယ်ပေးသလို စိုထိုင်းမှုမဖြစ်အောင် ဟန့်တားပေးပါတယ်။

ရှားစောင်းလက်ပပ်အနှစ်

ရှားစောင်းလက်ပပ်အနှစ်ကို ပေါင်ခြံနေရာမှာ လိမ်းပေးပါ။ ရေခဲသေတ္တာထဲက ရှားစောင်းလက်ပပ်ကိုထုတ်ပြီး ပေါင်နေရာတဝိုက်လိမ်းကာ အချိန် ၁၅-၂၀ မိနစ်လောက် လိမ်းပေးရမှာ ဖြစ်ပါတယ်။

လက်ဖက်ဆီ

လက်ဖက်ဆီတစ်ဝက်နဲ့ ရေလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောပြီး ပေါင်ခြံတဝိုက်မှာ သုတ်လိမ်းပေးပါ။ ပြီးရင် ပြန်ဆေးစရာ မလိုပါဘူး။

သတိပြုရန်

ဒီအိမ်တွင်းကုထုံးတွေ လုပ်ပြီးတာတောင်မှ ပေါင်ခြံတွေက နီမြန်းနေရင်၊ ယားယံနေရင်တော့ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပြီး ကုသမှုခံယူသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top