ဒေါက်တာမြတ်ထွဋ်ညွှန့် မှဖြေကြားသည်။
မေး.ကျွန်မအသက်က ၃၅နှစ်ပါ၊ အရင်က သွေးတွင်း အဆီများလို့ ဆေးသောက်ဖူးပါတယ်။ အခုတလော အသက်ရှူရကျပ်နေလို့ အဲဒါ နှလုံးရောဂါဖြစ်မှာ စိုးလို့ပါ။ မေမေက နှလုံးကြီးပြီးဆုံးသွားတော့ မေမေ့လိုဖြစ်မှာ ကြောက်ပါတယ်ဆရာ၊ နှလုံးမကြီးအောင် ဘယ်လို ကာကွယ်သင့်ပါသလဲ၊ အခုကျွန်မဖြစ်နေတာက ဘာတွေစစ်ဖို့ လိုပါသလဲ၊ ဘယ်လိုဆင်ခြင် သင့်ပါသလဲဆရာ။
အိအိစိုး၊ သာကေတ။
ဖြေ. နှလုံးကြီးတာကို ဆေးပညာအရ Cardiomegaly လို့ခေါ်ပါတယ်။ နှလုံးအရွယ်အစားကြီးရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ အများစုကတော့ သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောရောဂါ တွေကြောင့်လဲ ဖြစ်တာများပါတယ်၊။
မိသားစုဝင်မှာ အလားတူဖြစ်ဖူးရင် ပိုဂရုစိုက် သင့်ပါတယ်။ ကြိုတင်ကာကွယ်ဖို့အတွက်-
– ဆေးလိပ်မသောက်ပါနဲ့။
– သွေးမတိုးအောင်နေပါ။
– အဆီအအိမ့်၊ အငန်စတဲ့ အစားအသောက်တွေကို အတတ်နိုင်ဆုံး လျှော့စားပါ။
– ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပါ။
ရောဂါလက္ခဏာပြရင် နားလည်တတ်ကျွမ်းသူတွေနဲ့ ပြသပြီး ထိရောက်တဲ့ ကုသမှုရယူဖို့ လိုပါတယ်။