Healthy Life Ad
Health Tips

သင့်အသဲကို စောင့်ရှောက်ပါ

အသည်းဟာ ခန္ဓာကိုယ်ရဲ ့ ဇီဝကမ္မဖြစ်စဉ်တွေထဲမှာ အဓိကအရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်သလို အံ့ဖွယ်ဘနန်းစွမ်းရည်တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အသည်းက အဓိကအားဖြင့် သည်းခြေရည်ထုတ်ပြီး အစာချေဖျက်တဲ့စနစ်ကို အထောက်အကူပြုပါတယ်။ အသည်းရဲ ့ ဒုတိယအရေးကြီးဆုံး လုပ်ငန်းကတော့ အသားဓာတ်၊ အဆီဓာတ်၊ ကစီဓာတ်တွေရဲ ့ ဇီဝကမ္မဖြစ်စဉ်မှာ ပါဝင်တာပဲ ဖြစ်ပါတယ်။ အဆီဓာတ်ဖြစ်တဲ့ ကိုလက်စထရောနဲ့ လိုက်ပိုပရိုတင်းတွေကိုလည်း အသည်းထဲမှာ ချေဖျက်ပြီး လိုအပ်တဲ့စွမ်းအင်ရအောင် ပြုပြင်ပြောင်းလဲပေးပါတယ်။ ပိုလျှံနေတဲ့အဆီတွေကို အဆီတစ်သျှူးတွေဆီပို့ပြီး သိုလှောင်ထားပါတယ်။ အသည်းရဲ ့ တတိယအရေးကြီးဆုံး လုပ်ငန်းတာဝန်ကတော့ ခန္ဓာကိုယ်က မလိုလားအပ်တဲ့ အဆိပ်အတောက်၊ အညစ်အကြေး၊ ဓာတ်ပစ္စည်းတွေ၊ ဆေးဝါးတွေကို ချေဖျက်စွန့်ထုတ်ပေးတဲ့ လုပ်ငန်းဖြစ်ပါတယ်။

အသည်းရောင်တာ ဘာကြောင့်ဖြစ်ရတာပါလဲ

အသည်းရောင်တာကတော့ အသည်းထဲမှာရှိတဲ့ ဆဲလ်လေးတွေပျက်စီးပြီး မူလတာဝန်ဖြစ်တဲ့ ဘီလီရူဘင်ခေါ် အဝါရောင်ဓာတ်ပစ္စည်းကို မချေဖျက်နိုင်လို့ ဖြစ်ရတာပါ။ အသည်းရောင်တဲ့ ရောဂါအရင်းအမြစ်ကတော့ မြောက်များစွာရှိပါတယ်။ အသည်းရောင်တာကို ပြင်းထန်စွာရောင်ခြင်းနဲ့ နာတာရှည် တငွေ့ငွေ့ရောင်ခြင်းလို့ ခွဲခြားထားပါတယ်။ ရုတ်တရက် ပြင်းထန်စွာရောင်တဲ့ အသည်းရောဂါမှာ လူနာက မျက်လုံးတွေ/ အသားတွေဝါလာမယ်၊ ညာနံစောင်း အသည်းနေရာက အောင့်လာမယ်၊ အစားအသောက်ပျက်မယ်၊ ပျို ့အန်မယ်၊ ကိုယ်လက်မအီမသာဖြစ်မယ်၊ ရက်အနည်းငယ်ကြာတဲ့အထိ တငွေ့ငွေ့နဲ့ အဖျားဝင်မယ်။

တငွေ့ငွေ့ နာတာရှည်အသည်းရောင်ခြင်းမှာတော့ လူနာက ပြင်းပြင်းထန်ထန် မခံစားရဘူး။ အသားမဝါဘူး။ ဖွဲမီးလို တငွေ့ငွေ့လောင်ပြီး အသည်းပျက်စီးတာ ဖြစ်ပါတယ်။ တချို ့ဆိုရင် အသည်းခြောက်မှ အသည်းကင်ဆာဖြစ်မှ သိရတာမျိုး ရှိပါတယ်။ အဓိက အဖြစ်များတဲ့ အသည်းရောင်ခြင်းကတော့ အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုးတွေကြောင့်ပါ။ အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုး အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနဲ့ ဂျီအထိ တွေ့ရှိထားပေမယ့် နောက်ဆက်တွဲ အသည်းထိခိုက်စေတဲ့ ဘီနဲ့စီအကြောင်းကို အထူးပြောပြလိုပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးအကြောင်း

ဘီပိုးက ပိုးသယ်ဆောင်ထားသူရဲ ့ သွေး၊ ချွေး၊ တံတွေး၊ ဆီး၊ သုက်ရည်မှတစ်ဆင့် တခြားသူဆီကို ကူးစက်နိုင်ပါတယ်။ ပိုးရှိတဲ့မိခင်က ကိုယ်ဝန်ဆောင်စဉ်မှာ ကလေးဆီ ကူးနိုင်သလို မွေးဖွားရာမှာလည်း သွေးနဲ့ထိပြီး ကူးနိုင်ပါတယ်။ ဘီပိုးမှာ ထူးခြားတာက ကာကွယ်ဆေးရှိတာပဲ ဖြစ်ပါတယ်။

ဘီပိုးဟာ ခန္ဓာကိုယ်ထဲရောက်ပြီး လေးပတ်ကနေ ခြောက်ပတ်အတွင်း အသည်းရောင်စေနိုင်ပါတယ်။ တချို ့သူတွေမှာ ပြင်းထန်တဲ့ အသည်းရောင်လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ တချို ့သူတွေမှာ ပြင်းထန်တဲ့လက္ခဏာမပြဘဲ တဖြည်းဖြည်း တငွေ့ငွေ့ ဖြစ်ပွားတဲ့ နာတာရှည်အသည်းရောင်အဆင့် ရောက်သွားတတ်ပါတယ်။ ဒီလိုလူတွေမှာ နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ အသည်းခြောက်တာ၊ အသည်းကင်ဆာတို့လို ဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။

ဘီပိုးရှိ၊ မရှိ သွေးစစ်ပြီး သိနိုင်ပါတယ်။ ဘီပိုးရှိသူတိုင်းလည်း မပျောက်နိုင်တဲ့ ရောဂါမဟုတ်ပါဘူး။ ဘီပိုးသယ်ဆောင်ထားပြီး နှစ်ပေါင်းများစွာ ဘာရောဂါလက္ခဏာမှ မပြဘဲ နေကောင်းနေသူတွေရှိသလို ဘီပိုးစတွေ့ပြီး တစ်နှစ်၊ နှစ်နှစ်အတွင်း အပြင်းအထန် အသည်းရောင်ရောဂါရသူတွေ၊ အသည်းကင်ဆာဖြစ်သူတွေလည်း တွေ့ရပါတယ်။ တချို ့လည်း နှစ်ပေါင်းများစွာကြာမှ နာတာရှည် အသည်းရောင်တဲ့အဆင့်ကို ကူးပြောင်းသွားတာ ရှိပါတယ်။ ဘီပိုးရှိလာရင် အကောင်းဆုံးကတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးတွေနဲ့ ပြသသင့်ပါတယ်။ ဘီပိုးအတွက် ဗိုင်းရပ်စ်ပိုးသေစေနိုင်တဲ့ ဆေးဝါးတွေပေါ်နေပြီ ဖြစ်ပါတယ်။

အသည်းရောင်အသားဝါ စီပိုးအကြောင်း

စီပိုးက အများအားဖြင့် သွေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို ထိမိ၊ ကိုင်မိ၊ အသုံးပြုမိရာကတစ်ဆင့် ကူးစက်ခံရသူရဲ ့ ခန္ဓာကိုယ်ထဲ ရောက်ရှိနိုင်ပါတယ်။ အများစုက စီပိုးပါတဲ့ သွေးကိုသွင်းမိလို့ ရရှိတာပါ။ ဒါ့အပြင် မသန့်စင်တဲ့ ဆေးထိုးအပ်တွေကို ထိုးမိရာကတစ်ဆင့် ကူးစက်ခံရနိုင်သလို မိခင်မှာ စီပိုးရှိနေပြီး ဗိုင်းရပ်စ်ပိုးပမာဏကလည်း များတယ်ဆိုရင် ကိုယ်ဝန်ဆောင်ကာလနဲ့ မွေးဖွားစဉ်ကာလမှာ ရင်သွေးငယ်ဆီ ကူးစက်နိုင်ပါတယ်။ တခြားကတော့ ချွေး၊ တံတွေး၊ သုက်ရည်၊ မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ စီပိုးရှိ၊ မရှိကိုလည်း သွေးစစ်ဆေးတဲ့နည်းနဲ့ သိနိုင်ပါတယ်။

စီပိုးရှိရင် ပထမဆုံး အသည်းကိုထိခိုက်ပြီး အသည်းရောင်တာ စပြီးဖြစ်ပါတယ်။ တချို ့လူတွေမှာ မျက်လုံးဝါမယ်၊ အသားဝါမယ်၊ ဆီးအရောင် အဝါရင့်ရောင်ပြောင်းမယ်၊ ကိုယ်လက်မအီမသာဖြစ်မယ်၊ အစားအသောက်ပျက်မယ်၊ ပျို ့အန်မယ်။ တချို ့မှာတော့ ဘယ်လိုမှ မခံစားရဘဲ အသည်းရောင်ခြင်းအဖြစ်သာ တွေ့ရပါတယ်။ ဒီလိုလူတွေမှာ အသည်းရောင်ပိုးဝင်လာတာ မသိလိုက်ဘဲ အသည်းကို တငွေ့ငွေ့ တဖြည်းဖြည်း ထိခိုက်ပျက်စီးမှု ခံရတော့တာပါပဲ။ ဘီပိုးနဲ့ စီပိုး မတူတဲ့အချက်အရ စီပိုးရှိသူက အချိန်ကြာလာတာနဲ့အမျှ အသည်းထိခိုက် ပျက်စီးလာမှာမို့ ကြိုတင်လက်ဦးမှုယူ ကုသတဲ့စနစ်ကို စဉ်းစားလာကြပါတယ်။ အခုနောက်ပိုင်းမှာ စီပိုးအတွက် ခေတ်မီဆေးဝါးတွေ ပေါ်နေပြီဖြစ်လို့ စီပိုးရှိရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ကုသမှု ခံယူသင့်ပါတယ်။

(အသည်းရောဂါအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးဝင်းနိုင်၏ အသည်းရောဂါအကြောင်း ပြောပြမယ်စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။)

Most Popular

Healthy Life Ad
To Top